ချင်းပြည်နယ်က ထောပတ်သီး အိန္ဒိယကို ခက်ခက်ခဲခဲပို့နေရ

RFA Burmese
2024.02.23
ချင်းပြည်နယ်က ထောပတ်သီး အိန္ဒိယကို ခက်ခက်ခဲခဲပို့နေရ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ထောပတ်သီးများ ခူးဆွတ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်မှာစိုက်တဲ့ ထောပတ်သီးတွေကို နိုဝင်ဘာကနေ မတ်လကြားမှာ ခူးပြီးရောင်းလေ့ ရှိကြပါတယ်။

အရင်က ကလေး - တမူးဘက်ကနေ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်မြို့ကတစ်ဆင့် ပို့နေရပါတယ်။

"ဒီနှစ်ကျတော့ အမြတ်ကတော့ သိပ်မများဘူး”

ဒါကြောင့် အရင်ကထက် ကုန်ကျစရိတ်ပိုများပြီး အမြတ်သိပ်မကျန်ဘူးလို့ ပွဲစားကြီး ဦးအယ်လ်လျန် (L Lian) က RFA ကို ပြောပါတယ်။

“ဝေးတဲ့နေရာဆိုရင် ဒီတစ်အိတ်ကို တန်ဆာခက တစ်သောင်းငါးထောင်လောက် ကျတယ်နော်။ အမြတ်တွေက နည်းတယ်။ ကလေးပို့တယ်ဆိုရင် တစ်အိတ်မှာ ငါးထောင်လောက်ပဲ ကျတယ်လေ။ ဒီနှစ်ကျတော့ အမြတ်ကတော့ သိပ်မများဘူး”

ထောပတ်သီးတွေဟာ ပီနံအိတ်တစ်အိတ်ကို ထောပတ်သီး အရွယ်အစားအပေါ်မူတည်ပြီး အလုံးတစ်ရာကနေ နှစ်ရာဝန်းကျင်ပါတဲ့ တစ်အိတ်ကို ငွေတစ်သိန်းပေါက်စျေးရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် မောင်ထန်ရှန့်နှုန့်ဟာ နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းထွက်ပြီး နေ့စားလုပ်ခနဲ့ ထောပတ်သီးခူးနေပါတယ်။

“ကျွန်တော်ကတော့ ခေတ်မကောင်းတော့ အစိုးရကျောင်းတွေ တက်လို့မရတော့ လေးတန်းကနေ ကျောင်းနားလိုက်တယ်။ အခုကတော့ ငွေရတဲ့ နေရာတွေမှာ သွားပြီးငွေရှာတယ်။ အခုက ထောပတ်သီးခူးတဲ့သူ နောက်လိုက်ပြီး အပင်ပေါ်ကနေ ခူးပေးတယ်။ ဒီနှစ်မှာ ထောပတ်သီးခူးတာ ရွာငါးရွာလောက်သွားပြီး တစ်ရက်ကို တစ်သောင်းနှစ်ထောင်ရတယ်”

အသက် ၄၇ နှစ်အရွယ် ဦးဇမ်ရှန်လျန်းကတော့ ခူးပြီးသားထောပတ်သီးတွေကို ထမ်းပြီးပို့တဲ့အလုပ် လုပ်နေပါတယ်။

“တောင်ယာခုတ်တာလည်း ပြီးသွားပြီ။ တခြားဝင်ငွေရတဲ့ အလုပ်မရှိတော့ ထောပတ်သီးခူးတဲ့နောက်ကိုလိုက်ပြီး ခူးပြီးသားအသီးတွေကို သယ်ပေးတယ်။ တစ်ရက်ကို တစ်သောင်းနှစ်ထောင်လောက်ပဲ ရတယ်။ ကျွန်တော်တို့က တောင်ယာအဓိကလုပ်တယ်။ အချိန်တွေမှာ တောင်ယာခုတ်တယ်။ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးတွေစိုက်ပြီး တီးတန်မြို့ကိုရောင်းတယ်”

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှထွက်သည့် ထောပတ်သီးများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှထွက်သည့် ထောပတ်သီးများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဖလမ်းနဲ့ တီးတိန်မြို့နယ်တွေမှာ ထောပတ်သီး အများဆုံးထွက်ပြီး၊ ဒီရာသီမှာ အိတ်ငါးသောင်းလောက် အိန္ဒိယ ပို့လိုက်သလို၊ နောက်ဆိုပိုထွက်မယ်လို့ ပွဲစားကြီး ဦးအယ်လ်လျန် (L Lian) က ပြောပါတယ်။

“ကျွန်တော်သွားတဲ့ နေရာတိုင်းမှာ ထောပတ်ပင်အများကြီး စိုက်ကြတယ်။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်၊ ငါးနှစ်ကနေ သီးမှာပေါ့လေ။ အဲဒါကြောင့် ဒီနှစ်ကနေ လေးနှစ်၊ ငါးနှစ် ပြီးရင် ငါတို့ ချင်းတောင်က ထောပတ်သီး အများကြီးထွက်မှာ”

ထောပတ်သီးဟာ အပင်သက်တမ်း ငါးနှစ်ကနေ ခုနစ်နှစ်ကြားမှာ အသီးသီးကြပြီး၊ အခုဆို ဒေသခံအများစုက ပိုပြီးစိုက်ပျိုးလာကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
ရွှေစာရံဘုရားပွဲက တစ်ဦးတည်းသော စက်လှေသမ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။