CDM ဝန်ထမ်းလေးဦး တည်ထောင်တဲ့ သဘာဝ ဆေးဆိုးပန်းရိုက်လုပ်ငန်း

RFA Burmese
2024.01.25
CDM ဝန်ထမ်းလေးဦး တည်ထောင်တဲ့ သဘာဝ ဆေးဆိုးပန်းရိုက်လုပ်ငန်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် CDM အမျိုးသမီးဝန်ထမ်းများ စုပေါင်းတည်ထောင်ထားသည့် သဘာဝဆေးဆိုးပန်းရိုက် ထုတ်ကုန်များအား တွေ့ရစဉ်။
RFA

ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် လက်မှုပညာသင်တန်းဆင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဝန်ထမ်း အမျိုးသမီးလေးဦးတည်ထောင်တဲ့ Print & Go ဆိုတဲ့ Eco Printing သဘာဝ ဆေးဆိုးပန်းရိုက်လုပ်ငန်းက ပြည်ပကိုတင်ပို့နိုင်တဲ့အထိ အောင်မြင်နေပါတယ်။

တစ်ယောက် ဘတ်တစ်ထောင်ထည့်ဝင်ပြီး ဘတ်လေးထောင်နဲ့ စတင်ရင်းနှီးတဲ့ လုပ်ငန်းဟာ တစ်နှစ်နီးပါးမှာ ဈေးကွက်ဝင်နေပြီလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန CDM ဝန်ထမ်း ဒေါ်ချောစုက RFA ကို ပြောပါတယ်။

“ကျွန်မ ဒီကိုရောက်တော့ ၂၀၂၂ ခုနှစ်မှာ ရောက်ခဲ့ပါတယ်၊ ဒီကိုရောက်တော့ ၇ လပိုင်းမှာ ဒေါသိင်္ဂီဦးကနေပြီးတော့ ဒီ Eco Printing ကို စပြီးတော့ CDM တွေကို သင်ပေးခဲ့တယ်၊ အဲဒီကနေပြီးတော့ စပြီးတော့ ကျွန်မလုပ်ခဲ့တာပေါ့နော်၊ အရင်ကတော့ ကျွန်မ တခြားသူတွေအတွက်ကိုပဲ လုပ်ပေးခဲ့တာပေါ့နော်၊ ၂၀၂၃ ဖေဖော်ဝါရီရောက်တဲ့အခါကျတော့မှ ကျွန်မဒီ CDM ပေါ့နော် သင်တန်းပြန်ပေးထားတဲ့ CDM တွေကို စုလည်းပြီးရော ကျွန်မဒီလုပ်ငန်းတွေကို Print & Go ဆိုပြီးတော့ အမှတ်တံဆိပ်စပြီးတော့ တည်ထောင်ပြီးတော့ ဒီဟာကို စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့တာပေါ့နော်၊ စစခြင်းမှာတုန်းက ဈေးကွက်စိန်ခေါ်မှု ရှိတယ်ပေါ့၊ ငွေကြေး အရင်းအနှီး မလုံလောက်တဲ့ စိန်ခေါ်မှုပေါ့နော်၊ ကျွန်မတို့ အခက်အခဲ အများကြီးကျော်ဖြတ်ခဲ့ပြီးတော့ အခုချိန်မှာတော့ ကျွန်မတို့ ဒီဥစ္စာကို စတင်ခဲ့တာပေါ့နော် မတ်လကနေ စတယ်ဆိုတော့ မတ်၊ ဧပရယ်၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာပေါ့နော် ဆိုတော့ ဒီကာလထဲမှာ ကျွန်မတို့ အခုဆိုရင် လုပ်ငန်းအများကြီး တိုးတက်လာပြီပေါ့နော်၊ နိုင်ငံတကာကိုလည်း ရောင်းနေရတယ်၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့ လုပ်ငန်းအနေနဲ့ကလည်း ဘတ်အနေနဲ့ဆိုရင် အခုဆိုရင် သိန်းဂဏန်းလောက်အထိ အရင်းအနှီး လုပ်ငန်းကျယ်ပြန့်သွားပြီပေါ့နော်။”

Eco Printing ဟာ သဘာဝ သစ်ရွက်၊ သစ်ခက်၊ ပန်းပွင့် အစေးနဲ့ ပွင့်ရိုက်ထည်တွေ ဖန်တီးတာပါ။ Print & Go က မြန်မာပြည်တွင်းက မှာယူတဲ့ ပေါင်းချည်သားစစ်စစ်ပေါ်မှာ အပွင့်အခက်တွေကို သဘာဝဆေးဆိုးနည်းနဲ့ လူသုံးကုန်အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ပါတယ်။

သူတို့ စုဖွဲ့ထားတဲ့ CDM လေးယောက်နဲ့ မိသားစုဝင်တစ်ချို့ဟာ မဲဆောက်မြို့ပြင် တောင်ယာတောအုပ်တွေက သစ်ရွက်၊ သစ်ခက်၊ အညွန့်၊ အဖူးတွေကို ခူးယူကြတယ်လို့ သစ်တောဌာနက CDM ဝန်ထမ်း ဒေါ်မေသန်းက ပြောပါတယ်။

“ဒီအရွက်တွေ၊ အခက်တွေက ဒီ Eco Printing အတွက် အဓိကကျတဲ့ ပစ္စည်းပေါ့နော်၊ ဒီဥစ္စာတွေရဖို့အတွက် ကျွန်မတို့က ဒီမှာနေနေတော့ ဒီပစ္စည်းက ခူးဖို့မလွယ်ဘူးလေ၊ မလွယ်တော့ မနက်ကျွန်မတို့ အစောကြီးထတယ်၊ မနက် ၆ နာရီလောက်ထတယ်၊ စက်ဘီးတွေနဲ့ ဟိုးတောထဲဘက်ကို သွားတယ်၊ တောထဲဘက်သွားပြီးတော့ ဒီလိုမျိုး လတ်ဆတ်တဲ့ မနုမရင့်လေးပေါ့၊ တအား အနုကြီးလည်း မဟုတ်ဘူး၊ ရင့်တာလည်း မဟုတ်ဘူး၊ အဲလိုမျိုးတွေ တောထဲမှာသွားပြီးတော့ စက်ဘီးကိုယ်စီနဲ့ပေါ့ အဲလိုမျိုးလျှောက်ခူးပြီးတော့မှ ဒီအရွက်ရတယ်၊ ဒီလိုရတဲ့အရွက်ကို ရေတွေဘာတွေ သန့်စင်မယ်၊ ဖုံတွေ ဘာတွေ သန့်စင်ပြီးတော့မှ ဒီပိတ်စပေါ်မှာ Print လုပ်တယ်ပေါ့နော်။”

သူတို့လို စစ်အာဏာရှင်စနစ်အောက် ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ပြီး စစ်ဘေးရှောင်ဘဝနဲ့ တိုက်ပွဲတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်တဲ့ ဘဝတူ CDM တွေဟာ ရပ်မြဲရပ်တည်နိုင်တာကို ပြသချင်တယ်လို့လည်း ဒေါ်မေသန်းက ဆက်ပြောပါတယ်။

“ကျွန်မတို့က မဲပေးထားတာက NLD ကို ကျွန်မတို့က မဲပေးခဲ့တယ်၊ ကျွန်မတို့ပေးတဲ့မဲကို သူတို့က အသိအမှတ်မပြုဘဲနဲ့ သူတို့က အာဏာသိမ်းခဲ့တယ်၊ အဲ့လို မတရားမှုဘက်ကို တော်လှန်ဖို့ ကျွန်မတို့က CDM လုပ်ခဲ့တာပေါ့နော်။ CDM လုပ်လို့ ခက်ခဲမယ်လို့ မဟုတ်ဘူး၊ အဲဒါကို ကျွန်မတို့က ပြချင်တယ်၊ ကျွန်မတို့ CDM လုပ်တယ်၊ စစ်ဘေးရှောင်ရတယ်၊ တောထဲမှာဆိုရင်လည်း ဒုက္ခတွေ အမျိုးမျိုးကြုံခဲ့ရတယ်၊ လက်နက်ကြီးတွေ ကြားထဲကနေ ကျွန်မတို့ ထွက်ပြေးခဲ့ရတယ်၊ ပြီးတော့ ဒီမဲဆောက်ကို ရောက်လာတယ်၊ ရောက်လာပြီးတော့ ငါတို့က CDM လုပ်လို့ ဒုက္ခရောက်မယ်ဆိုတာ မဟုတ်ဘူးပေါ့နော်၊ ငါတို့လုပ်နိုင်တယ်၊ ငါတို့လုပ်ပြမှာပေါ့၊ လုပ်ပြမယ်ဆိုပြီးတော့ ကျွန်မတို့ သင်တန်းတွေတက်တယ်၊ ဒီသင်တန်းတွေ အများကြီးတက်တယ်၊ လက်မှုပညာသင်တန်းတွေ တက်တယ်၊ ချည်ထိုးတက်တယ်၊ ဆပ်ပြာလုပ်တဲ့သင်တန်းတက်တယ်၊ ဒီ Eco Printing သင်တန်းတွေ တက်ခဲ့တယ်ပေါ့နော်၊ တက်ပြီးတော့မှ ကျွန်မတို့ CDM တွေ စုဖွဲ့ပြီးတော့ အလုပ်တစ်ခုလုပ်မယ်၊ ဒီဘဝရပ်တည်မှုအတွက် ကြိုးစားမယ်ဆိုပြီးတော့ ကျွန်မတို့စုဖွဲ့ပြီးတော့ ဒီလိုမျိုးအလုပ်ကို လုပ်ခဲ့တယ်ပေါ့နော်။”

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် CDM အမျိုးသမီးဝန်ထမ်းများ စုပေါင်းတည်ထောင်ထားသည့် သဘာဝဆေးဆိုးပန်းရိုက် လုပ်ငန်းခွင်အား တွေ့ရစဉ်။ (Photo: RFA)
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် CDM အမျိုးသမီးဝန်ထမ်းများ စုပေါင်းတည်ထောင်ထားသည့် သဘာဝဆေးဆိုးပန်းရိုက် လုပ်ငန်းခွင်အား တွေ့ရစဉ်။ (Photo: RFA)

ခုဆို သူတို့ Print & Go မှာ CDM ဝန်ထမ်းနဲ့ တိုက်ပွဲမှာ ဒဏ်ရာရပြီး ပြန်လည်သန်စွမ်းလာသူ ၁၅ ဦး လောက်လည်း ဝင်ရောက်လုပ်ကိုင်နေပါတယ်။

“အောင်မြင်တယ်လို့ ပြောရမှာပေါ့နော်၊ ကျွန်မတို့ရဲ့ ပစ္စည်းတွေကို ကျွန်မတို့က နိုင်ငံခြားတွေအထိ တင်ပို့ရောင်းချခဲ့တယ်၊ ပြီးရင် ကျွန်မတို့ရဲ့ဘဝတူ CDM တွေကိုလည်း အလုပ်ပေးနိုင်တယ်၊ ဒီကျွန်မတို့ဆီက ထွက်တဲ့ ပစ္စည်းတွေကို CDM တွေက ချုပ်ပေးတယ်ပေါ့နော်၊ ဒီလိုမျိုးအထည်တွေ ထွက်လာအောင်၊ သူတို့ ချုပ်ပေးတယ်၊ ပြီးရင် တော်လှန်ရေးမှာ ထိခိုက်တဲ့ရဲဘော်တွေဆိုရင် သူတို့က အလုပ်မလုပ်နိုင်တော့ဘူး၊ ဒီပင်ပင်ပန်းပန်း ကုန်ထမ်းဘာထမ်း အဲလိုအလုပ်တွေ မလုပ်နိုင်တော့ ကျွန်မတို့က ဒီလက်မှုပညာကို သူတို့ကို သင်ပေးခြင်းအားဖြစ် သူတို့ဘဝရပ်တည်နိုင်အောင်လို့ သူတို့ကိုသွားပြီးတော့ ဒီသင်တန်းတွေ ပေးခဲ့တယ်၊ သူတို့လည်း လုပ်နိုင်တယ်ပေါ့နော်၊ ဒီသင်တန်းတွေနဲ့၊ အခုသူတို့လည်း နိုင်သလောက် သူတို့တာဝန်သူတို့ ထမ်းကြတယ်ပေါ့နော်။”

Eco Printing ထည်တွေဟာ ဓာတုဆိုးဆေး လုံးဝမသုံးတဲ့အတွက် ကြာရှည်ခံပြီး ဒီဇိုင်းအမျိုးမျိုး ပြောင်းထုတ်နိုင်တာကြောင့် ပြည်တွင်နဲ့ နိုင်ငံစုံက နှစ်သက်ကြတယ်လို့ စည်ပင်သာယာဌာနက CDM လုပ်ခဲ့သူ မဥမ္မာက ပြောပါတယ်။

“အခုဒီမှာ ထုတ်ကုန်တွေကကျတော့ အင်္ကျီတွေထုတ်တယ်၊ ဘောင်းဘီတွေ ထုတ်တယ်ပေါ့နော်၊ ပြီးတော့ T-Shirt လည်း ထုတ်တယ်၊ ပြီးတော့ ပုဝါထုတ်တယ်၊ Bed Sheet ထုတ်တယ်၊ ပြီးတော့ ဦးထုပ်ထုတ်တယ်၊ ပိုက်ဆံအိတ်ကလေးတွေလည်း အကုန်လုံးပေါ့နော် ထုတ်ပါတယ်။ တချို့ဆိုလို့ရှိရင်လည်း သူတို့လိုချင်တဲ့ ဒီဇိုင်းပေးတယ်၊ ပေးတဲ့ဒီဇိုင်းအတိုင်းကို အိတ်တွေရော အင်္ကျီတွေရော မှာတဲ့ ဒီဇိုင်းကိုယူပြီးတော့ပေါ့နော် သူတို့လိုချင်သလို လုပ်ပေးပါတယ်၊ ချုပ်ပေးပါတယ်၊ ဝန်ထမ်းလုပ်တာကျတော့ အလုပ်ဆိုရင် ဖိအားရှိတာပေါ့၊ ဒီဥစ္စာလုပ်ကို လုပ်ရမယ်ဆိုတဲ့ ဖိအားရှိတယ်၊ ပြီးတော့ သူတို့က ဒါဘယ်တော့အပြီးလုပ်ရမယ်၊ မပြီးဘူးဆိုရင်လည်း မပြီးပြီးအောင်လုပ်ရမယ်၊ လူကြီးတွေရဲ့ဖိအားတွေ အစုံရှိပါတယ်၊ ဒီမှာကျတော့ ကိုယ့်ဟာကိုလာပြီးတော့ လုပ်တဲ့အချိန်မှာကျတော့ ကိုယ့်အလုပ်လိုဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့စိတ်ကို ကိုယ့်ဟာကို ဆုံးဖြတ်ပြီးတော့ ကိုယ့်ဟာကို လုပ်ချင်တာလွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိသွားတာပေါ့။ တခြားနိုင်ငံကကျတော့ သြစတေးလျကလည်း အဲဒါလုပ်ပေးပါ၊ သြစတေးလျကကျတော့ ကျွန်မတို့ အဖွဲ့ထဲကနေပြီးတော့ သင်တန်းတက်တဲ့သူ ရှိပါတယ်၊ အဲဒီသင်တန်းကနေပြီးတော့ အဲဒီကနေယူပြီးတော့ သြစတေးလျမှာ ရောင်းနေတာ ရှိပါတယ်၊ အင်္ဂလန်လည်း လုပ်ပေးပါတယ်ရှင့်၊ စင်ကာပူလည်းပို့တယ် အခုဟာ U.S လည်း ပို့ပါတယ်၊”

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် CDM အမျိုးသမီးဝန်ထမ်းများ စုပေါင်းတည်ထောင်ထားသည့် သဘာဝဆေးဆိုးပန်းရိုက် လုပ်ငန်းခွင်အား တွေ့ရစဉ်။ (Photo: RFA)

Eco Printing အဝတ်အထည်တွေကို မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဩစတေးလျနိုင်ငံတို့ကို တင်ပို့ပါတယ်။

ရရှိတဲ့အကျိုးအမြတ်ကို မဲဆောက်ရောက် ဘဝတူ CDM ဝန်ထမ်းတွေ၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာသူတွေ၊ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တဲ့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ တက်ရောက်တဲ့ ကျောင်းတွေမှာလည်း သင်တန်းပို့ချပေးနေတယ်လို့ မဥမ္မာက ပြောပါတယ်။

“ရတဲ့ဥစ္စာပေါ့နော်၊ အဲဒီဥစ္စာတွေကို ဟိုဘက်ကကျတော့ စစ်ဘေးရှောင်တို့ ဘာတို့ကိုလည်း အဲဒါတွေလှူပါတယ်၊ ရိက္ခာတွေဘာတွေ ဝေတာတွေရှိပါတယ်၊ ပြီးတော့ကျတော့ ကျွန်မတို့ သင်တန်းလေးတွေလည်း ပေးတယ်၊ Mind Grand School မှာလည်း သင်တန်းလေးတွေ သွားပေးတာလည်း ရှိတယ်၊ အဲဒီမှာ လည်းလှူပါတယ်၊ အဲဒီဘက်တွေလည်း ကလေးတွေကို”

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် CDM အမျိုးသမီးဝန်ထမ်းများ စုပေါင်းတည်ထောင်ထားသည့် သဘာဝဆေးဆိုးပန်းရိုက် ထုတ်ကုန်များအား တွေ့ရစဉ်။ (Photo: RFA)
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် CDM အမျိုးသမီးဝန်ထမ်းများ စုပေါင်းတည်ထောင်ထားသည့် သဘာဝဆေးဆိုးပန်းရိုက် ထုတ်ကုန်များအား တွေ့ရစဉ်။ (Photo: RFA)

တော်လှန်ရေးပြီးသွားရင် ဒီလုပ်ငန်းကို ပြည်တွင်းကို လက်ဆင့်ကမ်းဆင့်ပွား ဆက်လက်လုပ်ကိုင်သွားမယ်လို့ CDM ဒေါ်ချောစုက ပြောပါတယ်။

“ဒီတော်လှန်ရေး ပြီးသွားရင်လည်း ကျွန်မတို့ အခုလုပ်ခဲ့တဲ့ ဒီတော်လှန်ရေးကာလမှာ ကျွန်မတို့လုပ်ခဲ့တဲ့ အလုပ်ကိုလည်း ကျွန်မတို့ အင်မတန် တန်ဖိုးထားတယ်၊ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းကို ကျွန်မတို့ဆက်ပြီးတော့ ဒီဥစ္စာကို ကျွန်မတို့ဆက်ပြီး လုပ်ဆောင်သွားမယ်ပေါ့နော်၊ တော်လှန်ရေးပြီးလို့ မြန်မာပြည်ကို ပြန်ရောက်တဲ့အခါကျရင် ကျွန်မတို့ သေသေချာချာပေါ့နော် ဒီဟာကို နေရာလေးတစ်ခုမှာပေါ့နော် သေသေချာချာ ပြခန်းလေးတစ်ခုလိုမျိုး ထားပြီးတော့ ကျွန်မတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ မှတ်တမ်းလေးတွေပေါ့နော် ကျွန်မတို့ မှတ်တမ်းတင်ထားမယ်၊ ကျွန်မတို့ ဂုဏ်ယူစွာနဲ့ ဒီလုပ်ငန်းကို ဆက်ပြီးတော့ လုပ်ကိုင်မယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။