ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်က နဂါးညီနောင် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအားလုံးကို တစ်နေ့လုပ်ခ ကျပ် ၃၆၀၀ နှုန်းနဲ့ ဒီလကုန်ကစပြီး တပြေးညီသတ်မှတ်ပေးတော့မှာဖြစ်တာကြောင့် အရင်က လုပ်ငန်းအတွေ့အကြုံရှိ လစာကောင်းတဲ့ အလုပ်သမားတွေ အခက်တွေ့နေရပြီး အလုပ်သမား ၂၀၀ ကျော် ဆန္ဒပြနေကြပါတယ်။ အစိုးရက သတ်မှတ်ပေးတဲ့ ကျပ် ၃၆၀၀ နဲ့ တစ်ပြေးညီပေးမယ်ဆိုတာကြောင့် အရင်ရနေတဲ့ လစာထက်နည်းသွားတယ်လို့ စက်ရုံထဲမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြနေတဲ့ အလုပ်သမ မအေးချမ်းစိုးက ပြောပါတယ်။
"အခုလက်ရှိမှာ ကျမတို့လည်း ညှိနှိုင်းဆဲပဲရှိပါသေးတယ်၊ ၃၆ဝဝ သူကပေးမယ်၊ တစ်လကို တစ်သိန်း ရှစ်ထောင်ရမယ်၊ ကျမတို့ ရနေတဲ့လစာကို သူတို့တွေက အကုန်လုံးထုတ်ပစ်ပြီးတေ့ာမှ အစိုးရက ၃၆ဝဝ ပေးတာကို ကျမတို့က မကျေနပ်ဘူး၊ ၃၆ဝဝ ဆို ကျမတို့ နိမ့်ဆင်းသွားတယ်ပေ့ါနော်၊ အဲဒါကြောင့် ကျမတို့ဆန္ဒပြတာ"
အရင်က အနည်းဆုံး တစ်လကို ကျပ် တစ်သိန်းဝန်းကျင်ကနေ လုပ်သက်အလိုက် အများဆုံး တစ်သိန်းခွဲကျော်အထိ ရရှိကြတယ်လို့ သိရပါတယ်။ ဒီလကုန်ကစပြီး လုပ်ငန်းအတွေ့အကြုံရှိသူတွေ၊ လုပ်သက်များသူတွေ အားလုံးဟာ တစ်နေ့ ကျပ် ၃၆၀၀ နှုန်းနဲ့ တစ်လကို ကျပ် တစ်သိန်း ရှစ်ထောင်သာ ရရှိတော့မှာ ဖြစ်ပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၂၀၀ ကျော်လောက်ရှိပြီး အလုပ်သမားအားလုံးနီးပါးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ရက်နေ့ကစပြီး အလုပ်မလုပ်ဘဲ ဆန္ဒပြကြနေတာပါ။ အဲဒီလိုအလုပ်မလုပ်ဘဲ ဆန္ဒပြနေကြတဲ့အတွက် ၃ရက်စာကို လုပ်ခဖြတ်တောက်မှာဖြစ်ကြောင်း အလုပ်ရှင်ဘက်က အသိပေးထားတယ်လို့ သိရပါတယ်။ နဂါးညီနောင်စက်ရုံမှာ လုပ်သက်လပိုင်းလောက်သာရှိတဲ့ အလုပ်သမားတွေရှိသလို ၁၅ နှစ်လောက်အထိ လုပ်ကိုင်ခဲ့ကြသူတွေလည်း ရှိပါတယ်။
ဒီအတောအတွင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ North Shore အထည်ချုပ်စက်ရုံက အလုပ်သမား၂၀၀ကျော်ကို စက်ရုံက အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။ အကြောင်းပြချက်မပေးဘဲ အလုပ်ကနေ ထုတ်လိုက်တဲ့အတွက် မကျေနပ်လို့ အလုပ်သမားညှိနှိုင်းရေးရုံးမှာ တိုင်ကြားတာလို့ North Shore အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုသူရ က ပြောပါတယ်။
"သူတို့ဘက်ကတော့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ချမပြသေးဘူး၊ အလုပ်မှရပ်စဲလိုက်တယ်ပေါ့နော်၊ ကျနော်တို့ထင်တာတော့ အလုပ်သမားအဖွဲ့ဝင်တွေအားလုံးကို ရွေးပြီးလျော့တယ်၊ နောက်စက်ရုံနဲ့ အဆင်မပြေတဲ့သူတွေ တကယ်ဘာပဲလုပ်လုပ် ညီညီညာညာနဲ့ လုပ်တဲ့လူတွေကို ရွေးပြီးလျော့တဲ့အတွက် ကလေးတွေအားလုံးက မကျေနပ်ဘူး"
စက်ရုံမန်နေဂျာက အလုပ်သမားတွေဟာ အရည်အချင်းမပြည့်မီတဲ့အတွက် အလုပ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး အလုပ်ထုတ်နစ်နာကြေးအဖြစ် လုပ်ခတစ်လစာပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အလုပ်သမားတွေက လက်မခံဘဲ အလုပ်ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ North Shore အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ ထိုင်ဝမ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အားကစားဝတ်စုံတွေ ချုပ်လုပ်ပြီး ဥရောပနိုင်ငံတွေကို တင်ပို့တာဖြစ်တယ်လို့ သိရပါတယ်။
အနိမ့်ဆုံး တစ်ရက်လုပ်အားခကို ကျပ် ၃,၆၀၀ အဖြစ် အတည်ပြုသတ်မှတ်ပြီးနောက် အလုပ်သမားအများအပြား အလုပ်ထုတ်ခံခဲ့ရမှုအပါအဝင် ပေါ်ပေါက်လာတဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မခက်မာက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။