ဇေကမ္ဘာဦးခင်ရွှေက အမေရိကန်ဒေါ်လာ ၁၀ သန်းလောက်တန်ဖိုးရှိမယ့် ပုဂ္ဂလိကပိုင် ရှေးဟောင်းပြတိုက်ကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ ဖွင့်လှစ်သွားမယ်လို့ ပြောပါတယ်။
နေပြည်တော်က အမျိုးသားစာကြည့်တိုက်မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံတော်သီချင်းဓာတ်ပြား လှူဒါန်းပွဲအခမ်းအနား မှာ တက်ရောက်ခဲ့တဲ့ ဦးခင်ရွှေက သူ့ပြတိုက်အကြောင်း အခုလို ပြောပါတယ်။
"အန်ကယ်တို့ ရထားတာကတော့ လူသာမျိုးနွယ်ရဲ့ အောက်မေးရိုးတစ်ခုရထားတယ်၊ အဲ့ဒါကို နိုင်ငံတကာ ကနေပြီးတော့ လာပြီးတော့ စစ်တမ်းလုပ်တဲ့အချိန်မှာ အဲ့ဒါကိုဘာပြောသလဲဆိုတော့ လူသားအစ မြန်မာကလို့ အဲ့လောက်တောင်ပြောသွားတယ်၊ အဲ့ဒါကိုလည်း ကာဗွန်တက်စ်လုပ်ပြီးပြီ"
နှစ်ပေါင်း ၄၃ သန်းလောက် သက်တမ်းရှိတဲ့ လူသာမျိုးနွယ်ရဲ့ အောက်မေးရိုးနဲ့ အရှည် ၈ ပေကျော်ရှိတဲ့ လိပ်ကျောက်ဖြစ်ရုပ်ကြွင်းပါဝင်တဲ့ ရှေးဟောင်းပြတိုက်တစ်ခုကို ဇေကမ္ဘာလုပ်ငန်းစုပိုင်ရှင် ဦးခင်ရွှေက မင်္ဂလာဒုံမြို့နယ်မှာ ဖွင့်လှစ်မယ်လို့ ပြောပါတယ်။
ဒိုင်နိုဆောအမွှေးတွေ၊ ရှားပါးပရင်းကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ဆရာချုံ၊ ဆရာခ စတဲ့ပန်းချီကျော်များရဲ့ ပန်းချီကားတွေ၊ လိပ်၊ ဝေလငါး၊ ခရုစတဲ့ ကျောက်ဖြစ်ရုပ်ကြွှင်းတွေပါဝင်မယ်လို့ ဦးခင်ရွှေက ပြောပါတယ်။
ဒါ့အပြင် သံခေတ်၊ ကြေးခေတ်၊ ပျူခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ဟန်လင်းခေတ်စတဲ့ ခေတ်တွေက အရိုးအိုးတွေ ကိုလည်း စုဆောင်းထားရှိတယ်လို့လည်းဆိုပါတယ်။
ပြတိုက်ဒီဇိုင်းကို ပြင်သစ်ပညာရှင်ကရေးဆွဲတဲ့ အဲဒီပြတိုက်ကို ဝင်ကြေးကောက်ခံမှာဖြစ်ပြီး ကျောင်းသားတွေကို အခမဲ့ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။ ကောက်ခံမယ့် ဝင်ကြေးပမာဏကိုတော့ မပြောကြားခဲ့ပါဘူး။
၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအရ ရှေးဟောင်း အမွေအနှစ်ပစ္စည်းတွေကို အစိုးရသာမက နိုင်ငံသား၊ တိုင်းရင်းသားနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေကပါ ထိန်းသိမ်း ခွင့်ပြုထားတာပါ။
အဲဒီပြတိုက်ကို စတုရန်းပေ တစ်သိန်းခွဲရှိတဲ့မြေပေါ်မှာ ဆောက်လုပ်နေတာဖြစ်ပြီး ဇေကမ္ဘာရှေးဟောင်းပြ တိုက်ဟာ အာရှမှာအကြီးဆုံးပြတိုက်တစ်ခုဖြစ်ဖို့မျှော်မှန်းထားတယ်လို့လည်း ဦးခင်ရွှေက ပြောပါတယ်။