ဖိနှိပ်တဲ့ဥပဒေတွေမပြင်လို့ NLD အစိုးရဝေဖန်ခံရ

ကျော်လွင်ဦး
2020.11.27

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဖွဲ့စည်းထားတဲ့ လက်ရှိအစိုးရလက်ထက်မှာ မတရားတဲ့ဥပဒေတွေ ပြင်ဆင်တာတွေမှာ အားနည်းခဲ့ပြီး လူ့အခွင့်ရေး ဆိုးရွားစွာချိုးဖောက်မှုတွေ ရှိနေတာကြောင့် စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ်လို့ ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

ဒီအထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) (ခ)၊ စတဲ့ ပုဒ်မတွေနဲ့ ပြည်သူတွေကို တရားစွဲဆိုတာတွေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ ဝေဖန်နေကြတာပါ။

NLD အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရသူ တစ်ထောင်ကျော်ရှိခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့  အသံအဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

"ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း NLD အစိုးရရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှုတွေ၊ တပ်မတော်ရဲ့ ချိုးဖောက်မှုတွေဆိုပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်၊ အဲမှာဆိုရင် အဓိကအချက် သုံးချက်ကို ထောက်ပြခဲ့တာရှိတယ်၊ နံပါတ် တစ်က ဥပဒေတွေကို ထိရောက်စွာမပြင်ခဲ့ခြင်းပေါ့၊ ဥပဒေတချိုပြင်ခဲ့တာရှိတယ်၊ အထူးသဖြင့် ၂၀၁၆ မှာ ငြိမ်းစုစီဥပဒေပြင်တယ်၊ ၂၀၁၇မှာ ဆက်သွယ်ရေးဥပဒေပြင်ခဲ့တယ်၊ သို့သော်လည်း အဲပြင်ဆင်ချက်တွေက လုံလောက်သောပြင်ဆင်မှုတွေ မဟုတ်ဘူး၊ အမှန်တကယ်ပြောင်းလဲတဲ့ အခြေအနေမဖြစ်ခဲ့ဘဲနဲ့ ပြင်ဆင်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ပဲ တရားစွဲဆိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့တာကိုတွေရတယ်၊ နောက်တစ်ချက်ကတော့ အင်တာနက်ဖြတ်တောက်မှုပေါ့။ ရခိုင်နဲ့ချင်းကဒေသတချို့မှာ အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်လိုက်တာရယ်၊ သတင်းဝက်ဘ်ဆိုက်တွေကို ပိတ်ထားခဲ့တာရယ်ပေါ့။ အဲအချက်ပေါ်မှာ အခြေခံပြီးတော့ ဒါကလည်း ကြီးမားသောချိုးဖောက်မှုလို့ သုံးသပ်တယ်ပေါ့နော။ တတိယအချက်ကတော ခုနပြောတဲ့ မတရားတဲ့ဥပဒေတ အသုံးပြုပြီးသော်လည်းကောင်း၊ အခြားသောဥပဒေတွေအသုံးပြုပြီးသော်လည်းကောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီးတော့ တရားစွဲဆို ဖမ်းဆီးထောင်ချတာတွေ ဆက်လက်ဖြစ်ပေါ်ခဲ့တာပါ။ လက်ရှိလေးနှစ်ကျော်ကာလအတွင်းမှာ အစိုးရကနေချိုးဖောက်ထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံပြီးတော့ တရားစွဲဆိုခံရသူဟာ တစ်ထောင်ကျော်ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ ဒါဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ကောင်းလာတယ်လို့ ဘယ်လိုမှ ပြောလို့မရပါဘူး"

ရခိုင်နဲ့ ချင်းက ဒေသနေရာတချို့မှာ အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ထားတာတွေ သတင်းဝက်ဘ်ဆိုက်တွေကို ပိတ်ထားတာတွေကလည်း ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ကြောင်းနဲ့ မတရားတဲ့ဥပဒေတွေကို အသုံးချပြီး တရားစွဲဆိုဖမ်းဆီးထောင်ချတာတွေ ဆက်ရှိနေတယ်လို့လည်း မောင်းဆောင်းခက ထောက်ပြပါတယ်။

NLD အစိုးရရဲ့ လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး တရားစွဲဆိုတဲ့အမှု ၅၃၉ မှုရှိခဲ့ပြီး အနည်းဆုံး ၁၀၅၁ ယောက်အထိ တရားစွဲခံခဲ့ရသလို တရားစွဲမှုအများဆုံးက အစိုးရဖြစ်နေတယ်လို့ ဇူလိုင် ၁၆ ရက်နေ့က ထုတ်ပြန်တဲ့  အသံရဲ့ လေးနှစ်တာ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဆက်သွယ်ရေးဥပဒေနဲ့ အများဆုံးစွဲဆိုကြပြီး အဲဒီနောက်မှာ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံ ဥပဒေ၊ အသရေဖျက်မှု ဥပဒေ၊ မတရားအသင်းဥပဒေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ စတာတွေနဲ့လည်း တရားစွဲဆိုကြတယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူနည်းစု ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတာတွေအပါအဝင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာ၊ ရခိုင်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် လူတွေ သေဆုံးဒဏ်ရာရကြသလို စွပ်စွဲမှုတွေနဲ့ လူအများအပြား အဖမ်းခံရတာတွေအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုတွေ အများကြီးရှိခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

"အားလုံးသိတဲ့အတိုင်းပါပဲ။ ရခိုင်ပြည်နယ်မှာ ခွဲခြားမှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကမ္ဘာကပိုပြီးအာရုံစိုက်လာတယ်၊ ဒီကိစ္စတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေတင်မကဘဲနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုထိ ကျူးလွန်တယ်ဆိုပြီးတော့ ခုံရုံးအထိပါ ရင်ဆိုင်ရမယ့် အခြေအနေရှိပါတယ်၊ နောက်တစ်ခုက ပြည်တွင်းမှာ ပဋိပက္ခတွေဆက်ဖြစ်နေတယ် အထူးသဖြင့် ရခိုင်ဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူ ပါလာတဲ့ အမျိုးသမီးနဲ့ကလေးတွေ သေဆုံးမှုတွေ၊ အထူးသဖြင့် အပြစ်မဲ့သူတွေကို စွပ်စွဲပြီးတော့ ဖမ်းဆီးမှု သတ်ဖြတ်မှု ဒီဟာတွေက တော်တော်ကြီး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပါတယ်၊ ဒါကတော့ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်းမှာ လူ့အခွင့်အရေး ပတ်သက်လို့ စိုးရိမ်စရာကောင်းတဲ့အဖြစ်တွေ အများကြီးထဲက တချို့ကိုထုတ်ပြောတာဖြစ်ပါတယ်"

NLD အစိုးရလက်ထက်မှာပဲ ရိုဟင်ဂျာ တစ်သန်းကျော်ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားရပြီး သူတို့ကို ပြန်လည်ခေါ်ဆောင်ဖို့ မလုပ်နိုင်တာတွေလည်း ရှိနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။

“ NLDအစိုးရလက်ထက်မှာ ၂၀၁၆ နဲ့ အထူးသဖြင့် ၂၀၁၇ သြဂုတ်မှာ ရိုဟင်ဂျာတွေ လူတစ်သန်းကျော်လောက် ထွက်ပြေးလောက်အောင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ခဲ့တယ်၊ နောက်တစ်ခုက NLD အစိုးရလက်ထပ်မှာ သတိထားမိတာက လူ့အခွင့်ရေး ချိုးဖောက်မှုတွေရှိတယ်၊ ဒါပေမဲ့ အဲလူ့အခွင့်ရေး ချိုးဖောက်မှုတွေ ပြန်လည်ကုစားနိုင်စွမ်းမရှိဘူး၊ ခုချိန်ထိ ရိုဟင်ဂျာတစ်သန်းကျော်က ဘင်္ဂလားဒေ့ရ်ှကို ရောက်နေတယ်၊ ခုချိန်ထိပြန်လည်လက်ခံနိုင်ခြင်းမရှိဘူးပေါ့၊ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာတွေက ကြုံတွေနေရတယ်၊ ရိုဟင်ဂျာတွေက ဒုက္ခသည်အဖြစ်နေထိုင်ပြီးတော့ သူတို့ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်က ယိုးယွင်းပျက်စီးပြီး ဆုံးရှုံးမှုတွေဖြစ်နေတယ်၊ ဘာကြောင့်လည်းဆိုရင် NLD အစိုးရဟာ ဒီ ငါးနှစ်အတွင်း ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံနိုင်စွမ်းမရှိတဲ့ ပျက်ကွက်မှုကြောင့်၊ သူတို့ဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေဖြစ်ပြီးတော့ အကြမ်းဖက်မှုတွေကြောင့်မို့၊ စစ်တပ်က လူ့အခွင့်ရေးချိုးဖောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပေါ့”

NLD ပါတီ အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာရှိနေကြောင်း ဝေဖန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော်သတင်းသမားများ ဖေ့စ်ဘွတ်ဂရုကနေ RFA က မေးမြန်းခဲ့ပေမယ့် နိုဝင်ဘာ ၂၅ ရက်နေ့ ညအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး ဥပဒေတွေ ပြင်ဆင်တာအားနည်းတယ်လို့ ဝေဖန်နေတာကို NLD ပါတီပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်က ငြင်းဆိုပါတယ်။ NLD ပါတီအနေနဲ့ ပြင်ဆင်သင့်တဲ့ ဥပဒေတွေပြင်ဆင်တာ၊ ဖြည့်သင့်တာတွေကို လွှတ်တော်မှာ လုပ်နိုင်ခဲ့တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးနဲ့ တပ်မတော်က တရားစွဲဆိုတာသာရှိပြီး NLD ပါတီက တရားစွဲဆိုတာမရှိဘူးလို့ မုံရွာအောင်ရှင်က ပြောပါတယ်။

"လူ့အခွင့်ရေးနဲ့ဆိုင်တဲ့ ပြဿနာတွေကတော့ တချို့ကိစ္စတွေက အစိုးရအနေနဲ့ တာဝန်ခံရတာမှန်တယ်၊ သို့သော်လည်းပဲ ဒီကိစ္စတွေမှာ တကယ်အများဆုံးတရားစွဲတာက ပြည်ထဲရေးနဲ့စစ်တပ်က အများဆုံးတရားစွဲတာရှိတယ်၊ အဲဒီပေါ်မှာတော့ ဥပဒေကြောင်းအရ လုပ်ပေးနေတာတွေရှိတယ်။ တရားစွဲတာက အစိုးရအနေနဲ့ တာဝန်ခံရတာရှိတယ် သို့သော်လည်းပဲ ပါတီက တရားစွဲတာမရှိဘူးဗျ၊ အဲဒါကိုတော့ ပြောချင်ပါတယ်"

တရားစွဲဆိုမှုအများဆုံးက တပ်မတော်ကဖြစ်ကြောင်း NLD ပါတီပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နိုဝင်ဘာ ၂၅ ရက်နေ့မှာ မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်ကျော်တဲ့အထိ နေရာအများအပြား အနိုင်ရခဲ့တာကြောင့် ဒုတိယအကြိမ် အစိုးရဖွဲ့စည်းခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် NLD ပါတီက ဖွဲ့စည်းမယ့် ဒုတိယအကြိမ် အစိုးရသက်တမ်းမှာ လူ့အခွင့်ရေးချိုးဖောက်တဲ့ နိုင်ငံသားတွေကို ဖိနှိပ်တဲ့ မတရားတဲ့ဥပဒေတွေပြင်ဆင်တာ၊ ပယ်ဖျက်တာတွေလုပ်ဖို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ မျှော်လင့်နေကြပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတဲ့ဥပဒေတွေကို ပြင်ဆင်သင့်တယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်ရေးလှုပ်ရှားနေတဲ့ ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

"လူ့အခွင့်ရေးတွေနဲ့ ပတ်သက်ပြီး တချို့သောဥပဒေတွေကို ပြောင်းဖို့အတွက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းဖို့တာ  စောင့်ဖို့မလိုပါဘူး၊ အထူးသဖြင့် အဓိကအန္တရာယ်ပေးနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိခိုက်နိုင်တဲ့ ငြိမ်းစုစည်းလိုမျိုး ဥပဒေအားကောင်းတဲ့ပုံစံမျိုးရှိပေမယ့် အားနည်းချက်တွေ အများကြီးရှိနေတယ်၊ ဆက်သွယ်ရေးဥပဒေ အခွင့်အရေးကို အကာအကွယ်ပေးရမယ့်အစား အလွယ်သုံးစား လုပ်ဆောင်နေတယ်၊ နိုင်လွတ်လုံဥပဒေ ဒါမျိုးဥပဒေတွေကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့အတွက် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်၊ နောက်ထပ်တခုကတော့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရုံနဲ့ မလုံလောက်ဘဲ မတရားတဲ့ဥပတွေနဲ့ ဖမ်းဆီးခံနေရတယ်၊ အမှုစီရင်ခံနေရတယ်၊ တရားစွဲဆိုခံနေရတဲ့သူတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးချင်းအားဖြင့် လူ့အခွင့်အရေးကို အမှန်တကယ်လုပ်လို့ စိတ်ထားပြနိုင်ပါတယ်"

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေကြောင်း နိုင်ငံတကာက ဝေဖန်ထောက်ပြတာတွေကို ငြင်းဆန်နေတာတွေမလုပ်ဘဲ အမှန်တကယ် ချိုးဖောက်မှုရှိတာတွေကို ပူးပေါင်းဆောင်ရွက်ပြီး အရေးယူတာတွေလုပ်ဖို့လည်း ဦးအောင်မျိုးမင်းက တိုက်တွန်းထားပါတယ်။

NLD ပါတီအနေနဲ့ လွှတ်တော်မှာ ဥပဒေတွေပြင်ဆင်နိုင်တဲ့ လွှတ်တော်အမတ်အရေအတွက် ရရှိနေချိန်မှာ ဥပဒေတွေကို ရဲရဲဝံ့ဝံ့ပြင်ဖို့ အသံအဖွဲ့ဒါရိုက်တာ မောင်ဆောင်းခက တိုက်တွန်းထားပါတယ်။

"လက်ရှိ NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှုမှာ အရေးကြီးဆုံးက အဲအချက်ပဲ၊ သူတို့အနေနဲ့ ဥပဒေပြင်ဆင်ဖို့ အခွင့်အလမ်းရှိခဲ့တယ်၊ လွှတ်တော်ထဲမှာလည်း ၅၀ ရာခိုင်နှုန်းကျော်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကလွဲပြီး အခြားတည်ဆဲဥပဒေတွေကို ပြင်လို့ရတယ်၊ ဖျက်လို့ရတယ်၊ အသစ်ပြဌာန်းခွင့်ရှိတယ်၊ အဲလိုအခြေအနေ အခွင့်အာဏာရရှိတုန်းမှာ သူတို့ပြင်သင့်တယ်လို့ ဆိုလိုတာဖြစ်တယ်၊ အခုလည်း အဲအခွင့်အလမ်းကို ပြည်သူလူထုက NLD ကို ပုံအောပေးထားတာဖြစ်တယ်၊ အဲဒါကို မိမိရရဆုပ်ကိုင်ပါ၊ ဥပတွေပြင်လို့ရချိန်မှာ ကိုယ်မှာအခွင့်အာဏာရှိတုန်းမှာ လူထုအတွက် အကျိုးကိုရှေးရှုပြီးတော့ ပြင်စရာရှိတဲ့ဥပဒေတွေကို ရဲရဲဝံဝံပြင်ဆင်ပါ၊ ပယ်ဖျက်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ပယ်ဖျက်ပါလို့ ကျနော်က မေတ္တာရပ်ခံချင်တာပါ"

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံနိုင်တဲ့ အစိုးရဖြစ်စေချင်သလို့ တပ်မတော်က တရားစွဲတာတွေကိုလည်း ရေငုံနှုတ်ပိတ်နေတာမျိုးတွေ မလုပ်ဖို့လည်း မောင်ဆောင်းခက တိုက်တွန်းထားပါတယ်။

လာမယ့် အစိုးရသက်တမ်းအတွင်းမှာတော့ လူ့အခွင့်ရေးအရ၊ နိုင်ငံရေးအရဖိနှိပ်တဲ့ ဥပဒေတွေ ပြင်ဆင်တာတွေလုပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ NLD ပါတီပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

"လုပ်နိုင်စရာရှိတယ်၊ ကျနော်တို့က ၂၀၂၀ အလွန်အစိုးရတွေမှာ ပထမ သက်တမ်းကာလတွေမှာ အတွေအကြုံနဲ့ သင်ခန်းစာတွေ အများကြီးယူပြီးတော့ ဒီဟာတွေပြုပြင်ပြောင်းလဲဖို့အတွက် ကြိုးစားနေပြီလို့ ကျနော်ပြောချင်ပါတယ်၊ နိုင်ငံရေးအရ၊ လူ့အခွင့်အရေးအရ၊ ငြိမ်းချမ်းရေးအရ အရေးကြီးတာက ငြိမ်းချမ်းရေးပါဘဲ၊ ငြိမ်းချမ်းရေးမှာ တိုင်းရင်းသားတွေနဲ့ အားလုံးပေါင်းပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ်ထူထောင်ရေး အဲတာကို ခြေလှမ်းလှမ်းနေပြီဖြစ်ပါတယ်၊ ကျနော်တို့အတတ်နိုင်ဆုံးကြိုးစားရမှာပဲ"

လူ့အခွင့်ရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းစုစည်းဥပဒေနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(က)(ခ)၊ ၁၂၄ (က) စတဲ့ ဥပဒေတွေကို အစိုးရသစ်လက်ထက်မှာ ပြင်ဆင်ပယ်ဖျက်ဖို့ လူ့အခွင့်ရေးအဖွဲ့တွေက လိုလားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။