ထူးထူးခြားခြား သစ်ခေါက်နဲ့ ပန်းချီဖန်တီးသူ
2024.01.26
သူ့နာမည်က ဦးသန်းလှအောင် ပါ။ အသက် ၇၄ နှစ် ရှိပါပြီ။
မန္တလေးမြို့ မြောက်ပြင်ရပ် ၁၁ လမ်းမှာ နေထိုင်ပါတယ်။ သူ့မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိပါတယ်။ ဇနီးကတော့ ကွယ်လွန်သွားပါပြီ။
သူက မြန်မာပြည်အလယ်ပိုင်း မန္တလေးဒေသမှာ အလွယ်တကူရနိုင်တဲ့ ကုက္ကိုပင်က သစ်ခေါက်တွေကို ခွာယူ၊ ပန်းချီပညာနဲ့ ပေါင်းစပ်ပြီး သာမန်ထက် ထူးခြားတဲ့ ပန်းချီကားတွေ ဖန်တီးနေတာ အနှစ် လေးဆယ်နီးပါး ရှိနေပါပြီ။
"ကျွန်တော် အမြဲတမ်း တီထွင် ကြံဆနေတာ။ ဒီဟာကလည်း ရှင်းရှင်းပြောရရင် ဆရာလည်း မရှိဘူးပေါ့။ ဒါက ကျွန်တော်တီထွင်ကြံဆမှုနဲ့ တတ်လာတာ"
ကုက္ကိုခေါက်တွေမှာရှိတဲ့ ထူးခြားတဲ့ သဘာဝအရောင်တွေကို သတိထားမိရာကနေ သစ်ခေါက်ပန်းချီကို သူ စတင်ဖန်တီးခဲ့တာပါ။
"ကုက္ကိုကကျတော့ အရောင်စုံတယ်။ ဒီထဲမှာ မီးခိုးရောင်လည်း ပါတယ်။ အနက်ရောင် ပါတယ်။ အညိုရောင် ပါတယ်၊ အညိုနုပါတယ်၊ အဝါပါတယ်၊ အဖြူပါတယ်။ သူ့ကိုဆေးမခြယ်ဘဲနဲ့ အရောင်က လှပြီးသား။ ကျွန်တော်က သူနဲ့လိုက်ဖက်မယ့် ပန်းချီကို နောက်ကနေ အရောင်ရေးပြီးတော့ သူ့ကို ကပ်လိုက်ရင် ပြည့်စုံသွားတယ်။ အဲဒါကို မြင်မိလို့ ဒီသစ်ခေါက်ပန်းချီကို လုပ်တာ"
ဒီလိုသစ်ခေါက်ပန်းချီကားတွေကို ဖန်တီးဖို့ အနှစ်ငါးဆယ်ကျော် သက်တမ်းရှိတဲ့ ကုက္ကိုပင်ကြီးတွေက သက်တမ်းရင့် အခေါက်တွေကို သူကိုယ်တိုင် ရှာဖွေခွာယူပါတယ်။
ကုက္ကိုခေါက်တွေကို အသေအချာကြည့်တဲ့အခါ ခြင်္သေ့ခေါင်း၊ နတ်သားခေါင်း၊ ငှက်တောင်ပံ စတဲ့ ထူးခြားတဲ့ အသွင်သဏ္ဌာန်တွေကို တွေ့ရတယ်လို့ ဦးသန်းလှအောင် က ရှင်းပြပါတယ်။
အဲဒီထူးခြားတဲ့နေရာတွေကို ဂရုတစိုက်ခွာယူ၊ သူ့ရဲ့ပန်းချီပညာနဲ့ ပေါင်းစပ်ပြီး ထူးခြားတဲ့ ဖောင်းကြွ သဘာဝတိရစ္ဆာန်တွေပါတဲ့ ပန်းချီကားတွေကို သူ ဖန်တီးနေတာပါ။
"အခေါက်တွေကို စေ့စေ့စပ်စပ်နဲ့ သေချာလိုက်ကြည့်တဲ့အခါကျတော့ တချို့နေရာက ခြင်္သေ့ခေါင်းနဲ့ တူတာလိုလို၊ တချို့က နတ်သားခေါင်းနဲ့ တူတာလိုလို၊ တချို့နေရာက ငန်းတောင်ပံနဲ့ တူနေတာ လိုလိုလေးတွေ တွေ့တာပေါ့။ ငါ ဒါကိုတော့ ဖန်တီးကြည့်မယ်ဆိုပြီး ကိုယ်လိုချင်တဲ့ အပိုင်းလေးတွေ ခွာတယ်။ ခြင်္သေ့လုပ်မယ်ဆိုရင် ခြင်္သေ့နဲ့တူတဲ့ နေရာတွေခွာပြီး ခြေင်္သေ့နဲ့ လိုက်ဖက်တဲ့ အခေါက်တွေကို လိုက်ရှာပြီး ခြင်္သေ့လုပ်တယ်"
ခွာယူထားတဲ့ သစ်ခေါက်တွေကို ကိုယ်လိုချင်တဲ့ ပုံစံရအောင် မကျိုးမပဲ့စေဘဲ ဓားနဲ့လှီးပြီး ပုံဖော်ရတာက အခက်ခဲဆုံးပဲလို့ သူက ဆိုပါတယ်။
အရင်က သစ်ခေါက်ပန်းချီဆိုတာကို မမြင်ဖူးခဲ့ဘဲ ဦးသန်းလှအောင် ဖန်တီးမှပဲ စမြင်ဖူးတာလို့ အရင်းနှီးဆုံး ငယ်သူငယ်ချင်း ဦးခင်မောင်စက် က ညွှန်းဆိုပါတယ်။
"ဟိုတုန်းကတော့ သစ်ခေါက်ပန်းချီကို မြင်ကိုမမြင်ဖူးတာ။ သူနဲ့တွေ့မှပဲ မြင်ဖူးတာလေ။ သူ့ ကြည့်ရတာတော့ သစ်ခေါက်တွေ သွားသွားခွာပြီး ဒါပဲလုပ်နေတာပဲ မြင်တာ။ ဟိုနားသစ်ပင်က ဘာရှိတယ်ဟေ့ဆို သွားခွာတာ သူက အဲဒီလိုမျိုး။ လိုက်ခဲ့ဦးကွာဆိုရင် ငါ မလိုက်ချင်ဘူးကွာ ခဏခဏပဲ"
ဦးသန်းလှအောင်ဟာ သစ်ခေါက်ပန်းချီကားတွေ မဖန်တီးခင်က သစ်ပင်၊ သစ်မြစ်ကြီးတွေနဲ့ သဘာဝ ပန်းပုရုပ် တွေကို ထုလုပ်ပြီး အသက်မွေးခဲ့သူပါ။
၁၉၈၈ အရေးအခင်းမှာ အဲဒီလုပ်ငန်းကို သူ ရပ်ပစ်လိုက်ရပါတယ်။ ၈၈-နောက်ပိုင်းမှာ သစ်မြစ်၊ သစ်ခေါက်တွေနဲ့ စားပွဲတင် အလှပစ္စည်းတွေ၊ နံရံကပ် ပစ္စည်းလေးတွေ ပြုလုပ်ပြီး သူ ရပ်တည် အသက်မွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကနေမှတစ်ဆင့် သဘာဝပစ္စည်းလေးတွေကို အများနဲ့မတူတဲ့ အနုပညာတစ်ရပ် ဖန်တီးလိုတဲ့ စိတ်ကြောင့် ဒီသစ်ခေါက်ပန်းချီကို သူ စတင်ခဲ့တာပါ။
"ကျွန်တော်က တီထွင်ဖန်တီးရတာကို စိတ်ဝင်စားတယ်။ ပန်းချီကတော့ အခြေခံပါလာပြီးသားပေါ့ဗျာ။ တီထွင်ဖန်တီးရမလား၊ ဘာလေးတွေ ဘယ်လိုလုပ်ရရင် ကောင်းမယ်ဆိုတာ ကျွန်တော် အမြဲတမ်း တီထွင် ကြံဆနေတာ။ ဒီဟာကလည်း ရှင်းရှင်းပြောရရင် ဆရာလည်း မရှိဘူးပေါ့။ ဒါက ကျွန်တော်တီထွင်ကြံဆမှုနဲ့ တတ်လာတာ။ ဒါငတ်လို့ တတ်လာတာပဲ"
အောက်ခံပန်းချီနဲ့ ဖောင်းကြွ သစ်ခေါက်အရုပ်ကလေးတွေကြောင့် ရိုးရိုးပန်းချီထက် ပိုကြိုက်တယ်လို့ သန်းခေါက်ပန်းချီတွေကို စိတ်ဝင်စားသူ ဦးစိုးနိုင် က ပြောပါတယ်။
"သူစိတ်ထင်ရာ လုပ်နေရရင် သူ ကျေနပ်တယ်။ ပြောစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပဲ။ ဆိုစရာရှိ လည်း ပွင့်ပွင့်လင်းလင်း။ ဆဲစရာရှိလည်း ပွင့်ပွင့်လင်းလင်း ဆဲတာပဲ။ ပြောမနာ ဆိုမနာတွေပေါ့။ ရိုးရိုးပန်းချီပုံတွေတော့ သိပ်မခံစားတတ်ဘူး။ သူက အောက်ခံပန်းချီနဲ့ သစ်ခေါက်လေးလည်းပါတော့ ခံစားတတ်တယ်"
သစ်ခေါက်ပန်းချီနဲ့ပတ်သက်လို့ သူ့ဆီမှာ ပညာသင်ယူဖူးသူတချို့ ရှိခဲ့ပေမယ့် ခက်ခဲတာကြောင့် ဆက်လက် ဖန်တီးတာမျိုး မရှိခဲ့ဘူးလို့ ဦးစိုးနိုင်က ပြောပါတယ်။ သစ်ခေါက်ပန်းချီဟာ ပန်းချီ စျေးကွက်မှာ စိတ်ဝင်စားသူ နည်းပါးတာကလည်း အကြောင်းရင်းတစ်ရပ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် သစ်ခေါက်ပန်းချီဆရာဟာ ဝင်ငွေမကောင်းပါဘူး။
အခုနောက်ပိုင်းမှာတော့ ပန်းချီဆရာဟာ လှပတဲ့ ပန်းချီကားတွေကို ဖန်တီးဖို့ထက် ဝမ်းရေးအတွက် သစ်ပင်ခုတ်၊ မြောင်းတူး စတဲ့အလုပ်တွေကို လုပ်နေရပါတယ်။
"ကြိုးကြား ကြိုးကြားလည်း ကြုံရာကျပန်းလုပ်ရတာပေါ့ဗျာ၊ အမျိုးမျိုးပေါ့။ သစ်ပင်ခုတ်ချင်တယ်ဆိုလည်း လိုက်ခုတ်တာပေါ့။ မြောင်းတူးချင်တယ်ဆိုလည်း တူးလိုက်တာပေါ့ဗျာ။ ဒီအိမ်က ဒီပစ္စည်းတွေ ရွှေ့ချင်တယ် ဆိုလည်း လိုက်ရွှေ့တာပေါ့ဗျာ။ ကိုယ့်ဝမ်းစာအတွက်ရရင် ပြီးတာပဲလေ။ ရတဲ့ ပိုက်ဆံနဲ့ နောက်နေ့ ပန်းချီ ထိုင်ရေး။ ဒီအိမ်က သစ်ပင်ခုတ်ချင်တယ်ကွာဆိုရင် ခုတ်ပေးလိုက်မယ်လေ။ တံတားလေး ရိုက်ချင်တယ် ဆိုလည်း လိုက်ရိုက်ပေးလိုက်တာပဲ။ ကိုယ် နေ့တွက်ရရင် ပြီးတာပဲလေ။ နေ့တွက်ထက်လည်း ပိုမတောင်းဘူး။ အဲလိုနဲ့ ကျင်လည်လာတာပေါ့ဗျာ"
ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် အနှစ်လေးဆယ်အတွင်းမှာ သစ်ခေါက်ပန်းချီကားပေါင်း ထောင်နဲ့ချီပြီး ဖန်တီးဖြစ်ခဲ့တယ်လို့ ဦးသန်းလှအောင်က ပြောပါတယ်။ သစ်ခေါက်ပန်းချီကားတွေဖန်တီးချင်တဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းစေချင်ပြီး အတတ်နိုင်ဆုံး ကူညီခွင့် ရချင်တယ်လို့ သူက ဆိုပါတယ်။
အများစု မဟုတ်ရင်တောင် တစ်ဦးတစ်ယောက်က သူ့ရဲ့ပန်းချီကားတွေကို ခံစားနှစ်သက်နေသေးတယ်ဆိုရင် ဒီသစ်ခေါက်ပန်းချီကားတွေကို သူ ဆက်ပြီး ဖန်တီးနေဦးမှာပါ။