စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေအနေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ မကြာခင်မှာ ငွေချေးပေးဖို့စီစဉ်နေတယ်လို့ သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
သမဝါယမဝန်ကြီး ဦးကျော်ဆန်းဟာ အထည်ချုပ်လုပ်ငန်းပိုင်ရှင်တွေအပြင် အလုပ်သမားတွေနဲ့ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် (၁) ကနောင်ခန်းမမှာ ဒီကနေ့တွေ့ဆုံစဉ် အလုပ်သမားတွေ လိုအပ်နေတဲ့ အရင်းအနှီးမရှိခြင်း အခက်အခဲပြေလည်စေဖို့ အသေးစားချေးငွေတွေကို ထုတ်ချေးသွားမယ်လို့ ပြောခဲ့တာပါ။
"စက်ရုံအလုပ်ရုံအသီးသီးက အလုပ်သမားပြည်သူများ လူမှုစီးပွားဘဝ သူတို့ရဲ့လုပ်ငန်းအတွက် လိုအပ်တဲ့အရင်းအနှီး အခက်အခဲတွေကို ပြေလည်အောင် ကူညီပေးနိုင်ဖို့အတွက် အသေးစားငွေချေးလုပ်ငန်းဆောင်ရွက်ဖို့ လုပ်ငန်းစဉ် ၁ ဖြစ်ပါတယ်၊ လုပ်ငန်းစဉ် ၂ ကတော့ အဲ့ဒီမိုက်ခရိုဖိုင်းနက်လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့ငွေကြေးကိုရရှိအောင် မိုင်ခရိုဖိုင်းနက်ဘဏ်ထူထောင်ပြီးဆောင်ရွက်ဖို့ တိုင်းပြည်စီပွားရေးရဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ထားပါတယ်၊ ဒါဟာနိုင်ငံတကာရဲ့စံဖြစ်ပါတယ်"
ဒီအစီအစဉ်ကို အလုပ်သမား ၅ ဦး ပါဝင်တဲ့ အစုအဖွဲ့စုဖွဲ့ပြီး ဝိုင်းကြီးချုပ်စနစ်ပုံစံမျိုး စီစဉ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဝိုင်းကြီးချုပ်စနစ်ဆိုတာ ငွေချေးသူတွေထဲကတစ်ဦးဦးက ချေးယူထားတဲ့ငွေကို ပြန်မဆက်နိုင်ရင် အစုအဖွဲ့ထဲမှာပါတဲ့ ကျန်တဲ့သူတွေက ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ ဦးကျော်ဆန်းက ရှင်းပြခဲ့ပါတယ်။
အလုပ်သမားတွေအတွက် အခုလိုချေးငွေထုတ်ပေးဖို့ ပြင်ဆင်နေတာထက် အမှန်တကယ်လိုအပ်တဲ့လုပ်ခလစာ ပြည့်ပြည့်ဝဝရရှိဖို့သာ အရေးကြီးတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမာမာဦးက အခုလို ဝေဖန်ပြောကြားပါတယ်။
"ငွေချေးလုပ်ငန်းဆိုတာက သူတို့အနေနဲ့ကတော့ အလုပ်သမားတွေ သက်သာချောင်ချိရေးအတွက် လုပ်တယ်လို့ဆိုပေမယ့် စေတနာမှန်ပေမယ့် လုပ်နည်းကမှားနေတယ်လို့ထင်တယ်၊ အလုပ်သမား အဓိကလိုအပ်တာ လုပ်ခလစာ ပြည့်ပြည့်ဝဝရရှိဖို့ရာ လိုအပ်တာ၊ အကြွေးပြန်ဆပ်ဖို့ရာအတွက်က ပိုပြီးတော့အလုပ်သမားတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်"
လက်ရှိမှာတော့ အခုလို ချေးငွေထုတ်ချေးရာမှာ မတည်ငွေ ဘယ်လောက်ထုတ်ချေးမယ်၊ ဘယ်လိုအချက်တွေ လိုက်နာဆောင်ရွက်ရမယ်ဆိုတာမျိုးတော့ အသေးစိတ်စီစဉ်တာ မရှိသေးပါဘူး။
ဒီအစီအစဉ် အကောင်အထည်ဖော်နိုင်ဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား နောက်တကြိမ်တွေ့ဆုံပြီး ဆွေးနွေးမယ်လို့လည်း ဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။