စိတ်လုံခြုံမှုအတွက် ခိုလှုံရာ ပန်းချီဆေးခန်း

မိယဉ်စနိုင်း
2023.03.26
စိတ်လုံခြုံမှုအတွက် ခိုလှုံရာ ပန်းချီဆေးခန်း ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် The Room Art Club တွင် ပန်းချီရေးဆွဲနေကြသူတစ်ဦး။
RFA

မြန်မာပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် စိတ်ဆင်းရဲမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စီးပွားရေးကျဆင်းမှု ကိုယ့်ပတ်ဝန်းကျင်က လူတွေ အသက်ဆုံးရှုံးမှု ဆိုတဲ့ဒဏ်တွေကို ခံစားခဲ့ရသလို တစ်ပြိုင်နက်တည်းမှာပဲ စစ်တပ်အာဏာသိမ်းလိုက်လို့ ဖြစ်လာတဲ့ အဆိုးဆုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေနဲ့ပါ တွေ့ကြုံနေရတာကြောင့် စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်ထိခိုက်နာကျင်မှုတွေ မြင့်တက်သွားပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေတောင် လုံလောက်အောင် မရှိတော့သလောက်နီးနီး ဖြစ်နေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကုသဖို့အရေးမှာ အခက်အခဲ ပိုဖြစ်ရပါတယ်။ ဒီလိုအပ်ချက် ကွက်လပ်ကိုဖြည့်နေတဲ့ နေရာတစ်ခုတော့ ရှိပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က The Room Art Club ဆိုတဲ့နေရာပါ။

အဲဒီမှာ စိတ်ပိုင်းဆိုင်ရာပြဿနာကြုံတွေ့နေရတဲ့သူတွေကို ပန်းချီကုထုံးနည်းနဲ့ ကုစားပေးနေပါတယ်။ အဲဒီဆေးခန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာပါ။

လူနာတွေကိုဘယ်လိုကုပေးလဲဆိုတာ ဒေါက်တာ အောင်မင်းကပြောပြပါတယ်။

“လူကို လာရင် ရောဂါနာမည်မခွဲဘူး။ လူရဲ့ emotion ကိုပဲ ကြည့်တယ်။ လူကဘာဖြစ်နေလဲ။ ကိုယ်နဲ့ ဘယ်လိုဆက်ဆံသလဲ။ သူပျော်နေလား။ သူ့အပျော်နဲ့ ကိုယ်နဲ့ ဘယ်လိုပေါင်းမလဲ။ သူစိတ်တိုနေတယ် သူစိတ်တိုတာကို ဘယ်လိုပေါင်းစပ်မလဲ။ သူဒေါသထွက်နေတယ် ဆိုလို့ရှိရင်လည်း သူ့ဒေါသကို သူ့ဟာသူ ထိန်းနိုင်အောင်လို့ ကိုယ်ဘယ်လို သူ့ကို ဆက်ဆံပေးမလဲ လူကိုလူလို ဆက်ဆံတာပေါ့"

လူတွေဟာ Trauma လို့ခေါ်တဲ့ စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာအောင် နှိုးဆွနေတဲ့ အဖြစ်အပျက်တွေ သတင်းစကားတွေ မြင်ကွင်းတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံးမှာ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။

ဒီလိုကာလမှာ ဒီဆေးခန်းဟာ စိတ်ဒဏ်ရာ ဖြစ်နေတာတွေကို ပျောက်ကင်းသက်သာစေမလား ဆိုတော့ ဒေါက်တာအောင်မင်း က ...

“ကျွန်တော်တို့က ဒီမှာ support ပေးထားတယ်ဆိုတော့ သူတို့ ပုံဆွဲမလား မဆွဲချင်ရင် လာအိပ်နေ ဒါမှမဟုတ် ကော်ဖီလာသောက်မယ် ဒါမှမဟုတ် စကားလာပြောမယ်။ တစ်ခုမဟုတ် တစ်ခု သူတို့ကြိုက်တာ လာလုပ် safety space လို့ ခေါ်တယ်။ စိတ်ချလက်ချနေနိုင်တာ ဆေးရုံကျတော့ ငါ့ကိုကယ်မယ့်လူဆိုပြီး ပြေးတာ။ ဒီမှာကျတော့ ကယ်မယ့်လူ ဆိုတာထက်ကို စိတ်ချလက်ချနေနိုင်တဲ့ဟာလေး အဲဒီအတွက် သူတို့က ခိုလှုံလာရတယ် သူတို့ improve ဖြစ်တယ်လို့ခေါ်ရမယ်။ တိုးတက်တာ ပျောက်သွားလားလို့မမေးနဲ့ နဂိုဖြစ်နေတဲ့ အခြေအနေကနေ နောက်တဆင့် မတက်သွားဘူးပေါ့"

The Room Art Club ကို ဖွင့်ထားတဲ့ ဒေါက်တာအောင်မင်းဟာ အထွေထွေရောဂါကုဆရာဝန်ဖြစ်ပြီး သူ့ရဲ့ဇနီး ဒေါက်တာ စန်းစန်းဦးကတော့ စိတ်ကျန်းမာရေးဆိုင်ရာဆရာဝန် ဖြစ်ပါတယ်။

MNNA01.jpg
Photo: RFA

စိတ်ဝေဒနာရှင်တွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့သူတွေကို ပန်းချီဆွဲခိုင်းပြီး ကုတဲ့အစီအစဉ်ဟာ ဒေါက်တာ စန်းစန်းဦးရဲ့ အကြံပြုချက် ဖြစ်ပါတယ်။ စိတ်ရောဂါရှိတဲ့သူတွေဟာ ဆေးတစ်မျိုးတည်းနဲ့ လုံလောက်တဲ့ကုသမှုမရနိုင်သလို ဆေးရုံထဲမှာ ပိတ်လှောင်ထားတဲ့ အခြေအနေတွေဟာ လူနာတွေကို ဘဝဆုံးသွားစေနိုင်တယ်လို့ သူတို့နှစ်ယောက်က ရှုမြင်ကြပါတယ်။

“အခွင့်အရေး သူ့ဟာသူရအောင်လုပ်ပေးတာ။ နောက်တစ်ခုက social inclusion သူတို့ဆီကနေ သူ့အသိုင်းအဝိုင်းထဲမှာ သာမန်လူနေသလို နေလို့ရအောင်ပါ။ သူ့ကို ပိတ်လှောင်ထားရမယ်ဆိုတာ မဟုတ်ဘူး။ သူသည် သူ့အသိုင်းအဝိုင်းထဲမှာနေလို့ရမယ်။ နောက်တစ်ခုက in person လို့ ခေါ်တယ် လူကို အဓိကထားတာ။ အဲဒီလူရဲ့ ရောဂါကို အပြစ်တင်ဖို့ မဟုတ်ဘူး။ လူက အာရုံစိုက်ရတယ်။ ပန်းချီကား ထွက်လာဖို့ မဟုတ်ဘူး။ မိုနာလီဆာပန်းချီကားလို ဆွဲနိုင်အောင်လုပ်နေတာမဟုတ်ဘူး။ သူ့ရဲ့နေထိုင်တဲ့ လူမှုဘဝတိုးတက်အောင် သူ့ရဲ့လူ့ဘဝမှာ နေရတဲ့အချိန် နေပျော်အောင်။ သူ့ဘာသာ နေလို့ပျော်ရမယ် နေထိုက်တယ် နေသင့်တယ် နေပျော်တယ် နေရတာအဆင်ပြေတယ်ဖြစ်အောင် ဦးတည်တယ်"

စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာပြည်မှာ သိသိသာသာကြားရတဲ့ သတင်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတဲ့ ဖြစ်ရပ်တွေလည်း ပါနေတာတွေ့ရပါတယ်။

လူတစ်ယောက်မှာ မျှော်လင့်ချက်မဲ့သွားတာ၊ အကူအညီမဲ့သွားတာတွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဖြစ်နိုင်ခြေ ပိုများစေတယ်လို့ ဒေါက်တာအောင်မင်းက ပြောပါတယ်။

“သူ့လည်းကိုယ်မကယ်နိုင် ကိုယ့်လည်းသူမကယ်နိုင် အခြေအနေမှာ လုံးဝမျှော်လင့်ချက်ပျက်သုဉ်းတဲ့ လူတစ်ယောက်က တခြား factor (အချက်) တွေပါ ပေါင်းလိုက်ရင်၊ တခြားအချက်တွေဆိုတာ Poverty ပေါ့နော် ဆင်းရဲတယ်။ အဲဒါအပြင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအရ သူက နဂိုကတည်းက Trauma (စိတ်ဒဏ်ရာ) ကလည်း များမယ်။ Depress (စိတ်ဖိစီးမှု) ကလည်း ဖြစ်မယ်။ အဲဒီလို အကုန်လုံးစုစည်း လိုက်မယ်ဟေ့ဆိုလို့ရှိရင် Rate (နှုန်း)က တက်လာမှာပဲ"

ဒီလို အခြေအနေတွေကြားမှာ ဒေါက်တာအောင်မင်း မျှော်လင့်တာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေတဲ့သူတွေ အကူအညီရနိုင်တဲ့ The Room Art Club လို နေရာတွေ များများပေါ်လာဖို့ပဲလို့ ပြောပါတယ်။

“မန္တလေးပေါ့ မြစ်ကြီးနားပေါ့ ဟိုဘက်မှာဆိုလည်း ဘိတ် (မြိတ်) ပေါ့။ နေရာတိုင်းမှာ အခုလို Safe Space (လုံခြုံတဲ့နေရာ) လေးတွေ ထားပေးထားမယ်ဆိုရင် ကလပ်လိုဟာမျိုးပေါ့။ ကျန်းမာရေး ဆေးရုံမဟုတ်ဘဲနဲ့ ဒီလို recreation (နားခိုရာ) လုပ်နိုင်မယ့် ဟာမျိုးလေးတွေ။ ဒါပေမဲ့ psychology (စိတ်ပိုင်းဆိုင်ရာ) အရ နည်းနည်းပိုပြီးတော့ အထောက်အပံ့ပေးနိုင်မယ့်လူက ဦးဆောင်ရမှာပေါ့။ အဲလိုဟာမျိုးလေး ရှိခဲ့ရင် rate (ဖြစ်တတ်တဲ့နှုန်း) အဲဒီအကြောင်းရင်းကို တည့်နိုင်မှာပေါ့"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။