ပိုများလာနေတဲ့ ချင်းတောင်က ဘိန်းစိုက်ခင်းများ

RFA Burmese
2024.12.20
ပိုများလာနေတဲ့ ချင်းတောင်က ဘိန်းစိုက်ခင်းများ တွန်းဇံမြို့နယ်မှ ဘိန်းစိုက်ခင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်၊ မြောက်ဖျားပိုင်း တွန်းဇံမြို့နယ်ထဲက အိန္ဒိယ နယ်စပ်နားမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေမှာ ဘိန်းစိုက်တောင်သူတွေ အစေးခြစ်ယူနေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးတာတွေ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ ဘိန်းစိုက်တောင်သူတွေက RFA ကို ပြောပါတယ်။

"ပြောင်းတို့၊ တခြားသီးနှံတို့ဆိုရင် ဘိန်းစိုက်တာထက် ပိုခက်တယ်၊ လုပ်အားခ ကုန်တာချင်း အတူတူပဲ"

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် ဘိန်းကို အားထားစိုက်ပျိုးလာရတာလို့ ဦးဇိုပူ လို့ ဒီသတင်းမှာ အမည်လွှဲထားတဲ့ ဘိန်းစိုက်တောင်သူက RFA ကို ပြောပါတယ်။

"အခက်အခဲ အများကြီးရှိတယ်၊ အဲဒါမစိုက်ဘူးဆိုရင် ငါတို့လည်း စားဝတ်နေရေး အဆင်မပြေဘူးပေါ့နော်။ အဲဒါကြောင့် စိုက်တာပါ။ မနှစ်ကထက် ဒီနှစ်တော့ ပိုဆိုးပါတယ်၊ ရာသီဥတုက မကောင်းဘူး၊ အဲဒါကြောင့် အထွက်နှုန်းက ပိုနည်းမှာပါ။ မိုးရွာပြီဆိုရင် ပျက်ပြီပေါ့နော်၊ အလုပ်ဆက်လုပ်လို့ မရတော့ဘူး။ နေသာဖို့ပဲ အဓိကပဲ၊ ဒီရာသီမှာ။ တိုက်ပွဲတွေကြောင့် စားဝတ်နေရေး ပိုခက်လာတာပေါ့"

ဘိန်းစိုက်တဲ့သူတွေအတွက် ဘိန်းခြစ်ရတော့မဲ့ရာသီမှာ မိုးရွာရင် အထွက်နှုန်း နည်းလာတတ်ပါတယ်။ ဒီနှစ် မိုးများတာကြောင့် အထွက်နှုန်းနည်းမယ်လို့ တောင်သူတွေက ပြောပါတယ်။

တွန်းဇံမြို့နယ်ထဲမှာ အရင်က တစ်ရွာမှာ လူငါးယောက်လောက်က သုံးဧကကနေ ငါးဧကလောက် ဘိန်းစိုက်ကြပေမဲ့ အခုတော့ ရွာလုံးကျွတ်နီးပါးက မြေဧက ဆယ်နဲ့ချီ စိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။

တွန်းဇံတစ်မြို့နယ်လုံးမှာ ဘိန်းစိုက်ဧက ဘယ်လောက်တိုးလာတယ်ဆိုတဲ့ အချက်အလက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျေးရွာပေါင်း ၉၀ ရှိတဲ့ တွန်းဇံမြို့နယ်မှာ ရွာတိုင်းလိုလို ဘိန်းကို စိုက်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အာဏာသိမ်းပြီးနောက် ကမ္ဘာမှာ မြန်မာ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာ

တီးတိန်က ဘိန်းစိုက်ခင်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ဖျက်ဆီး

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာ ဆက်လက်ရပ်တည်


အရင်တုန်းက ဘိန်းစိုက်တဲ့သူတွေကို ခွဲခြားဆက်ဆံတာရှိခဲ့ပေမဲ့ အခုတော့ ဘိန်းစိုက်ခင်းလုပ်တဲ့သူ ပိုများလာပြီး ပုံမှန်တောင်ယာလုပ်သလို လက်ခံပြီး လုပ်လာကြတယ်လို့ ဦးဇိုထန်လို့ အမည်လွှဲထားတဲ့ တောင်သူက ပြောပါတယ်။

"အရင်တုန်းက ဘာသာရေးအသင်းတော်ထဲမှာတောင် လက်မခံကြဘူး။ ဘာသာရေးနဲ့ မညီဘူး၊ အသင်းတော် အလှူငွေအတွက်၊ ဆယ်ဖို့တစ်ဖို့အတွက် ဘိန်းစိုက်ရာကနေ ရလာတဲ့ ငွေတွေကို လက်မခံဘူး။ အဲဒီလောက်ထိ ကန့်သတ်ထားတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီဟာမစိုက်ရင် စားဖို့သောက်ဖို့ မရနိုင်ဘူး။ ဒီဟာမလုပ်ရင် စားရေးသောက်ရေးအတွက် မရနိင်ဘူး။ အဲဒါတွေကြောင့် စိုက်တဲ့သူတွေလည်း များလာတယ်ဆိုတော့ မကောင်းမှန်းသိပေမဲ့ လက်ခံလာကြရတဲ့သဘောပေါ့။ အရင်တုန်းကတော့ ဘိန်းစိုက်တဲ့သူတွေကို ခွဲခြားပြီး မြင်ကြတယ်"

ဒေသခံတွေဟာ အစောပိုင်းဘိန်းနဲ့ နောက်ပိုင်းဘိန်းဆိုပြီး နှစ်မျိုးစိုက်ကြပါတယ်။

အစောပိုင်းဘိန်းအတွက် မတ်လမှာ သစ်ပင်တွေခုတ်လှဲ မီးရှို့ရှင်းလင်း၊ ဇူလိုင်လမှာ ပေါင်းသတ်ဆေးဖျန်းပြီး ဩဂုတ်လအစောပိုင်း မျိုးကြဲစိုက်ပျိုးရသလို နိုင်ဘာလနဲ့ ဒီဇင်ဘာရောက်ရင်တော့ အစေးခြစ်ယူကြပါတယ်။

နောက်ပိုင်းဘိန်းအတွက် မတ်လကတည်းက တောင်ယာတွေကို ခုတ်ထွင်ရှင်းလင်းမီးရှို့တာ၊ ဇူလိုင်လမှာ ပေါင်းသတ်ဆေးဖျန်းတာတွေ လုပ်ပြီးနောက် ဩဂုတ်လဆန်းပိုင်းလောက်မှာ စတင်မျိုးကြဲစိုက်ပျိုးကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာလကစပြီး မတ်လအထိ မိသားစုအလိုက် တောင်ယာမှာနေပြီး ဘိန်းစေးခြစ်ကြသလို ဘိန်းစိုက်ခင်းများတဲ့ သူတွေက‌တော့ တခြားနယ်တွေကနေ အလုပ်သမားတွေ ငှားကြပါတယ်။

ဘိန်းခင်း အနီး၊ အဝေးအပေါ်မူတည်ပြီး အလုပ်သမားငှားရမ်းခ တစ်ရက်ကို နှစ်သောင်းကျပ်ကနေ နှစ်သောင်းခွဲအထိရှိတယ်လို့ ဆိုပါတယ်။

တခြားသီးနှံတွေ စိုက်ပျိုးရတာထက် ဘိန်းစိုက်ရတာ ပိုပြီးလွယ်ကူတာကြောင့် ဘိန်းက သူတို့အတွက် မျှော်လင့်ချက်တစ်ခုပဲလို့ ဦးထန်နို လို့ အမည်လွှဲထားတဲ့ တောင်သူက ပြောပါတယ်။

"ပြောင်းတို့၊ တခြားသီးနှံတို့ဆိုရင် ဘိန်းစိုက်တာထက် ပိုခက်တယ်၊ လုပ်အားခ ကုန်တာချင်း အတူတူပဲ။ ဒီဟာက ဈေးကောင်းရတယ်ဆိုရင် ပြောင်းတို့ တခြားသီးနှံတွေထက်စာရင် မျှော်လင့်ချက် အများကြီး ပေးနိုင်တာပေါ့"

ဘိန်းစေးတွေ စထွက်ရှိတဲ့ နိုဝင်ဘာလမှာ တစ်ပိဿာကို သိန်း ၁၅၀ ပေါက်ဈေးရှိခဲ့ပေမဲ့ အခုလက်ရှိမှာ တစ်ပိဿာသိန်း ၇၀ နဲ့ ပွဲစားတွေက လာ၀ယ်ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

တွန်းဇံမြို့နယ်ကထွက်တဲ့ ဘိန်းစိမ်းကို အိန္ဒိယနိုင်ငံဘက်က ပွဲစားတွေကတစ်ဆင့် ဝယ်ယူကြတယ်လို့ တောင်သူတွေက ပြောပါတယ်။ တွန်းဇံမြို့နယ်ထဲမှာ ဒေသခံတွေလိုပဲ တီးတိန်နဲ့ကလေးမြို့တွေက ဒေသခံတွေလည်း ရွှေ့ပြောင်းပြီး ဘိန်းစိုက်ပျိုးတဲ့သူတွေလည်းရှိပါတယ်။

ကုန်ဈေးကြီးမြင့်မှုတွေနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် ဘိန်းကို မစိုက်ချင်ဘဲ စိုက်နေရတာလို့ ဦးဇိုထန်က ပြောပါတယ်။

"ဒီနှစ်နဲ့ဆို စိုက်တာသုံးနှစ်ရှိပြီ။ ဒီဘိန်းခင်းကို လုပ်ချင်လွန်းလို့လုပ်တာ မဟုတ်ပါဘူး။ စားဖို့သောက်ဖို့ လိုအပ်တယ်၊ ငွေရှာဖို့လည်း တခြားဟာ မရှိဘူး။ ပညာလည်း မတတ်ဘူး။ အဲဒါတွေကြောင့် သားသမီးတွေ ကျွေး‌မွေးဖို့အတွက်လည်း လိုတယ်လေ။ နိုင်ငံရေး မကောင်းတာနဲ့ ကုန်ဈေးနှုန်းတွေလည်း ကြီးတယ်။ တခြားအလုပ် လုပ်မယ်ဆိုရင် အရင်းအနှီးများတယ်၊ ရတာလည်း နည်းတယ်။ အခုက ရှိတဲ့အရင်းအနှီးလေးနဲ့ စိုက်ခဲ့တာပါ"

တွန်းဇံမြို့နယ်မှ ဘိန်းစိုက်ခင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
တွန်းဇံမြို့နယ်မှ ဘိန်းစိုက်ခင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

အခုလက်ရှိမှာ တွန်းဇံမြို့နယ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တွန်းဇံက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဘိန်းပပျောက်ရေးအတွက် အသိပညာပေးတာနဲ့ ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးနိုင်ရေးကိုလည်း စီစဉ်နေတယ်လို့ တွန်းဇံမြို့နယ်ကောင်စီ ဥက္ကဋ္ဌ ဦးထန်ဆွမ်းမုန် ပြောပါတယ်။

"ကျွန်တော်တို့ သေနတ်ပြပြီးတော့ မစိုက်နဲ့ဆိုရင်တော့ စိုက်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရန်သူတစ်မျိုး ပိုတိုးလာနိုင်တယ်လို့၊ လက်နက်ကိုင်လုပ်တိုင်း ပြည်သူကို ခြိမ်းခြောက်လို့ မရဘူး။ မူးယစ်ဆေးဝါးကို မကောင်းမှန်း သိရှိလာနိုင်အောင် ပညာပေး သင်တန်းတို့ ဘာတို့ ပေးနိုင်ရင်တော့ သဘောပေါက်လာလိမ့်မယ်လို့ ယုံကြည်တယ်"

မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ခံထားရပြီး ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
ရွှေစာရံဘုရားပွဲက တစ်ဦးတည်းသော စက်လှေသမ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။