ရန်ကုန်တိုင်း၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုရား အနောက်ဘက် ခြမ်းက လမ်းသွယ်တစ်ခုရဲ့ဘေးမှာ Calvary Peace Center လို့ အမည်ပေးထားတဲ့ သွပ်မိုး၊ ဝါးကာ၊ ဝါးခင်း တဲရှည်လေးတစ်လုံးရှိနေပါတယ်။ ဒါကတော့ မိဘမဲ့ကလေး ၄၀ ကျော်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ဂေဟာပါ။
ကလေးတွေကို ထမင်းခွံ့ကျွေးနေတဲ့ အသက် ၃၉ နှစ်အရွယ် မခင်မိုးအေးမှာ တစ်နှစ် အရွယ် သားလေး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရုတ်တရက်ကွယ်လွန်သွားပါတယ်။ အဲဒီအချိန် ကစလို့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်နေခဲ့တာ အခုဆိုရင် ၆ နှစ်နီးပါးရှိနေပါပြီ။
" အိမ်ထောင်မကောင်းလို့ အမျိုးသားမကောင်းလို့ ကိုယ့်ကလေးကို အချိန်မပေး နိုင်တဲ့ကလေးတွေ၊ မေတ္တာမပေးနိုင်တဲ့ကလေးတွေ၊ မိဘစွန့်ပစ်တဲ့ကလေးတွေ ကျမတတ်နိုင်သလောက်လေး ကျမအသက်ရှင်တဲ့ ကာလလေးမှာ အတတ်နိုင်ဆုံး ပြုစုမယ်ဆိုပြီး ကျမဝင်ဖြစ်တာ။ စပြီးလုပ်ဖြစ်တာပေါ့ "
မနက်ပိုင်း ဝက်သားထွက်ရောင်းလို့ရတဲ့ဝင်ငွေက သူတာဝန်ယူထားတဲ့ ကလေးငယ်တွေ အတွက် နေ့စဉ်အသုံးစရိတ်ပါပဲ။
မိဘမဲ့၊ စွန့်ပစ်ခံ၊ နွမ်းပါးတဲ့မိသားစု စတဲ့နေရာပေါင်းစုံက နောက်ခံအကြောင်းအရာမျိုးစုံ ရှိနေတဲ့ မိဘမဲ့ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ မေတ္တာထားပြီးတော့သာ ပျိုးထောင် ပေးနေတယ်လို့ မခင်မိုးအေးက ပြောပါတယ်။
" မိသားစုမျိုးစုံ၊ စရိုက်မျိုးစုံကနေလာတဲ့အခါမှာ ကလေးတွေမှာ ပုံစံတစ်မျိုးတည်း မဟုတ်ဘူး။ စရိုက်အမျိုးမျိုးရှိတယ်။ တစ်ခါတလေမှာ အရမ်းခံရခက်တဲ့ အပြုအမူ မျိုးလည်း လုပ်တတ်ကြတယ်ဆိုတော့ ကျမတို့က သူတို့ကို သင်ပေးရတာရှိတယ်။ သူတို့က ကျမတို့ကို သင်ခန်းစာပြန်ပေးတာလည်းရှိတယ်လေ။ အဓိကကတော့ မေတ္တာက အရမ်းအရေးကြီးတယ်။ မေတ္တာရှိမှပဲ ရှေ့ဆက်လို့ရမယ် "
မခင်မိုးအေးက မိန်းကလေးတွေကို တာဝန်ယူထားသလို ဂေဟာတည်ထောင်သူ ဦးရောဘတ် ကတော့ ယောက်ျားလေးတွေကို တာဝန်ယူထားပါတယ်။
ဒီဂေဟာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က စတည်ထောင်ခဲ့တာပါ။ ဒါပေမဲ့ မြေယာအပိုင်မရှိတာကြောင့် နှစ် ၂၀ ကျော်အတွင်းမှာ ၁၄ ကြိမ် ရွှေ့ပြောင်းခဲ့ရပါတယ်။
"အဓိကကတော့မေတ္တာက အရမ်းအရေးကြီးတယ်"
လက်ရှိနေရာကလည်း လမ်းဘေးမှာ ကျုးကျော်ဖြစ်နေတဲ့အတွက် ကလေးတွေရဲ့ လုံခြုံရေးအတွက် ကိုယ်ပိုင်မြေနဲ့ ဂေဟာအတည်တကျဖြစ်ဖို့ ဦးရောဘတ် မျှော်လင့် နေပါတယ်။
" နောက်ဆုံး ပစ္စည်းပျောက်ရင်ပျောက်သွား၊ ငါ့ကလေးဆွဲမသွားရင်တော်ပြီ။ အဲဒါ ကြောင့် သူတို့ကို ဒီမှာတစ်ခါတည်း သူတို့ ကျောင်းမှာအိပ်ရင် ကျောင်းလိုက်အိပ်ရတယ်။ မလုံခြုံဘူးပေါ့နော်။ ပညာရေးကို အဓိကထားမယ်။ စားသောက်တဲ့နေရာဆိုလည်း အရေးကြီးဆုံးပဲ။ အခုလိုပဲ စည်းကမ်းနဲ့ ပြန်သွားမှာပါ။ ကိုယ့်နေရာလည်းဖြစ်သွားပြီ ဆိုရင်တော့ပေါ့လေ။ အဝတ်တွေလည်း ကျနော်ကိုယ်တိုင်မလျှော်တော့ဘူး။ စက်နဲ့ လျှော်မယ်။ စည်းကမ်းတကျပေါ့လေ။ ဒီလိုဗျောက်သောက် မရှိချင်တော့ဘူး။ စတိုခန်းထဲမှာ စုထားမယ်။ အပြင်လူလာရင်တောင် မတွေ့ရတော့ဘူး။ အဲလို ထားချင်တယ်။ ဆောက်ခပဲကုန်မယ်။ တကယ်လို့ ကိုယ်ပိုင်မြေရရင်"
ဒီဂေဟာက စောင့်ရှောက်ပေးနေတဲ့ ကလေးတွေထဲမှာ ကျောင်းသား ၃၀ လောက်ရှိပါတယ်။ ဂေဟာတည်ထောင်သူ ဦးရောဘတ်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပေမဲ့ ကလေး တွေကိုတော့ လူမျိုး၊ ဘာသာမရွေး လက်ခံစောင့်ရှောက်ပေးထားတာပါ။ ကလေးတွေရဲ့ ဘဝတက်လမ်းနဲ့ သူတို့ရပ်တည်နိုင်အောင် ထောက်ပံ့ပေးဖို့ကိုလည်း ဒီဂေဟာက ရည်ရွယ်ထားပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့ကနေ ငါးနာရီအကြာကားစီးရတဲ့ ကျေးရွာတစ်ရွာကနေ ရောက်လာတဲ့ ဖခင်မဲ့ ၈ တန်းကျောင်းသူ မိမိငယ် ကတော့ ရန်ကုန်မှာကျောင်းတက်ပြီး စက်ချုပ်ပညာသင်ချင်တဲ့အတွက် ဒီဂေဟာကို ရောက်လာတာလို့ ပြောပါတယ်။
"ရွာမှာကျတော့ ကျောင်းတက်ရတာ အဆင်မပြေဘူး ။ ဆယ်တန်းအထိလည်း မထားပေးနိုင်ဘူး။ ကိုးတန်းအထိပဲရှိတယ်။ သမီးအမေက အသက်ကြီးပြီ။ ကျောင်းပြီးအောင်တက်ပြီး အလုပ်လုပ်ပြီးမှ ရွာပြန်လာခဲ့တဲ့ အမေက "
ဂေဟာရဲ့ နေ့စဉ်အသုံးစရိတ်ဟာ ယောက်ျားလေးနဲ့ မိန်းကလေးဆောင် နှစ်ဆောင်ပေါင်း တစ်နေ့ကို ကျပ် ခြောက်သောင်းနီးပါးရှိပါတယ်။
တချို့အလှူရှင်တွေရဲ့ အကူညီကြောင့် လတ်တလောမှာ အစားအသောက်အတွက် အဆင်ပြေနေပါတယ်။ ဒါပေမဲ့ နွမ်းပါးတဲ့ မိဘမဲ့ကလေးတွေ လုံလုံခြုံခြုံနဲ့ အတည်တကျ နားခိုနိုင်ရေးအတွက် ဂေဟာပိုင်မြေတစ်ကွက် ရဖို့အတွက်ကတော့ ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုဖြစ်နေတာပါ။
မေတ္တာနဲ့ ခိုကိုးရာလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် ဂေဟာတည်ထောင်သူ ဦးရောဘတ်နဲ့ မိန်းကလေးဂေဟာ တာဝန်ခံ မခင်မိုးအေး တို့ကတော့ တတ်နိုင်စွမ်း သလောက် စောင့်ရှောက်ပေးနေကြဦးမှာ ဖြစ်ပါတယ်။