စာရေးဆရာ ဦးကျော်ဝင်း ဖယ်ဒရယ်စာတမ်းသစ် လွှတ်တော်မှာ တင်ပြ

မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ် ထူထောင်ဖို့ဆိုရင် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ တို့ လုပ်ပိုင်ခွင့်တွေကို အချိုးညီအသုံးချဖို့လိုကြောင်း အဓိကရေးသားထားတဲ့ စာတမ်းတစ်စောင် ကို နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်းက ဒီနေ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက နေပြည်တော် လွှတ်တော်ဝင်းထဲမှာရှိတဲ့ သဘင်ဆောင်မှာ ဖယ်ဒရယ်စနစ် အကြောင်းတွေကို ပညာရှင်တွေက စာတမ်းဖတ်ကြားခဲ့ရာမှာ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့လည်း တက်ရောက်နားထောင်ခဲ့ကြပါတယ်။

ဖယ်ဒရယ်စနစ် ထူထောင်နိုင်ဖို့အတွက် လွတ်လပ်ရေးရပြီးစအချိန်တုန်းက နိုင်ငံရေးအခြေအနေတွေကို သင်ခန်းစာယူဖို့ လိုအပ်တယ်လို့ ဒီနေ့တက်ရောက်နားထောင်ခဲ့တဲ့ ကွန်ဟိန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက RFA ကိုပြောပါတယ်။

"ဟိုးအရင် ၁၉၄၇ တုန်းကလည်း ဒီကရှမ်းမူ ဖယ်ဒရယ်မူ တက်လာတယ်၊ ဖယ်ဒရယ်မူတက်လာတဲ့အချိန်မှာ တခါအာဏာသိမ်းခဲ့တယ်၊ နောက်ထပ်တခါလည်း ဒီဖွဲ့စည်းပုံပြင်ဖို့ဆိုပြီး ၈၈ မှာ အာဏာဖျက်သိမ်းခဲ့တယ်ပေါ့၊ အဲလို သမိုင်းတစ်ကျောြ့ပန်မဖြစ်ဖို့ အရေးကြီးတယ်"

ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ်ကို အစိုးရနဲ့ လွှတ်တော်အကြီးအကဲတွေက ဖော်ဆောင်ပေးဖို့အတွက် လိုလားနေကြတယ်လို့လည်း ဆရာဦးကျော်ဝင်းက မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။