ABSDF အမျိုးသမီးရဲဘော်တွေ ရန်ပုံငွေအတွက် T-shirt ဖန်တီးရောင်းချ
2024.09.25
လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ၃၆ နှစ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အမှတ်တရအဖြစ် မျိုးဆက်သစ် အမျိုးသမီးရဲဘော်တွေကိုယ်တိုင် ဆေးဆိုးပန်းရိုက်နည်းကို လေ့လာသင်ယူပြီး “ကျောင်းသားတပ်မတော်“တံဆိပ်ပါ တီရှပ်တွေကိုဖန်တီးနေပါတယ်။
"သူတို့တွေပျော်အောင် အင်္ကျီရိုက်တဲ့နေ့ဆိုရင် မုန့်ဝယ်ကျွေးတယ်"
ABSDF ရဲဘော်ဟောင်းတစ်ယောက်က အဖွဲ့အတွင်း စည်းလုံးမှုရအောင်နဲ့ အလုပ်တစ်ခုလည်း လုပ်ဖြစ်အောင် အကြံပေးသင်ပြခဲ့တာလို့ ကိုယ်တိုင်ပါဝင်ထုတ်လုပ်နေတဲ့ ရဲဘော်မဇာဇာလင်းထိုက်က ပြောပါတယ်။
“အဖွဲ့အစည်းမှာ စည်းလုံးမှုကိုလည်း ပြချင်တယ်။ အလုပ်တစ်ခုလည်း လုပ်ချင်တယ်။ အရင်စပြီး ညီမတို့ အမျိုးသမီးတွေကို သူက အစည်းအဝေးခေါ်ပြီးပြောတယ်။ အစားအသောက်လိုင်းနဲ့ အထည်လိုင်းကို ပြောတယ် ညီမတို့က အထည်လိုင်းကိုစိတ်ဝင်စားတာ။ အဲဒါနဲ့ စိတ်လည်းဝင်စားတယ်။ သင်ကြမယ်ဆိုပြီး စည်းစည်းလုံးလုံးနဲ့ တိုင်ပင်သင်ယူပြီး ရိုက်ဖြစ်တာပါ”
ဆေးဆိုးပန်းရိုက်နည်းကို ၁၅ ရက်ကြာ သင်တန်းပေးခဲ့ပြီး အမျိုးသမီးရဲဘော် ၁၁ ယောက် တက်ရောက်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းသူတွေထဲမှာ ကလေးမိခင် ငါးယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ
ရှေ့တန်းစစ်မြေပြင်က အမျိုးသမီးသူနာပြု
ထောက်ပို့လုပ်နေတဲ့ သင်္ဘောသားတစ်ယောက်
အစပိုင်းမှာ တပ်တွင်းက ရဲဘော်တွေအတွက် ရည်ရွယ်ရိုက်နှိပ်တာဖြစ်ပေမယ့် နိုင်ငံတကာရောက် မကဒတ တပ်ဖွဲ့ဝင်ဟောင်းတွေ၊ မိသားစုတွေနဲ့ ၃၆ နှစ်တာ ခရီးရှည်ကာလအတွင်း ပံ့ပိုးကူညီပေးတဲ့ မိတ်ဆွေတွေ အတွက်ပါ အမှတ်တရပေးဖို့ အကြံပြုချက်တွေရှိလာတာကြောင့် ဆက်လက်ပြီးရိုက်နှိပ်ဖြစ်ခဲ့တာပါ။ အခုဆိုရင် ပြင်ပက အမှာတွေလည်း လက်ခံရရှိနေပြီး အထည်သုံးရာ ရောင်းချပြီးပြီလို့ ဆိုပါတယ်။
တီရှပ်ရိုက်တဲ့အခါ ဘယ်သူက ဘာတာဝန်ယူဆိုတာမျိုး သတ်မှတ်မထားဘဲ အားလုံးပူးပေါင်းလုပ်ကြတယ်လို့လည်း ပြောပါတယ်။
“သူ့အပိုင်း ကိုယ့်အပိုင်းရယ်လို့ မခွဲခြားထားဘူး။ ကိုယ်တတ်နိုင်တဲ့ဟာကို ရိုက်တော့မယ်ဆိုရင် ဆေးချိန်ရတဲ့ဟာလည်း လိုအပ်ရင် သုံးရသလို တစ်ခါတလေလူမရှိလို့ ကိုယ်တိုင်ပြေးပြီးတော့ အင်္ကျီခြောက်အောင် လှမ်းရတာလည်းရှိတယ်။ တစ်ခါတလေ ကိုယ်တိုင်ဆေးဆွဲရတာလည်းရှိတယ်။ အပိုင်းခွဲခြားမထားဘူး။ အကုန်လုံးက သူ့ဟာနဲ့သူ တစ်ယောက်တစ်လှည့်သွားကြပါတယ်”
ရဲဘော်တွေအတွက် တီရှပ်အရောင်ကို စစ်စိမ်းရောင်ထုတ်လုပ်ထားပြီး ပြင်ပက မှာယူသူတွေကတော့ ကိုယ့်စိတ်ကြိုက်အရောင်ကိုမှာယူလို့ရပါတယ်။
အလုပ်မှာ မမှားအောင် စိတ်နှစ်ပြီး လုပ်ဖြစ်တဲ့အတွက် စိတ်ဓာတ်ကျတာ၊ အိမ်လွမ်းတာတွေ သိပ်မရှိတော့ဘဲ စိတ်ပိုင်းဆိုင်ရာလည်း ပိုနေလို့ကောင်းလာပြီး အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့စွမ်းရည်လည်း တိုးလာတယ်လို့ ဒေါင်းတမာန်စခန်း၊ အမျိုးသမီးနဲ့ လူငယ်ဌာနတာဝန်ခံ ရဲဘော်ကေခိုင်ဝင်းက ပြောပါတယ်။
"ဒီတိုင်းဆိုရင် ညီမတို့လည်း စိတ်ခံစားမှု ဖြစ်တယ်လေ အိမ်လွမ်းတာမျိုး ဖြစ်တယ်။ အလုပ်ထဲမှာကျတော့ အဲဒါတွေကို တွေးလို့မရဘူး ။ ဆေးလေးစွန်းသွားတာမျိုး ဖြစ်သွားမှာစိုးလို့ အလုပ်ထဲရောက်ပြီဆိုတာနဲ့ ပထမဆုံး စကားပြောကြတယ်။ သေချာလုပ်ဖို့ မမှားဖို့ စည်းစည်းရုံးရုံးနဲ့ပြောတယ်။ သူတို့တွေပျော်အောင် အင်္ကျီရိုက်တဲ့နေ့ဆိုရင် မုန့်ဝယ်ကျွေးတယ် ။ သူတို့ကလည်း ပျော်ကြတယ်"
တီရှပ်ရောင်းရငွေတွေကို အမျိုးသမီးနဲ့ လူငယ်ဌာနရဲ့ လိုအပ်တဲ့အပိုင်းမှာ ပြန်လည်အသုံးချသွားမယ်လို့လည်း သူကဆက်ပြောပါတယ်။
ရဲဘော်တွေ အားလပ်တဲ့အချိန်မှာ ကြိုးစားဖန်တီးထားတဲ့ ထုတ်ကုန်ကို ခံစားအားပေးစေချင်တယ်လို့ ကိုယ်တိုင်ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးထားတဲ့ မသဇင်ညွန့်အောင်က ဆိုပါတယ်။
“ရဲဘော်တွေ ကိုယ်တိုင်ထုတ်လုပ်ဖန်တီးထားတဲ့ ထုတ်ကုန်ဖြစ်တဲ့အတွက် မိုက်တယ်။ အထူးသဖြင့် အမျိုးသမီးရဲဘော်တွေ သူတို့အားလပ်တဲ့ အချိန်တွေမှာ အချိန်ကိုအလာဟသမဖြစ်စေပဲနဲ့ ငါတို့တော်လှန်ရေးအတွက် ဘာတွေ ဆက်လုပ်လို့ရမလဲ ။ ဘာတွေက အထောက်အပံ့ဖြစ်နိုင်လဲဆိုတဲ့ ခံစားချက်နဲ့ သူတို့ ဖန်တီးထားတဲ့အရာဖြစ်တယ်။ အရည်အသွေးပိုင်းအနေနဲ့ တီရှပ်တစ်ခုရဲ့ အရည်အသွေးရှိတယ်။ ဒါပေမယ့် သူတို့ဖန်တီး စိတ်ကူး ပုံနှိပ်ထားတဲ့ စကားလုံးတွေရှိတယ်။ အဲ့ဒါကို ခံစားစေချင်တယ် ။မိုက်တယ်။ ABSDFရဲ့ ၃၆နှစ်မြောက် ခရီးရှည်ရဲ့ အမှတ်တရတစ်ခုလည်း ဖြစ်တယ်”
ပုံမှန်ဆို စခန်းမှာရှိတဲ့ အမျိုးသမီးရဲဘော်တွေဟာ နေ့စဥ်တာဝန်တွေဖြစ်တဲ့ စခန်းသန့်ရှင်းရေးလုပ်ရတဲ့ မနက်၊ ညနေ နှစ်ချိန်နဲ့ နေ့လယ်ခင်း ကင်းစောင့်ရတဲ့ တာဝန်တွေရှိပါတယ်။ ဒီလိုတာဝန်တွေကြားထဲက အားလပ်တဲ့ အချိန်လေးမှာ အခုလို တက်တက်ကြွကြွ ဖန်တီးလုပ်ကိုင်ရင်း တစ်ဘက်တစ်လမ်းက ဝင်ငွေရနိုင်တဲ့အတွက် အားတက်ရတယ်လို့လည်း ပြောပါတယ်။
“ကိုယ့်တာဝန် ကိုယ်စီရှိတဲ့ကြားက အားတဲ့အချိန်လေးမှာ ရိုက်ကြတာ။ တပ်အတွက် ထောက်ပံ့မှုရမယ်ဆိုရင် ညီမတို့က ရှေ့ဆက်လျှောက်ပြီး လုပ်ပေးနေပါဦးမယ်။ ဒီမှာရှိနေတဲ့ ကာလအတွင်းမှာပေါ့”
ကျွမ်းကျင်ပညာရှင်တွေ မဟုတ်တဲ့ အမျိုးသမီးရဲဘော်တွေ ကြိုးစားဖန်တီးထားတဲ့ လက်ရာကို လှလှပပဝတ်ပြတာ မြင်ရတဲ့အခါ တစ်ဖွဲ့လုံး ဝမ်းသာပီတိဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။