မြန်မာနိုင်ငံကို လူထုဆန္ဒနဲ့အညီ လွတ်လပ် မျှတစွာ ရွေးကောက်တင်မြောက်လိုက် တဲ့ ခေါင်းဆောင်တွေက အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုအဖြစ် ရှုမြင်လိုပါကြောင်းနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ မြန်မာနိုင်ငံရဲ့ အတိတ်က အမွေဆိုးတစ်ခုမျှသာဖြစ်ပြီး မျက်မှောက်ကာလ အခြေအနေတွေနဲ့ ကိုက်ညီခြင်း မရှိတော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
ပြည်တွင်း သတင်းမီဒီယာတချို့ကို မနေ့က ပေးပို့တဲ့ အမေရိကန်သံအမတ်ကြီးရဲ့သဘောထားဖေါ်ပြချက်မှာ ၁၉၄၇ ခုနှစ် သို့မဟုတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ဒီလိုအချက်မျိုး ပါရှိခဲ့တယ် ဆိုရင်တောင် လူတစ်ယောက်ကို နိုင်ငံခြားမှာရှိတဲ့ သူ့ရဲ့မိသားစုနဲ့ ဆက်စပ်ပြီး စိုးရိမ်ပူပန်တယ်ဆိုတာ နားလည်နိုင်ပါသေးတယ်။
ဒါပေမယ့် အခုလို ၂၁ ရာစုမှာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေါင်းသင်းပြီး ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံသစ် တစ်ခု ဖြစ်ပေါ်ရေးအတွက် မျှော်မှန်းနေတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လို အဓိကအတိုက်အခံပါတီ တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သလို တိုင်းပြည်ကောင်းစားရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ကျိုး စွန့်ဆောင်ရွက်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ရုံမက ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို ထင်ထင်ရှားရှား ရရှိနေသူတစ်ယောက်ကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်လို့မရအောင် ပြုလုပ်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကိုတော့ မိမိနားမလည်နိုင် ဖြစ်ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အမေရိကန် သံအမတ်ကြီး Derek Mitchell က လွတ်တော်အတွင်း အာဏာရပါတီ ခေါင်းဆောင်ဖြစ်တဲ့ သူရဦးရွှေမန်း ကိုယ်တိုင်ကတောင် ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ ထောက်ခံပြောကြားခဲ့ကြောင်းလည်း သူ့ရဲ့စာမှာဖေါ်ပြထားပါတယ်။
လွတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ရွေးကောက်ပွဲမှာ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်ကြပြီး ပြည်သူလူထုအများစု ရွေးချယ်ခံရသူက တိုင်းပြည်ကိုခေါင်းဆောင်ကာ ရှုံးနိမ့်သူကလည်း သစ္စာရှိရှိနဲ့ တိုင်းပြည်အတွက် အရေးပါတဲ့ အတိုက်အခံအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်ဖို့ လိုလားကြောင်း၊ ရှုံးနိမ့်သူအနေနဲ့ နောက်တစ်ကြိမ် အနိုင်ရအောင် ကြိုးစားခွင့်ရှိကြောင်း စသဖြင့်ပြောဆိုခဲ့တာတွေဟာ အင်မတန် ဒီမိုကရေစီနည်းကျပြီး သိက္ခာရှိလှတဲ့စကားတွေ ဖြစ်တဲ့အတွက် မိမိအနေနဲ့ သူ့ကို ချီးကျူးဂုဏ်ပြုပါကြောင်းနဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ သူရ ဦးရွှေမန်းလို သဘောထားအမြင်မျိုး ဘာကြောင့်မရှိကြသလဲဆိုတာကို မိမိအံသြမိရကြောင်း သူ့ရဲ့စာမှာ ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံတစ်ခုရဲ့ရွေးကောက်ပွဲမှာ မည်သူမည်ဝါ ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံပါစေဆိုတဲ့ သဘောထားမျိုးမရှိပါဘူး၊ လွတ်လပ်မျှတပြီး ပြည်သူလူထုရဲ့ သဘောထားဆန္ဒတွေကို ဖေါ်ထုတ်နိုင်တဲ့ ရွေးကောက်ပွဲတစ်ခု ပေါ်ထွန်းလာတာကိုပဲ မိမိတို့ မြင်တွေ့လိုတာဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ပြောဆိုလိုက်ပါတယ်။