ဇွန်ပန်းရုံတွေကြားက တလိုင်းဆင်ရွာ
2023.11.26
မန္တလေးမြို့ရဲ့တစ်ဖက်ကမ်း စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်က ဆင်ရွာ၊ လက်ပံရွာတွေကိုဖြတ် သွားတဲ့အခါ မွေးပျံ့တဲ့ပန်းရနံ့တွေကို ခံစားရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရွာတွေမှာ အိမ်တိုင်းလိုလို ဇွန်ပန်း၊ စံပယ်ပန်း၊ မြတ်လေးပန်းတွေစိုက်ပြီး အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကြလို့ပါ။
တလိုင်းဆင်ရွာက ဒေါ်ခင်ညွန့်က လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကတည်းက ဇွန်ပန်းရုံတွေ ကို သူ့ခြံဝန်းထဲမှာစိုက်ခဲ့တာပါ။ အခုတော့ သူ့ပန်းရုံတွေကို မြေးတွေက ဦးစီးလုပ်ကိုင်နေကြပါပြီ။
“ ဒါစိုက်ခဲ့တာ အနှစ် သုံးဆယ်ကျော် လေးဆယ်လောက်တော့ ရှိပြီ။ ဒီကိုရောက်တာက အနှစ် ငါးဆယ်ကျော်ပြီ။ အစက တောင်ဘက်က လက်ပံတစ်ရွာထဲတင် လုပ်တာ။ နောက်ပိုင်းကျတော့ သိကုန်ကြတာလေ။ အရောင်းအဝယ်ကောင်းတယ်ဆိုတော့ အဆင်ပြေမှန်းသိတော့ တစ်စတစ်စနဲ့ အခုတော့ တစ်ရွာလုံး။”
“စိုက်ခဲ့တာတော့ အမေကြီး စိုက်ခဲ့တာပဲ။ သမီးမမွေးခင်ကတည်းက စိုက်ခဲ့တာဘဲ။ သမီးလူမှန်းသိတတ်စကတည်းက ပန်းရုံတွေက အတော်ကြီး ကြီးနေပြီ။ ပန်းရုံတွေတုံးသွားပြီဆိုရင် တပေါင်းလဆို ချုံတွေကို ရှင်း၊ ပြန်ပြီးရေလောင်း၊ ပြန်ဖူးလိုက်ဆိုတော့ ပန်းပင်က တစ်နှစ်တစ်နှစ် ဒီလိုပဲ လည်ပတ်နေတာ ဆိုတော့လေ။ သမီးမမွေးခင်ကတည်းက စိုက်ခဲ့တာ။ အဲဒါကိုမှ အခုထိ ခူးလို့လဲ ရတယ်။ ရောင်းစားလို့လဲ ရတယ်”
တလိုင်းဆင်ရွာက ပန်းစိုက်တဲ့သူတွေဟာ ကိုယ့်အိမ်ခြံဝင်းထဲမှာပဲ တစ်နိုင်တစ်ပိုင် စိုက်ရင်းက စီးပွားရေးလုပ်ငန်းတစ်ခုလို တွင်ကျယ်လာတာပါ။ ဟိုးအရင်က ဇွန်ပန်းတွေပဲ စိုက်ခဲ့ပေမဲ့ အခုတော့ တခြားပန်းတွေကိုပါ တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ သူတို့ ပန်းစိုက်တောင်သူတွေအကြောင်းကို ဒေါ်ခင်ညွန့်ရဲ့ မြေး မခက်ခက်က ပြောပြပါတယ်။
“သမီးတို့ရွာမှာကတော့ ဇွန်ပန်းတို့ စံပယ်ပန်းတို့ စကားဝါပန်း ကံ့ကော်ပန်း ပန်းအိနှင်းဆီတို့ ကိုရီးယားမြတ်လေးတို့ မြတ်လေးအစစ်တို့ စိုက်ကြတယ်။ ပန်းတွေက စပယ်ပန်းဆို တပေါင်းလ က စပြီးပွင့်တယ်။ ဇွန်က ကဆုန်လကစပြီးပွင့်တယ်။ သမီးတို့ရဲ့ ပန်းခြံက စပယ်ရော ဇွန်ရောဆို ခြုံ ငါးဆယ်လောက်ရှိတယ်။ ခူးတဲ့သူတွေက မနက်အစောကြီး ငါးနာရီဆို ထ ခူးရတယ်။ အဖူးလေးတွေ ဖြူနေပြီ ဆိုရင် စပြီး ခူးရတာ။ အဲဒါကိုမခူးဘဲနဲ့ ဒီအတိုင်း ထားလိုက်ပြီဆိုရင် တစ်ရက်တော့ ခံတယ်။ နောက်ရက်ကျရင် ပွင့်ပြီး အသုံးမဝင်တော့ဘူး။ အဲဒါကိုမခူးဘဲ ပစ်ထားမယ်ဆိုရင် အပင်ပေါ်မှာ အဲဒီ အပွင့်က ပိုးတွေလဲ ကျတယ်။ အဲဒါကြောင့် ပန်းကို ပုံမှန်လဲ ခူးရတယ်။ ရေလောင်းဆေးဖြန်းလဲ သုံးရက်တစ်ခါ သူ့ရက်ပတ်နဲ့သူ လုပ်ပေးရတယ်။”
ပန်းတွေကို ရွာမှာ ဖောက်သည်ပေးတာမျိုး ရှိသလို မခက်ခက်တို့က မန္တလေးမြို့ကို ကိုယ်တိုင် သွားပြီး ရောင်းပါတယ်။ မနက်အရုဏ်မတက်ခင် မော်တော်စီးပြီးသွားရပေမဲ့ ကိုယ်တိုင်ရောင်းတဲ့အခါ ဝင်ငွေလည်းပိုရတယ်လို့ပြောပါတယ်။
“မနက်ဆို နှစ်ချက်ခွဲ၊ မနက်စျေးလိုက်တဲ့သူဆိုရင် နှစ်ချက်ခွဲလောက် ထပြီးသွားရတာ။ မင်းကွန်း ကနေ မော်တော်နဲ့သွားရတာ။ ပန်းတအားလှိုင်တဲ့ ကဆုန်၊ နယုန်ကျရင် ခြောက်သောင်း ခုနှစ်သောင်းလောက် ဝင်တယ်။ ပန်းလျော့တဲ့အချိန်ကျရင် နှစ်သောင်းကျော်လောက်ပဲ ရတယ်။ အဲဒီလိုမဟုတ်ဘဲ ဒီနေ့လို နေပွင့်တယ်။ ပန်းတွေလဲ တိုးတယ်ဆိုရင် သုံးလေးသောင်းရတယ်”
ပန်းစိုက်တဲ့ လုပ်ငန်းဟာ မိသားစုဝင်တွေသာမကပဲ ရွာမှာ နေတဲ့လူတွေ အားလုံးဝင်ငွေရနိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ မခက်ခက်က သူငယ်ငယ်ကတည်းက အဲဒီပန်းလုပ်ငန်းကနေ မုန့်ဖိုးရှာနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပန်းတွေ လှိုင်လှိုင်ပွင့်တဲ့အချိန်ဆိုရင်တော့ မိသားစုတွေလောက်နဲ့ မခူးနိုင်တော့ပါဘူး။ အဲဒီအချိန်ဆိုရင်တော့ ပန်းခူးမဲ့သူ၊ ပန်းသီမယ့်သူတွေ ငှားကြရပါတယ်။
“ခြောက်နှစ်ခုနှစ်နှစ်ထဲက အဲဒီလိုလုပ်ရတယ်။ အဲဒီတုန်းက ပန်းခြံတွေက သမီးတို့လဲ ငယ်သေးတော့ အငှားချထားပြီး လိုက်လဲ မရောင်းသေးတော့ ကိုယ်က သူများအိမ်သွားပြီးတော့ ကျောင်းမုန့်ဖိုးရအောင် နေ့လယ်နားတဲ့အချိန်တို့၊ ညနေကျောင်းက ပြန်လာတဲ့အချိန်တို့ဆိုရင် တစ်ယောက်ကို နှစ်ရာဖိုး သုံးရာဖိုး။ အဲဒီလို ကလေးအရွယ်ထဲကပန်းကုံးရတာ။ ကိုယ့်မှာ ခြံကျယ်ကျယ်ရှိလို့ ရာသီပေါ် တဲ့ ပန်းကို စိုက်ထားလိုက်ရင် နှစ်ပတ်လည်ပိုက်ဆံအမြဲဝင်တယ်။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ဝင်တယ်။ ခြောက်နှစ် ခုနှစ်နှစ်အသက်နဲ့ ပန်းကုံးတတ်ရင် ပိုက်ဆံရှာလို့ရတယ်။ သူတို့ မုန့်ဖိုး သူတို့ရှာရတာပေါ့။ ကိုယ်ခူးနိုင်သလောက် ရတယ်။ ဇွန်ပန်းဆို တစ်ပန်းကန်ဆို တစ်ရာတို့ စံပယ်ဆို ပလုတ်နဲ့ ချိန်ရတာ တစ်ပလုတ်ဆို ငါးရာတို့။ ကိုယ်ကလုပ်နိုင်တယ်ဆို တစ်နေကုန်လုပ် ခြောက်ထောင် ခုနှစ်ထောင်ရတယ်။”
တလိုင်းဆင်ရွာဟာ ဧရာဝတီမြစ်ဘေးမှာ တည်ရှိတာကလည်း ပန်းစိုက်တောင်သူတွေအတွက် သဘာဝကပေးတဲ့ အားသာချက်ဖြစ်နေတာပါ။ ပန်းခင်းတွေကို မြစ်ရေ၊ မိုးရေနဲ့လောင်းပေးတဲ့အခါ ပိုပွင့်တယ်လို့ဆိုပါတယ်။
“ရေတွေ တိုးလာပြီဆိုရင် ရေဆိပ်မှာ ရေစက်ချ ရေတင်ပြီး ရေလောင်းတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ရေနဲ့ တွင်းရေနဲ့မတူဘူး။ မြစ်ရေက အဖူးလဲ ချောတယ်။ သိသာတယ်။ အဖူးလဲ ပိုဖူးတယ်။ ပန်းလဲ ချောတယ်။သိသာတယ်။ မိုးရွာတာနဲ့ မြစ်ရေက သစ်ပင်တွေအတွက် ပိုကောင်းတယ်။ ကန်ရေက နေပူဒဏ်သက်သာအောင် သဘောပဲ လောင်းတာ။ မြစ်ရေလောက်မကောင်းဘူး။”
အဖွားစိုက်ခဲ့တဲ့ ပန်းခင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ဘေးက တလိုင်းဆင်ရွာသူ မခက်ခက် က သူပုံဖော်ချင်တဲ့ သူ့ရဲ့အနာဂတ်စိတ်ကူးကို အခုလိုပြောပါတယ်။
“ ကိုယ်ကပန်းပင်တွေစိုက်ရတာဝါသနာလဲပါတယ်။ ဒါကြောင့် ကိုယ်အဆင်ပြေသလို ခြံလဲ ဝယ်မယ် ။ ပန်းပင်တွေကို တိုးတိုးပြီးစိုက်မယ်။ ရောင်းစားရသည်ဖြစ်စေ မရသည်ဖြစ်စေ ဆူးပုတ်တို့ ကင်ပွန်းတို့ စိုက်မယ်လို့ စိတ်ကူးထားတယ်။ငယ်ငယ်ထဲက ပန်းပဲလုပ်လာတာဆိုတော့ မနက်ဆိုရင် ပန်းခြံထဲပဲ ဝင် ပန်းပဲ အမြဲလုပ်လာတာဆိုတော့ စိတ်လဲငြိမ်တယ်လေ။ ပန်းလေးခူးလိုက် ပန်းလေးသီလိုက် လုပ်နေရတာ သဘောကျတယ်။ လူတွေအများကြီးနဲ့ သွားလာနေရတာ သဘောမကျဘူး။ ဒါကြောင့်ခြံပဲ စိုက်မယ်”