သုံးဖက်မြင်ပုံစံငယ်ဖန်တီးတဲ့ ပညာရှင်
2023.10.08
လူတွေမှာ ကိုယ့်မှတ်ဉာဏ်တွေထဲ မှတ်မှတ်ရရ စွဲထင်ကျန်နေတတ်တဲ့ပုံရိပ်တွေရှိတတ်ပါတယ်။ အဲဒါတွေကို အမှတ်တရဖြစ်အောင် အနုပညာလက်ရာတစ်ခုလို ပုံဖော်ဖန်တီးကြသူတွေထဲမှာ ကိုအောင်မျိုးဦးလည်း အပါအဝင်ပါ။ သူက အိမ်ပုံစံမျိုးမျိုးကို အသေးစိတ်ပုံစံငယ်အဖြစ်နဲ့ဖန်တီးတဲ့သူပါ။ အဲဒီလိုပုံစံငယ်တွေ ဖန်တီးပြုလုပ်တာကို အင်္ဂလိပ်လို Miniature နဲ့ diorama လို့ခေါ်ပါတယ်။ နှစ်မျိုးစလုံးကတော့ အသေးစိတ်ပုံစံငယ်ဖန်တီးတဲ့ အတတ်ပညာပါ။
ကိုအောင်မျိုးဦးက Miniature, နဲ့ diorama နှစ်မျိုးရဲ့ကွဲပြားချက်ကိုပြောပါတယ်။
“ဒီဟာကို Miniature လို့လည်းခေါ်တယ်။ diorama လို့လဲ ခေါ်တယ်။ အမှန်က Miniature နဲ့ diorama ကမတူဘူး။ diorama မှာက landscaping တွေပါတယ်။ သစ်ပင်၊ တောအုပ်၊ လမ်းလေးတွေ အိမ်တွေ အပြင်ကနဲ့ တစ်ပုံစံတည်း တူအောင်လို့ ဒါကလုပ်ထားတာ။ Miniature ဆိုတာက ပုံစံငယ်လေးတွေပေါ့။ ပုံစံငယ်မှာက diorama လို အပြည့်မပါဘူး။ အိမ်လုံးချင်းတွေကို Miniature ခေါ်တာပေါ့။”
သုံးဖက်မြင်ပုံစံငယ်အဖြစ် အနုစိတ်လုပ်ရတဲ့ Miniature ဟာ အနုပညာဖန်တီးမှု အမျိုးအစားထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဒါကို ကလေးကစားစရာလို့ ထင်မြင်တာမျိုးလည်းရှိနေပါတယ်။ ဝါသနာအရ သုံးဖက်မြင် ပုံစံငယ်အသေးလေးတွေကို ဖန်တီးရာကနေ အနုပညာလက်ရာတစ်ခုဖြစ်လာခဲ့တာလို့ သူကပြောပါတယ်။
“မြန်မာ့လက်မှုဂရုတွေ၊ အဲဒီ Miniature နဲ့ diorama ဂရုတွေနဲ့ချိတ်ဆက်မိပြီးတော့ သူတို့တွေနဲ့ ရင်းနှီးလာပြီး အိမ်လေးတစ်လုံး ဆောက်တာပေါ့။ ပြီးတော့ ဂရုမှာတင်တော့ တဖြည်းဖြည်း လူကြိုက်များလာတာပေါ့။ လူကြိုက်များလာတော့ ကျွန်တော်အိမ်လေးတွေကို တစိုက်တမတ် ဖန်တီးဖြစ်တာ။ အစတုံးက ဒါကို art work တစ်ခုအနေနဲ့ ဖန်တီးလို့ရမယ်မှန်းမသိခဲ့ဘူး။ မသိဘဲ အိမ်လေးတွေ ဆောက်တယ်။ တစ်ဆင့်တစ်ဆင့် နဲ့ art work တစ်ခုအနေနဲ့ဖန်တီးလို့ရတယ်လို့ သိတဲ့အချိန်ကျမှ စိတ်နှစ်ပြီးဖန်တီးဖြစ်ခဲ့တာ။ ပညာရှင်နယ်ပယ်မှာတော့ အနုပညာလက်ရာ တစ်ခုအနေနဲ့ လက်ခံတယ်။ ဒီရပ်ကွက်ထဲမှာဆိုရင် ဒါကိုကျွန်တော်က ကလေးဆော့စရာတွေ လုပ်နေတယ်။ ကလေးတွေ ကိုယ်တိုင်ကိုက သူတို့ဆော့ဖို့ လုပ်တာလားပေးပါလို့ တောင်းတာမျိုး။ ဒီလိုမျိုးအပေါ်ကို တချို့ လူကြီးပိုင်းတွေက art work အနုပညာ လက်ရာ တစ်ခုအနေနဲ့ မမြင်နိုင်သေးတဲ့သူကရှိသေးတယ်။”
ကိုအောင်မျိုးဦးက လက်သမားပညာတတ်ထားတဲ့သူပါ။ အခုတော့ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်နေပါတယ်။ သူက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး တယ်လီဖုန်းတင်တဲ့ဒေါက်ကလေးတွေကို သစ်သားနဲ့ လုပ်ခဲ့ရာကနေ သုံးဖက်မြင်ပုံစံငယ် အိမ်လေးတွေ ဖန်တီးဖို့အထိဖြစ်ခဲ့တာပါ။ အခုတော့ အားလပ်တဲ့အချိန်တွေမှာ သူစိတ်ကူးရှိတဲ့ အိမ်ပုံစံငယ်တွေကို ဆက်တိုက်ဖန်တီးနေပါတယ်။
“အဖိုးတို့ အဖေတို့က အခုချိန်ထိ လက်သမား၊ ကျွန်တော်လဲ လက်သမားလုပ်ခဲ့ဖူးတယ်။ ကျွန်တော့်အတွက် ပထမဆုံးအိမ်ဆောက်မဲ့အချိန်မှာ အပြင်မှာ လက်သမားလုပ်ဖူးတဲ့အတွက် အပန်းမကြီးဘူး ဆိုပြီးဆောက်တာ။ အမှန်တော့ ပုံစံအကြီးကနေ ပုံစံအသေးကို ရွှေ့တဲ့အချိန်မှာ မလွယ်ပါဘူး။ အဲတော့ ခက်ခက်ခဲခဲပဲ ဆောက်ရတာပေါ့။ စပြီးလုပ်တဲ့ အချိန်မှာတော့ ဒီဟာတွေက ငွေဝင်မယ် မဝင်ဘူးဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့ စလုပ်တဲ့ အိမ်လေးကိုပဲ လူတွေကကြိုက်ပြီး ဝယ်သွားတဲ့အချိန်မှာ ကျွန်တော်အတော်လေးပျော်တာပေါ့”
အဲဒီပုံစံငယ်တွေကို ဖန်တီးတည်ဆောက်တဲ့နေရာမှာသုံးရတဲ့ အထောက်အကူပစ္စည်းတွေအတွက် အမျိုးအစားအစုံကို အသုံးပြုရတယ်လို့ပြောပါတယ်။
“သစ်နဲ့ပတ်သက်တဲ့ အိမ်လေးမှာတော့ ယမနေသုံးတယ်။ ကျွန်းသုံးတယ်။ ရာဘာသား တွေသုံး တယ်။ ဆေးဆို ပန်းချီဆွဲတဲ့ အခရိုက်လစ်ဆေးတွေ သုံးတယ်။ တစ်ချို့ဆေးတွေဆို ဒီမှာဝယ်မရရင် ထိုင်းဘက်က အသိတွေကို မှာပြီးသုံးရတာပေါ့။ သုံးရတာဝယ်လို့ ရတဲ့ကုန်ကြမ်းတွေလဲရှိတယ်။ တီထွင်ကြံဆပြီးသုံးရတဲ့အပိုင်းတွေလဲရှိတယ်။ ဒီဝါသနာပါပြီ ဟေ့ဆိုတာနဲ့ လမ်းသွားရင်းနဲ့လဲ ကျွန်တော်တို့အတွက် အသုံးတည့်တာဆိုရင်ကောက်ပြီ။ မရှက်တော့ဘူး။သစ်ပင်အတု လုပ်တယ်ဆိုရင် လမ်းဘေးမှာ အမြစ်လှလှတွေ့ရင် ကောက်တယ်။ ကျောက်ခဲလှလှတွေ့ရင် ကောက်တယ်။ အသုံးတည့်တာ မှန်သမျှကောက်တော့ အလုပ်လုပ်တဲ့နေရာက အလုပ်နေရာနဲ့မတူဘဲ အမှိုက်ပုံနဲ့ တူလာတာ”
ကိုအောင်မျိုးဦးရဲ့ လက်ရာတွေကို ပြခန်းတွေမှာ ပြသခဲ့ပါတယ်။ တချို့လက်ရာတွေကို စုဆောင်းတဲ့ သူတွေက ဝယ်ယူခဲ့ကြပါတယ်။ တချို့ကလည်း ကိုယ့်ဘိုးဘွားတွေနေခဲ့တဲ့ အိမ်တွေကို ပုံစံငယ်အဖြစ်နဲ့ အမှတ်တရ သိမ်းချင်တာကြောင့် ဖန်တီးဖို့အပ်ကြပါတယ်။
မြန်မာနိုင်ငံမှာ သူ့လို သုံးဖက်မြင်ပုံစံငယ်တွေကို ဖန်တီးနိုင်သူတဲ့သူတွေချင်း ချိတ်ဆက်ပြီး အချင်းချင်း ပညာမျှဝေနေကြပါတယ်။ ဒါကြောင့် ပိုကောင်းတဲ့လက်ရာတွေ ဖြစ်လာရပြီး သူ့ဘဝအတွက်ပျော်စရာ ကောင်းနေတယ်လို့ ကိုအောင်မျိုးဦးကပြောပါတယ်။
“ဂရုတွေထဲမှာ ကျွန်တော်တို့ထက်တော်တဲ့တတ်တဲ့ဆရာတွေ ရှိတယ်။ ဒီဥစ္စာကို အစောကြီးကတည်းက လုပ်နေကြတာပေါ့။ ကျွန်တော်တို့က မသိဘူး။ အခုလိုချိတ်ဆက်မိတဲ့အချိန်မှာ သူတို့ကအမှားတွေ ထောက်ပြတယ်။ ဘယ်နေရာမှာ ဘာတွေလိုတယ် ထောက်ပြတယ်။ အဲဒီလိုနဲ့ ဒီဟာတွေက ပိုပြီး ကောင်းလာတာပေါ့။ ဖန်တီးတော့လဲ ဒီလိုပဲ လက်ရာတွေက တစ်လုံးထက်တစ်လုံး ပိုကောင်းလာတာပေါ့။ ဒီအိမ်လေးတွေကို ဆောက်နေတဲ့အချိန်မှာ စိတ်ထဲမှာ ပျော်ရွှင်မှုတစ်ခုရတယ်။ နောက်တစ်ခုက အကုသိုလ်စိတ်မဖြစ်ဘူးပေါ့။”