သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ဖိလစ်ပိုင်သမ္မတ အကွီနိုနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးတူကိစ္စတွေ ဆွေးနွေးကြမှာဖြစ်ပြီး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနဲ့ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ရေရှည်တည်တံ့တဲ့စွမ်းအင်ရရှိရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်ရေးစတဲ့ ကဏ္ဍတွေမှာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးကြမယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ပြောပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွေကလည်း စီးပွားရေးအခွင့်အလမ်းတွေ၊ ကုန်သွယ်ဆက်ဆံမှုတွေ တိုးချဲ့ရေးအတွက် နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးကြမှာဖြစ်သလို၊ ဖိလစ်ပိုင် မုန်တိုင်းဘေးဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံရဲ့ အလှူဒါနဆိုင်ရာ မှတ်တမ်းတွေကိုလည်း ဖလှယ်ကြမှာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ သုံးရက်ကြာခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာ ဆန်စပါးသုတေသနဌာနကို သွားရောက်ကြည့်ရှုလေ့လာမှာဖြစ်ပါတယ်။ အဲဒီနောက် ဟိုင်ယန် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတချို့ကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ်က စတင်ခဲ့တာကြောင့် လာမယ့် ၂၀၁၆ ခုနှစ်မှာ နှစ်နိုင်ငံဆက်ဆံရေး နှစ် ၆၀ ပြည့်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက်၊ အခုခရီးစဉ်ဟာ ဦးသိန်းစိန် အရပ်သားအစိုးရသမ္မတအဖြစ် ဖိလစ်ပိုင်ကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ အကွီနိုကတော့ ဒီနှစ် ဇွန်လက မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ လာမယ့်နှစ် အာဆီယံ ဥက္ကဌအဖြစ်တာဝန်ယူတော့မယ့် မြန်မာနိုင်ငံအတွက် အကူအညီရယူရေး ခရီးစဉ်လည်းဖြစ်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒါ့ပြင် တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ဖိလစ်ပိုင် အပါအဝင် နိုင်ငံတချို့ကြား ရေပိုင်နက် အငြင်းပွားနေကြတာကြောင့် အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် မြန်မာနိုင်ငံအနေနဲ့ ဒီကိစ္စမှာ တရုတ်ပြည်ရဲ့ ဖိအားပေးတာခံရမလားဆိုတာ အများက စောင့်ကြည့်နေကြပါတယ်။