တရုတ်မယားအဖြစ် ရောင်းစားခံရသူတစ်ယောက်အကြောင်း

မိယဉ်စနိုင်း
2025.03.19
တရုတ်မယားအဖြစ် ရောင်းစားခံရသူတစ်ယောက်အကြောင်း တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသည့် မစုစုအား တွေ့ရစဉ်။
RFA

အသက် ၃၀ ဝန်းကျင် ပဲခူးသူ မစုစုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တရုတ်မယားအဖြစ်ရောင်းစားခံလိုက်ရပြီး သမီးတစ်ယောက် မွေးခဲ့ရပါတယ်။ အခုတော့ တရုတ်ပြည်မှာ တရားမဝင်နေထိုင်မှုနဲ့ အချုပ်သုံးလကျပြီး မြန်မာပြည်ကို ပြန်ပို့ခံလိုက်ရတဲ့သူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်က မေမြို့ကစားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေရင်း အမျိုးသားတစ်ယောက်နဲ့ ရည်ငံပြီး လက်ထပ်ပေါင်းသင်းလိုက်ပါတယ်။ လက်ထပ်ပြီးမကြာခင်မှာဘဲ သူ့ခင်ပွန်းက သူ့အမေရှိတဲ့ တရုတ်နိုင်ငံရွှေလီမြို့ကို အလုပ်လုပ်ဖို့ခေါ်သွားပြီး သူ့ကိုထားခဲ့ရာကနေ ယောက္ခမက တရုတ်တစ်ယောက်ဆီမှာ ရောင်းစားလိုက်တာပါ။

“အမျိုးသားရဲ့အမေက သူကတရုတ်ပြည်ဘက်မှာနေတာပေါ့။ သူကနေ ဟိုမှာအလုပ်လိုက်လုပ်ဖို့ပြောတယ်။ ပြောတဲ့အချိန်ကျတာ့ ကိုယ်ကလည်း သူတို့စကားကိုယုံပြီးတော့ ရွှေလီဘက်ကိုလိုက်သွားတယ်။ ရွှေလီရောက်တဲ့အခါကျတော့ သူ့သားနဲ့အမနဲ့ နှစ်ယောက်လုံးကို တရုတ်ဘက်အလုပ်လိုက်လုပ်ပေါ့။ သူက သူ့သားကို အရင်အိမ်ပြန်ပြီးတော့ မှတ်ပုံတင်လုပ်ခိုင်းမယ်ဆိုပြီးတော့ ပြောတယ်။ ပြန်လုပ်ခိုင်းပြီးတော့မှ ပြန်လိုက်လာပေါ့။ သူသားကလည်း အမကိုပြစ်ထားခဲ့ပြီး ပြန်သွားတယ်”

ခင်ပွန်းပြန်လာမှာကို ယောက္ခမဆီမှာစောင့်နေရတဲ့အချိန်မှာပဲ သူ့ယောက္ခမက ခန်းနန်းပြည်နယ် ရှင့်ဟောင်ခရိုင် ဟွဲဗျင်မြို့က တရုတ်တစ်ယောက်ဆီမှာ မယားအဖြစ် ရောင်းစားလိုက်တာပါ။

“တစ်နေ့ ထမင်းသွားစားမယ်ပြောတဲ့အချိန်ကျတော့ ကိုယ်ကိုပြင်ပေးတာ လှလှပပလေး ပြင်ပေးထားတယ်။ အစကတော့ မရိပ်မိဘူးပေါ့။ ထမင်းစားရုံသက်သက်ဘဲ ဘာလို့ကိုယ်ကို အဲ့လောက်ပြင် ပေးထားတာလဲပေါ့။ အဲဒီတုန်းက တရုတ်စကားလည်း နားမလည်ဘူး။ နောက်ပိုင်းကျတော့ သူဟာနဲ့သူ အလိုလို ရိပ်မိလာတယ်။ တစ်ယောက်လဲမဟုတ်ဘူး။ နှစ်ယောက်လည်း မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အများကြီးဆိုတော့ ကိုယ်လည်းရိပ်မိလားတယ်။ အဲဒီလိုကနေစသိလာတယ်။ ကိုယ့်ကို ဒီလိုသူတို့လုပ်မှန်း”


ဆက်နွှယ်သောသတင်းများ


မန္တလေးမြို့က တရုတ်လူကုန်ကူးဂိုဏ်းကို စစ်ကောင်စီ ဖမ်းဆီး

ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတဲ့ တရုတ်ပြည်သွားဖို့မျှော်လင့်နေတဲ့ မြန်မာလူငယ်များ

တရုတ်ပြည်မှာ ရောင်းကုန်ဘဝကနေ လွတ်လာတဲ့ မင်းကွန်းသူ


တရုတ်မယားအဖြစ်ပေါင်းသင်းနေရတဲ့ကာလမှာလဲ အဲဒီတရုတ်က မကြာခဏရိုက်တာ၊ နှက်တာတွေ လည်းခံရပါတယ်။ အဲဒီကြားထဲမှာပဲ သမီးလေးတစ်ယောက်ကို မွေးပေးခဲ့ရပါတယ်။

“ကိုယ်ကရောင်းစားခံရတော့ ဒီစိတ်ကြောင့် မလိုချင်ဘူး၊ ဒီကလေးကိုလဲ။ ရွေးချယ်စရာလမ်း မရှိတော့ဘူးလေ၊ ကိုယ်အတွက်ကလေ။ သူတို့ကလည်း နေတိုင်းကလေးယူဖို့ပြောတာပေါ့။ ကလေးမရခင်တုန်းက ရန်ဖြစ်ရင် အမြဲတမ်း လက်တွေဘာတွေပါတာရှိတယ်။ ပြောတယ်။ ဆဲတယ်။ နောက်ပိုင်းကလေးရပြီးတော့ သူအဲဒီလိုတော့ မရှိတော့ဘူးပေါ့။ ဟိုရောက်ပြီးတစ်နှစ်လောက်မှာ ကလေးရခဲ့တာပေါ့”

မစုစုရဲ့ သမီးလေး ၈ နှစ်အရွယ်မှာတော့ တရားမဝင်နေတယ်လို့ ရဲကိုအတိုင်ခံရပြီး အဖမ်းခံရပါတယ်။

“ဟိုမှာနေတာက သွားတုန်းကလည်း ဘာအထောက်အထားမှမရှိဘူး။ ဟိုမှာခိုးနေတဲ့ အခါကျတော့ တိုင်တဲ့သူရှိတယ်ပေါ့။ တိုင်တဲ့သူရှိတော့ ဖမ်းတယ်။ အဲဒီတုန်းက အပြင်မှာ အလုပ်လုပ်နေတာ။ အလုပ်မှာ လာခေါ်တာ။ ဖမ်းတယ်လို့တော့ တိုက်ရိုက်မပြောဘူး။ မေးစရာရှိလို့ ခနလိုက်ခဲ့ပေါ့”

အချုပ်ထဲမှာ ၃ လ ကျော်လောက်နေခဲ့ရပြီး မြန်မာသံရုံးဘက်က ပြန်လက်ခံစာရောက်တဲ့အခါမှာ သူအပါအဝင် သူ့လိုတခြားရောင်းခံရတဲ့ မြန်မာအမျိုးသမီး ၂၉ ယောက်ပြန်ပို့ခံရတာလို့ပြောပြပါတယ်.

ပြန်ပို့ခံရတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ယောက်ပါလာတာကို မစုစုသတိထားမိခဲ့ပါ တယ်။

တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသည့် မစုစုအား တွေ့ရစဉ်။ (Photo : RFA)
တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသည့် မစုစုအား တွေ့ရစဉ်။ (Photo : RFA)

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ အခုလိုဖြစ်ရပ်တွေပိုများလာတယ်လို့ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပြပါတယ်။

“လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေက ရခိုင်၊ မကွေး ကွန်ဖလစ် ဧရိယာတွေက သူတို့အနေနဲ့က စီးပွားရေးကျပ်တည်းတော့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်ကြတယ်။ ပုံမှန်လမ်းကြောင်းကနေ သွားမယ်ဆိုရင် ပတ်စပို့လုပ်တာအစခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ဖလစ်ဧရိယာထဲမှာ ၁၁ မျည်းစောင်းတွေ၊ ၅ မျည်းစောင်းတွေက ပတ်စပို့လုပ်လို့မရဘူး မရတဲ့အခါကျတော့ ပုံမှန်လမ်းကြောင်းကို ရွေးချယ်လို့မရဘူး။ မရတဲ့ အခါကျတော့ ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကို ပိုပြီးရွေးချယ်လာကြတယ်။ လူကုန်ကူးခံရတဲ့ ရာခိုင်နှုန်း တွေက ပိုမိုမြင့်တက်လာတယ်”

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ နေရာမှာ ဆက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ၂ဝ၂၄ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

မစုစုကတော့ လက်ရှိအချိန်မှာဝမ်းရေးအတွက် ရရာအလုပ်တစ်ခုလုပ်ရင်း တရုတ်ပြည်မှာထားခဲ့ရတဲ့ သမီးငယ်နဲ့ ပြန်တွေ့ရမယ့်ရက်ကို မျှော်လင့်နေပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။