မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးသူရာခိုင်နှုန်းဟာ တစ်ကြိမ်ထက်တစ်ကြိမ် သိသိသာသာ ကျဆင်းခဲ့ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ချိန်ကထက် မဲပေးသူအရေအတွက် ထပ်မံကျဆင်းလာနိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးပါတီတွေက တွက်ဆကြပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အချိန် နီးကပ်လာပေမယ့် မပြီးပြတ်သေးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကြားမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ပါဝင်စားမှု အားနည်းနေတာ တွေ့ရပါတယ်။
တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကလည်း ဒီနှစ်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း ကျဆင်းလာနိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ နိုင်ငံရေးပါတီတွေက တွက်ဆနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့ပွားမှု အခြေအနေအရ လူထုဟာ ၂၀၂၀ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ပိုနည်းသွားနိုင်လို့ လူအများအပြား မဲလာပေးမှုကို မျှော်လင့်လို့မရဘူးလို့ ပြည်သူ့ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျာ က ပြောပါတယ်။
“မဲပေးတဲ့ ရာခိုင်နှုန်းကျတဲ့အပေါ်မှာ ကိုဗစ်ရဲ့ နောက်ဆက်တွဲအရက တိုးလာဖို့ နေနေသာသာ၊ တိုးလာအောင် လှုံ့ဆော်ဖို့ စည်းရုံးဖို့ အခွင့်အလမ်းတွေ ပိုနည်းနေတယ်။ တကယ်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင်မှ မဲပေးတဲ့သူကို အများကြီးမျှော်လင့်လို့ မရဘူး။ မဲပေးမှု ရာခိုင်နှုန်းတွေ ကျသထက်ကျလာပြီဆိုရင် ပါတီစုံ ဒီမိုကရေစီအတွက်လည်း သတိပေးခေါင်းလောင်းအသံလို့ သဘောထားရမှာဖြစ်သလို နိုင်ငံရေးပါတီ အသီးသီးကလည်း ဒီအပေါ်မှာ အလေးနက်ထား စဉ်းစားဖို့လိုတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၂၉ သန်းကျော်အနက် မဲလာပေးသူ ၂၂ သန်းကျော်ရှိခဲ့တာကြောင့် မဲပေးတဲ့ရာခိုင်နှုန်းဟာ ၇၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်အနက် မဲလာပေးသူဟာ ၂၄ သန်းနီးပါးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ရာခိုင်နှုန်း အထိလျော့ကျသွားခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၆၈ ရာခိုင်နှုန်းက မဲပေးခဲ့ပြီး ၂၀၁၇ ကြားဖြတ်မှာတော့ ၃၇ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ကြားဖြတ်မှာ ၄၃ ရာခိုင်နှုန်းသာ မဲပေးခဲ့ပါတယ်။
နိုင်ငံပြင်ပကိုသွားရောက် အလုပ်လုပ်ကိုင်သူတွေများတာကြောင့်လည်း မဲပေးမှုရာခိုင်နှုန်းနည်းရတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် ကပြောပါတယ်။
“ဘာကြောင့်ဘယ်လိုနည်းသွားရတယ်ဆိုတာကတော့ စဉ်းစားရမှာဖြစ်တယ်။ ၂၀၁၅ နည်းရခြင်း အကြောင်းမှာ နိုင်ငံပြင်ပမှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်တဲ့သူတွေက ပိုများလာတယ်။ ထိုင်းနိုင်ငံကိုပဲ နမူနာကြည့်လိုက်လို့ရှိရင် တော်တော်များတယ်။ သူတို့ပါဆန္ဒမဲပေးလို့ရအောင်ဆိုပြီးတော့ အခုတော့ သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနရယ်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာနရယ် ဒါတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ”
ဧပြီလ ၃၀ ရက်နေ့က UEC ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် နိုင်ငံပိုင်မြန်မာ့အသံသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။
ထိုင်းနိုင်ငံက မဲဆောက်၊ မယ်ဆိုင်၊ ရနောင်းမြို့တွေမှာ မြန်မာလုပ်သား ၇ သောင်းဝန်းကျင်ခန့်ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့တွေထဲက ရာဂဏန်းလောက်ပဲ မဲပေးခဲ့တယ်လို့ သူက ပြောပါတယ်။
တကယ်တမ်း မဲဆန္ဒရှင်အများအပြားရှိတဲ့ ပြည်တွင်းမှာ လူထုက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမြင့်လာပြီး မဲပေးချင်လာအောင် လှုံဆော်မှုတွေလုပ်ရမှာကို ပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက သိပေမယ့် လက်ရှိမှာ ကျန်းမာရေးအခြေအနေအရ လူစုလူဝေး လုပ်ဖို့မဖြစ်နိုင်တာကြောင့် အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအရေးပါမှုကို လူထုနားလည်အောင် အွန်လိုင်းကတဆင့် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် ကပြောပါတယ်။
“ကျွန်တော်တို့ ၂၀၁၅ တုန်းကဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အသိပညာပေး သင်တန်းတွေကို တိုင်းလုံးကျွတ်နီးပါး ဒီမေလလောက်မှာ တည်းက ကျွန်တော်တို့ လုပ်နေပြီ။ ၂၀၂၀ မှာကြတော့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရတဲ့ အနေအထား။ ကျွန်တော်တို့ အပါအဝင် ဘယ်သူမှ လုပ်နိုင်ကြတာမရှိဘူး။ အခုလောလောဆယ်လုပ်နိုင်တာက ကျွန်တော်တို့ အွန်လိုင်းပေါ်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လှုံဆော်ရေးတွေ အခုလုပ်နေကြတာတွေလည်းရှိပါတယ်။ ဒီထက်ပိုပြီးတော့ လုပ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။”
ဒီမိုကရေစီစနစ်မှာ နိုင်ငံအပြောင်းအလဲအတွက် ပြည်သူတွေ အဓိက ဆုံးဖြတ်နိုင်ချိန်ဟာ ဆန္ဒမဲ ပေးချိန်ပါ။
ရွေးကောက်ပွဲရလဒ်အရ အောင်နိုင်သွားတဲ့ ပါတီရဲ့ ဦးဆောင်မှုနဲ့ လူထုဟာ ငါးနှစ်ကြာ နိုင်ငံရေးခရီးကို ဖြတ်သန်းရမှာပါ။ မဲတစ်မဲကြောင့် ရွေးကောက်ပွဲအောင်နိုင်မှုရလဒ် အပြောင်းအလဲဖြစ်နိုင်တာမို့ မဲတစ်မဲစီတိုင်းက အရေးကြီးပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင်လည်း လူထုဟာ ရွေးကောက်ပွဲက သူတို့ဘဝတွေကို ပြောင်းလဲနိုင်မယ်လို့ မယုံကြည်တော့တာကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတော့တာ တွေ့ရတယ်လို့ ကျောက်ဖြူ ဒေသခံ ဦးထွန်းကြည် ကပြောပါတယ်။
“ဒေသမှာ တိုးတက်မှုဆိုတာ သိပ်ထင်ထင်ရှားရှားကြီး မတွေ့ရဘူး။ ဘယ်နေ့ ကိုယ့်အိမ်ကို ဗုံးလာကြဲမလဲ ဆိုတာကို ရင်ဆိုင်နေရတဲ့ အခြေအနေမှာရှိတယ်။ ရွေးကောက်ပွဲနိုင်တဲ့ အစိုးရကလည်း ဒီနေ့အချိန်အထိ ပြည်သူ့ဘက်က ရပ်တည်တဲ့ဟာမျိုး ဘာတစ်ခုမှ မရှိဘူး။ ရခိုင်ပြည်သူလူထုကတော့ ရွေးကောက်ပွဲအပေါ်မှာ အယုံအကြည်မရှိဘူး။ ရွေးကောက်ပွဲက သူတို့ဘဝကို ပြောင်းလဲနိုင်ဖို့ အားနည်းတယ်လို့ သူတို့အနေနဲ့ မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲရဲ့ ၅၀ ရာခိုင်နှုန်းလောက်ပဲ မဲထည့်မယ်လို့ ကျွန်တော်ထင်တယ်။”
ရွေးကောက်ပွဲကာလမတိုင်ခင် လူထုတွေ ရွေးကောက်ပွဲကို ပြန်စိတ်ဝင်စားလာအောင် တိုက်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ဖို့နဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ လိုမယ်လို့ သူကပြောပါတယ်။
မြို့ပြမှာတော့ စားဝတ်နေရေး ပြေလည်မှ လူထုက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားကောင်းလာနိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၂ သန်းကျော်သာရှိခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံလူဦးရေက ၅၄ သန်းခွဲရှိလာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကာလထက် လူဦးရေ ၂ သန်းဝန်းကျင် ပိုများလာပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်မှာ မဲဆန္ဒရှင်ပေါင်း ၃၇ သန်း ဝန်းကျင်ရှိနိုင်တယ်လို့ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပြီး ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့ လာမယ့်နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။