CDM တွေကို ပြည်သူ့ပန်းတိုင်အဖွဲ့က အသက်မွေးဝမ်းကျောင်း သင်တန်းပေး

RFA Burmese
2024.12.15
CDM တွေကို ပြည်သူ့ပန်းတိုင်အဖွဲ့က အသက်မွေးဝမ်းကျောင်း သင်တန်းပေး ပြည်သူ့ပန်းတိုင်အဖွဲ့တွင် သင်ကြားနေသည့် သင်တန်းသားများအား ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

စစ်အာဏာသိမ်းတာကို လက်မခံဘဲ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ရှောင်တိမ်းလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားရှိနေပါတယ်။

CDM လုပ်ခဲ့တဲ့ စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ စားဝတ်နေရေးအဆင်ပြေအောင် ထိုင်းမြန်မာနယ်စပ်မှာ ထူထောင်ထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးနေပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ တာဝန်ရှိသူတွေနဲ့ CDM စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ညှိနှိုင်းပြီး ရေရှည်အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဝရပ်တည်ဖို့အတွက် အဆင်ပြေ‌စေမယ့် စက်ဘီး၊ လျှပ်စစ်စက်ဘီး (E-bike)၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းကို သင်ကြားပေးနေတာလို့ ပြည်သူ့ပန်းတိုင်အဖွဲ့ တာဝန်ရှိသူ ကိုနောင်ရိုးက RFA ကို ပြောပါတယ်။

"ပြည်သူ့ပန်းတိုင်အနေနဲ့ပေါ့နော် CDM စစ်သား၊ ရဲသားတွေကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးမှာ တက်နိုင်သလောက် တတ်နိုင်သမျှ ကူညီပံ့ပိုးဖို့ လုပ်ဆောင်သလို အသက်မွေးဝမ်းကျောင်းတွေ ပံ့ပိုးပေးနိုင်ဖို့ သူတို့ဘဝသစ် ပြန်လည်တည်ဆောက်ရေးမှာ ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်ဖို့ ပြင်ဆင်လာတယ်ပေါ့နော်။ ဒါကြောင့်လည်း အခု စက်ဘီးပြင်သင်တန်း၊ E-bike ပြင်သင်တန်းတွေ၊ ဖုန်းပြင်သင်တန်းတွေ CDM တွေရဲ့ လိုအပ်ချက် တစ်ထောင့်တစ်နေရာမှာ သူတို့ရဲ့ အသက်မွေးရပ်တည်မှုမှာ အထောက်အပံ့ဖြစ်နိုင်ဖို့ ဒါမျိုးတွေ ဆောင်ရွက်ခြင်းဖြစ်တယ်"

စက်ပြင်သင်တန်းကို ပထမ အပတ်စဉ်မှာ CDM သင်တန်းသား ငါးဦးတက်ရောက်ခဲ့ပြီး၊ ဒီဇင်ဘာလမှာ သင်ပြနေတဲ့ ဒုတိယအပတ်စဉ်မှာတော့ CDM ဝန်ထမ်းအပြင် အခြားပြင်ပက သင်ယူလိုသူတစ်ဦး အပါအဝင် ခုနှစ်ဦးကို သင်တန်းကာလ ခြောက်ပတ်အတွင်း သင်ပေးနေတယ်လို့ ပြည်သူ့ပန်းတိုင် စက်ပြင်သင်တန်းတာဝန်ခံ ကိုမျိုးက ပြောပါတယ်။

သင်တန်းလာတက်နေကြတဲ့သူတွေ လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချပြုပြင်တတ်အောင် ဦးစားပေးသင်ကြားပေးနေပြီး အလုပ်ခွင်မှာ အခက်အခဲရှိချိန် ပူးပေါင်းကူညီပြုပြင်ပေးတာမျိုးအပြင်၊ အွန်လိုင်းကနေ ဆွေးနွေးပေးတာမျိုးအထိ သင်ပြပေးနေတယ်လို့ Ebike (လျှပ်စစ်စက်ဘီး) စက်ပြင်သင်တန်းဆရာ ကိုစက်က ပြောပါတယ်။

"အခုကျွန်တော် Ebike သင်ပေးနေတယ်ပေါ့နော်။ Ebike အပတ်စဥ်ရောက်လာပြီ၊ Ebike အပတ်စဥ်မှာ ကျွန်တော်တို့တွေ လေးရက်မြောက်နေ့ ဖြစ်လာပြီပေါ့။ ဒီ Ebike နဲ့ ပတ်သက်ပြီး ကျွန်တော် ပထမဆုံးနေ့ပြတာ ဘက်ထရီ ပိုင်းဆိုင်ရာပြတာရယ်၊ ကွန်ထရိုလာနဲ့ ဝါယာရိန်းပိုင်းဆိုင်ရာ ပြတယ်ပေါ့နော်။ Ebike နဲ့ပတ်သက်ပြီး အရှေ့မှာရှိတဲ့ ဖောက်တို့ ဘရိတ်တို့၊ ဘရိတ်မှာပါတဲ့ ဘောလှည့်တာတို့၊ ဘီးဖြုတ်တာတို့ ဒါလေးတွေပြတယ်"

ပြည်သူ့ပန်းတိုင်အဖွဲ့ က CDM တွေကို အသက်မွေးဝမ်းကျောင်း စက်ပြင်သင်ပေးတဲ့အတွက် အရင်က ဘာအလုပ်အကိုင်မှ မရှိခဲ့တာထက်စာရင် ဒီသင်တန်းပြီးရင် အလုပ်အကိုင်ရပြီး အဆင်ပြေလာမယ်လို့ လက်ရှိဒုတိယအပတ်စဉ်သင်တန်းမှာ သင်ကြားနေတဲ့ လျှပ်စစ်စက်ဘီး စက်ပြင်သင်တန်းသား CDM ရဲတပ်သားဟိန်းထက်က ပြောပါတယ်။

"CDM အနေနဲ့ဆိုရင်တော့ တော်တော်တော့ ခက်ခဲတယ်ဗျ။ အဓိက စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးက အစပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှမရှိတဲ့ CDM တွေကများတယ်လေ၊ တချို့အလုပ်တွေဆိုရင် လက်မှတ်ရှိမှခေါ်တာတို့၊ အခုဆိုဒီသင်တန်းတွေ ဖွင့်ပေးတဲ့အတွက် ဒီကနေပြီးတော့ အခွင့်အလမ်းတစ်ခုရလာမယ်။ ရလာတဲ့အချိန်မှာ လုပ်ငန်းခွင်မှာ ဒီကအတွေ့အကြုံလေးတွေနဲ့ လုပ်ငန်းခွင်ဝင်မယ်ဆိုလို့ရှိရင်လည်း အဆင်ပြေတယ်ပေါ့နော်။ ဒီလိုမျိုး ကိုယ့်အတွက် အထောက်အကူတစ်ခုဖြစ်တာပေါ့။ ကိုယ်မသိတဲ့ပညာတွေလည်း သိလာတယ်၊ ကိုယ်အပြင်မှာ တစ်ခုခုလုပ်စားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတာပေါ့"


ဆက်နွှယ်သောသတင်းများ

သုံးနှစ်ကျော်အတွင်း စစ်တပ်နဲ့ ရဲ CDM လုပ်သူ ၁၅,၀၀၀ ကျော် ရှိလာကြောင်း NUG ပြော

ဖမ်းဆီးခံထားရတဲ့ CDM တွေကို အလုပ်ပြန်ဝင်ဖို့ ဖိအားပေးနေ

မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အားပေးထောက်ခံဖို့ CDM တွေ နိုင်ငံတကာကို တောင်းဆို


ဒါအပြင် နိုဝင်ဘာလအတွင်း ပထမအကြိမ်သင်တန်း ဆင်းခဲ့တဲ့ လေတပ် CDM တပ်သားတစ်ဦးအနေနဲ့ သူတို့ အရင်တပ်မတော်သားဘဝက အကျွမ်းတဝင်ရှိခဲ့တာက စစ်လက်နက်ပစ္စည်းတွေဖြစ်ခဲ့ပြီး အခု CDM ဘဝသစ်မှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ပြီး ဘဝရပ်တည်ရတာအရင် Ebike မပြင်တတ်ခင်ကာလထက် အဆင်ပြေလာပြီလို့ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်ပြင်ဆိုင်မှာ အလုပ်ဝင်လုပ်နေတဲ့ အမည်မဖော်သူ လေတပ် CDM တပ်သားတစ်ဦးက ပြောပါတယ်။

"လာအပ်တဲ့ပေါ်မူတည်ပြီးတော့ ပုတ်ပြတ်သဘောမျိုးပေါ့ ရပါတယ်။ ပစ္စည်းဖိုးကရတဲ့ အမြတ်ငွေကို ယူတယ်။ ကျွန်တော်ကကျတော့ လက်ခ ကျွန်တော့်ကို ပေးတယ်ပေါ့နော်။ ကျွန်တော်ပြင်တာက အဲဒီဆိုင်မှာ ကျွန်တော်လုပ်တာက ၁၅ ရက်၊ ရက် ၂ဝ ဝန်းကျင်ပဲ ရှိဦးမယ်။ ပုံမှန်လစာမဟုတ်တဲ့အတွက်ကြောင့်မို့ လျှပ်စစ်စက်ဘီး ပြင်တဲ့သူ မရှိတဲ့ရက်လေးတွေဆိုရင် ကျွန်တော်ဝင်ငွေနည်းတာပေါ့နော်။ ၁၅ ရက်၊ ရက် ၂ဝ မှာ ကျွန်တော့်ဝင်ငွေ ၁၈ဝဝ၊ ၂ဝဝဝ ဝန်းကျင်လောက်ရတယ်"

သင်တန်းတွေပြီးသွားရင် လုပ်ငန်းခွင်မှာ အဆင်ပြေလာတာကနေ ပုံမှန်ဝင်ငွေရပြီး မိသားစုရဲ့ ကျန်းမာရေး၊ ပညာရေးမှာ အထောက်အကူဖြစ်နိုင်မယ့်အပြင် သူတို့ကတစ်ဆင့် နောက်ထပ် CDM တွေကို လက်တွဲခေါ်ယူပြီး စက်ပြင်ပညာတွေ လက်ဆင့်ကမ်း သင်ပြကူညီပေးတာတွေ ဆက်လုပ်သွားမယ်လို့ CDM သင်တန်းသားတွေက ပြောပါတယ်။

အဲဒီလို ပြည်သူ့ပန်းတိုင်အဖွဲ့ကနေ လက်ရှိမှာ သင်ပြပေးနေတဲ့ စက်ဘီး၊ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်၊ ဖုန်းနဲ့ ကွန်ပျူတာပြင်သင်တန်းအပြင် နောက်ထပ် အိမ်သုံးမော်တာ၊ အဲယားကွန်း၊ ပန်ကာ၊ လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်းတွေကို တိုးချဲ့လုပ်သွားဖို့ ရှိနေတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့တာဝန်ရှိသူ ကိုနောင်ရိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။