သဘာဝပတ်ဝန်းကျင်အရေး အစိုးရ ကတိပေးလာတဲ့ ၂၀၂၀ ပြည့်နှစ်

ဇာဏီထွဏ်း
2021.01.02
UNESCO အသိအမှတ်ပြု အာဆီယံအမွေအနှစ်စာရင်းဝင်၊ အရှေ့တောင်အာရှမှာ တတိယအကြီးဆုံး ရေတိမ်ကန်လို့ သတ်မှတ်ခံထားရတဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က အင်းတော်ကြီးရေအိုင်ဟာ ဒီနှစ် ၂၀၂၀ မှာ ရေလျော့နည်းခဲ့ပါတယ်။
 
အကြောင်းရင်းကတော့ ဒီနှစ်မှာ မိုးနည်းခဲ့တဲ့အပြင် ကန်ထဲကိုစီးဝင်တဲ့ ချောင်းတွေမှာ ဗေဒါတွေ ပိတ်ဆို့နေတာ၊ ကန်ဝန်းကျင်မှာ တရားမဝင် ရွှေတူးဖော်တာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ကြောင့်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
 
တရားမဝင် ရွှေတူးဖော်မှုတွေကို ဖမ်းဆီးပေမယ့် ခိုးတူးသူတွေကို မဖမ်းမိဘဲ ပစ္စည်းတွေကိုသာ ဖမ်းမိတာ၊ လှည့်ကင်း မရှိတဲ့အချိန်တွေမှာ ခိုးတူးကြတာတွေကို ရင်ဆိုင်နေရတုန်းပါပဲ။ အင်းတော်ကြီးကန်ကို ထိန်းသိမ်းဖို့ ဘက်ပေါင်းစုံက ပူးပေါင်းပါဝင်မှု အားနည်းနေတာကြောင့် ဝန်ကြီး ဦးဒါရှီလဆိုင်းက အခက်အခဲဖြစ်နေပါတယ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေခါကျေးရွာမှာလည်း ဒီနှစ် ဇူလိုင် ၂ ရက်နေ့မှာ မြေပြိုတာကြောင့် ရေမဆေးကျောက်ရှာသူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။
 
ဗဟိုအစိုးရက ခွင့်ပြုခဲ့တဲ့ အဲဒီကျောက်စိမ်းတူးဖော်ရေး စီမံကိန်းအကြီးစားတွေမှာ ဒီလို ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင်  စွန့်ပစ်မြေစာတွေ သတ်မှတ်အမြင့်တိုင်းရှိရေးအတွက် ကော်မတီဖွဲ့ပြီး စစ်ဆေးနေ တယ်လို့ ပြည်နယ်အစိုးရကနေ သိရပါတယ်။ ဒါပေမဲ့လည်း စက်ယန္တရားကြီးတွေနဲ့ တူးဖော်ပြီး မြေစာပုံတွေ ပြည့်နှက်နေသလို၊ ပြင်းအားများတဲ့မိုင်းခွဲတူးဖော်မှုကြောင့် မြေတုန်ခါတဲ့အတွက် နောက်ထပ်လည်း ဒီလိုမြေပြိုမှုတွေက ရှိနေနိုင်သေးတာကြောင့် ဆက်တိုက် သတိပေးနေရတယ်လို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
 
ကျောက်စိမ်းတူးဖော်ရေးမှာ စည်းကမ်းလိုက်နာမှုအားနည်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ လက်ရှိကုမ္ပဏီတွေကို မလုပ်စေချင်တော့ဘဲ ပိုပြီးစနစ်ကျကျ လုပ်ကိုင်နိုင်တဲ့ ကုမ္ပဏီမျိုးကိုသာ အစိုးရက လုပ်ခွင့်ချပေးဖို့ ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက မျှော်လင့်နေပါတယ်။
 
လေထုညစ်ညမ်းမှုဟာလည်း ၂၀၂၀ ပြည့်နှစ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရန်ကုန် တိုင်းဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးအဆင့် ၂၁ ထဲမှာ ပါဝင်နေတယ်လို့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် IQ Air ဝဘ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။
 
လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ နာတာရှည်လေပြွန်ရောင်တာ၊ နမိုးနီး ယားအဆုတ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျန်းမာရေး၊ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးတာ၊ မျက်စိနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေး ထားပါတယ်။
 
အသက်ရှူလမ်းကြောင်းကို ထိခိုက်ပျက်စီးစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများနေတဲ့ အချိန်ဖြစ်တာကြောင့် ပိုဂရုစိုက်ရမယ့်အခြေအနေရှိတယ်လို့ လေထုညစ်ညမ်းမှုလျော့ကျစေဖို့ လူမှုကွန်ရက်ကနေ အသိပညာပေးနေတဲ့ Nature Advocacy အဖွဲ့တည်ထောင်သူ ကိုငြိမ်းဇော်ကိုက ပြောပါတယ်။
 
၂၀၂၀ ဟာ ကမ္ဘာ့အပူဆုံးနှစ် တစ်နှစ်ဖြစ်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထားတာပါ။ မြန်မာနိုင်ငံဟာလည်း အပူဒဏ်ကို အလူးအလဲ ခံစားခဲ့ရတဲ့နှစ်ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည်နှစ်ထဲမှာ အပူချိန် စံချိန်တင်တဲ့ တိုင်းနဲ့ပြည်နယ်အနှံ့က မြို့ပေါင်း ၅၀ လောက်ရှိပါတယ်။ အဲဒီအထဲမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကနေ ၄၄ ဒီဂရီ စင်တီဂရိတ်ကျော်အထိ ဖြစ်သွားတဲ့ မြို့နယ်တွေကတော့ ပဲခူးတိုင်း တောင်ငူမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ မန္တလေးတိုင်း တံတားဦးနဲ့ မိတ္ထီလာမြို့၊ မကွေးတိုင်း ချောက် မြို့၊ ကယားပြည်နယ် ဘော်လခဲမြို့တို့ပါ။
 
လူတစ်ယောက်ရဲ့ ပုံမှန်ခံနိုင်ရည်အပူချိန်က ၃၇ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ပါ။ ဒီ ၂၀၂၀ ပြည့်နှစ်ထဲမှာ အပူချိန်မြင့်ကြောင့် လေဖြန်း၊ လေဖြတ် ခံစားရတဲ့လူနာတွေကို ကုသပေးခဲ့ရတယ်လို့ ထက်အာရှ အထူးကုဆေးခန်းက ဒေါက်တာထက်ဝင်းက ပြောပါတယ်။
 
အပူဆုံးနှစ်ဖြစ်ခဲ့တဲ့ ၂၀၂၀ မှာ မိုးရွာတာလည်း နည်းခဲ့ပါတယ်။ မိုးတွင်းကာလမှာ လုံလောက်တဲ့ မိုး မရတာကြောင့် မကွေးတိုင်း၊ ရေနံချောင်း၊ ချောက်တို့လို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ နှမ်းခင်းနဲ့ ပဲခင်းအပါဝင် စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
 
သီးနှံပျက်စီးမှုတွေထဲမှာ ရေကြီးနစ်မြုပ်တာ၊ မိုးလွန်မိုးခေါင်တာ၊ ပိုးမွှားကျတာနဲ့ အခြား အကြောင်းများကြောင့် ပျက်စီးတာတွေ ရှိပါတယ်။ စိုက်ပျိုးရာသီစတဲ့ ၂၀၂၀ ဇူလိုင် ၁ ရက်ကနေ နိုဝင်ဘာ ၃၀ အထိ အဲဒီအကြောင်းရင်းတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ သီးနှံဧကပေါင်း ၆ သိန်း ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။
 
အဲဒီအထဲမှာ စပါးက အများဆုံး ထိခိုက်ပျက်စီးပြီး ဧက နှစ်သိန်း ခြောက်သောင်းကျော်၊ ပြောင်းဖူး ဧက လေးသောင်း ခြောက်ထောင်ကျော်၊ မြေပဲ၊ နှမ်း နေကြာစတဲ့ ဆီထွက်သီးနှံဧက နှစ်သိန်းခွဲကျော်၊ ပဲမျိုးစုံ ဧက သုံးသောင်း ၆ခြောက်ထောင်ကျော် ရှိပါတယ်။
 
ထိခိုက်ခံစားခဲ့ရတဲ့ တောင်သူတွေအတွက် ဝန်ကြီးဌာနကနေ ငွေကျပ် ၂၃ ဘီလီယံ အပါအဝင် နည်း ပညာတွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါ တယ်။
 
ဒီနှစ်မှာ မုတ်သုံလေ အဝင်နောက်ကျသလို အထွက်စောတာကြောင့် မြန်မာနိုင်ငံ တိုင်းနဲ့ဒေသကြီး တော်တော်များများမှာ မိုးရတာ နည်းခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
 
ရာသီဥတုပြောင်းလဲမှုတွေ၊ သဘာ၀ ဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ၂၀၂၀ မှာ အပြောင်းအလဲတစ်ခု ရှိလာတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဘာဝ ဘေးအန္တရာယ်တွေ ရာသီဥတုပြောင်းလဲမှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနဲ့ လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်(NDC) ကို ဒီနှစ်မကုန်ခင် တင်သွင်းသွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ အွန်လိုင်းစနစ်နဲ့ကျင်းပတဲ့ Climate Ambition Summit ထိပ်သီးအစည်းအဝေးမှာ ကတိပေးခဲ့တာပါပဲ။
 
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍဟာ အစိုးရအဖွဲ့ရဲ့ အလေးပေးမှု သိပ်မခံခဲ့ရတာဖြစ်ပေမယ့် အခုလို နိုင်ငံ့အကြီးအကဲကိုယ်တိုင် ကတိပေးလိုက်တဲ့အတွက် နောင်အကောင်အထည်ဖော်တဲ့အခါ လုပ်ငန်းတွေလုပ်ဖို့ အခွင့်အလမ်းတွေ ပွင့်သွားမှာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။
 
အဲဒီ ထိပ်သီးအစည်းအဝေးဟာ ပါရီသဘောတူညီချက် ငါးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ ကုလသမဂ္ဂက ဗြိတိန်၊ ပြင်သစ်၊ ချီလီ၊ အီတလီနိုင်ငံတွေနဲ့ ပူးပေါင်း ကျင်းပတာပါ။
 
ဒေါ်အောင်ဆန်းကြည်ရဲ့ မိန့်ခွန်းထဲမှာပါတဲ့ NDC လုပ်ငန်းအစီစဉ်အရဆိုရင် ပြန်ပြည့်မြဲစွမ်းအင် ပါဝင်မှုအချိုး ၃၉ ရာခိုင်နှုန်းကို မြှင့်တင်တာ၊ သစ်တောကဏ္ဍကနေ ကာဗွန် အသားတင် ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၂၄၃ သန်း လျှော့ချမှာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချတဲ့အခါမှာလည်း စွမ်းအင်ကဏ္ဍကနေ တန်ချိန်ပေါင်း ၁၀၅ သန်းကျော်၊ သစ်တော ကဏ္ဍကနေ တန်ချိန်ပေါင်း ၁၂၃ သန်း ကျော် လျှော့ချမှာပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်း စီမံချက်ကိုလည်း ၂၀၂၄ အတွင်း အပြီးရေးဆွဲမှာ ဖြစ်ပါတယ်။
 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရပ်က   ကပ်ရောဂါ အကြီးအကျယ် မွှေနှောက်နေတဲ့ ကာလမှာ  ကမ္ဘာ့အပူချိန်ကလည်း မြင့်မားနေတဲ့ကြောင်း၊ သဘာဝတရား ဆုတ်ယုတ်လာလို့ တစ်ကမ္ဘာလုံးရဲ့ ပန်းတိုင်ကို နောက်ပြန်ဆွဲနေတဲ့အကြောင်း၊ ကာဗွန်ထုတ်လုပ်မှုတွေ လျှော့ချဖို့ ၊ ဓာတုပစ္စည်းတွေ စီမံခန့်ခွဲဖို့ လိုအပ်နေပြီး၊ သဘာဝတရားနဲ့ ငြိမ်းချမ်းရေးယူဖို့က ၂၁ ရာစုမှာ နေရာတိုင်းက လူ သားတိုင်းရဲ့ ထိပ်တန်းဦးစားပေးတာဝန် ဖြစ်လာတယ်လို့ နယူးယောက်မြို့၊ ကိုလံဘီယာ တက္ကသိုလ်မှာ ဒီဇင်ဘာ ၂ ရက်နေ့က ပြောသွားခဲ့ပါတယ်။
 
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။