တရုတ်နယ်စပ်က စစ်ဘေးဒုက္ခသည်များ

2021.12.02
တရုတ်နယ်စပ်က စစ်ဘေးဒုက္ခသည်များ တရုတ်-မြန်မာနယ်စပ် ဖိုင်းကောင်းရွာအနီးက စစ်ဘေးဒုက္ခသည်ကို ၂၀၂၁ နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

သြဂုတ်လနောက်ပိုင်း ပိုပြီးပြင်းထန်လာတဲ့ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ပန်ဆိုင်းမြို့နဲ့ ခြောက်မိုင်လောက်ဝေးတဲ့ ဖိုင်းကောင်းကျေးရွာအုပ်စုမှာ ပါဝင်တဲ့ ခလွမ်၊ ကောင်းစထီး၊ မန်ဂျေ၊ ဖိုင်းကောင်း၊ ပေါင်းရာ၊ ခလျှံ စတဲ့ရွာတွေက ရွာသူ၊ ရွာသားတွေဟာ တရုတ်နယ်စပ်ကို ထွက်ပြေး နေကြ ရပါတယ်။ ကောင်စထီးရွာမှာ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်တာကြောင့် ရွာမှာမနေရဲဘဲ ထွက်ပြေးလာတာလို့ ကောင်းစထီးရွာသူ ဒေါ်နန်ထုက ပြောပါတယ်။

“ရှစ်လ သုံးရက်နေ့မှာ ကျွန်မတို့ရွာမှာ တိုက်ပွဲဖြစ်ပြီး လေးရက် ဒီမှာရောက်ပြီ ကျွန်မတို့တစ်ရွာလုံးနော့။ ပစ္စည်းတွေ ဘာတွေအများကြီး မယူရဘူးလေ။ နောက်တစ်ပတ်လောက်ဆို ပစ္စည်းနဲနဲသွားယူတယ် မိုးကာတွေ ဘာတွေပေါ့။ မိုးကာလည်း အသစ်လည်းမရှိဘူး အပျက်ပဲ ဖြစ်သလိုလာအိပ်နေတာ။ အခုက ချမ်းပြီးဆိုနော့် အနွေးထည်လေး ဘာလေး၊ စောင်လေးဘာလေး၊ အရင်တုန်းကဆို ပြောင်းဖူး စိုက်တယ်ဆို တရုတ်ပြည်က လာဝယ်တယ်လေနော်၊ အခုက တရုတ်ပြည်လည်း မသွားရဘူး အခက်အခဲကများတယ်”

စစ်ပြေးဒုက္ခသည်တွေဟာ ဖိုင်းကောင်းရွာအနီးက တရုတ်နယ်စပ် ခြံစည်းရိုးဘေးမှာ နေရာ သုံးခုခွဲပြီး နေထိုင် နေကြရတာပါ။ ထွက်ပြေးလာတဲ့ အိမ်ထောင်စု ၃၀၀ က လူဦးရေ ၁၅၃၀ အထိရှိတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူက ပြောပါတယ်။ အများစုက မိုးကာတဲတွေနဲ့ နေနေကြပြီး နေ့လယ်ပိုင်းမှာ ရွာကိုပြန်ပြီး အလုပ်လုပ် ညပိုင်းမှာတော့ ဒုက္ခသည်စခန်းကို ပြန်လာကြပါတယ်။ စစ်ပွဲတွေကြောင့် ရွာမှာလုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ကောင်းစထီး ရွာသူ မလုမိုင်က ပြောပါတယ်။

“ဒီမှာဆို လူများတယ်နော် လူများတယ်ဆို ရောဂါလည်း ပိုပြီးများတယ်။ ဒီကိုဗစ်လည်း ကြောက်စရာ ကောင်းလို့ ဒီကိုဗစ်တွေလည်း ကာကွယ်ရတယ်။ ဒီမှာနေလို့ရင် ခဏခဏ ကျန်းမာရေးတွေလည်း ထိခိုက်တယ် နေမကောင်းတာလည်းများတယ်နော်။ ဒီမှာနေရင်တော့ ညအိပ်ရင်တော့ လုံခြုံတယ် စိတ် အေးတယ်နော်။ ရွာမှာဆို သတိထားလို့ပဲ အိပ်ရတယ်။ ခဏဆို ဟိုမှာ သေနတ်သံကြားလိုက် ဗျောက်သံ ကြားလိုက်ဆိုတော့ ကြောက်လန့်တာပေါ့နော့်။ စိတ်မအေးဘူး ဒီမှာနေလို့ရှိရင်တော့ စိတ်အေးတယ်၊ ညအိပ်ရင်တော့ စိတ်အေးအေးဆေးဆေးနဲ့ အိပ်ရတာပေါ့”

ထွက်ပြေးနေရတဲ့ သူတွေဟာ ကချင်၊ ရှမ်း၊ တအာင်း (ပလောင်)၊ လီဆူ၊ ကိုးကန့် စတဲ့လူမျိုးတွေဖြစ်ပြီး လောလောဆယ်သူတို့ကို ကချင်လူမှုကူညီရေး အဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပေးနေ ကြပါတယ်။

"ဘယ်အချိန်ပြန်ပြီးတော့ တိုက်ပွဲပြန်ဖြစ်မလဲဆိုတာ မပြောနိုင်ဘူး၊ အဲဒါကြောင့်မို့ အမြဲတမ်း စိုးရိမ်စိတ်နဲ့ နေနေရတယ်"

ဒုက္ခသည်စခန်းမှာ ကျန်းမာရေးမကောင်းသူတွေရှိနေပြီး အများစုက ဆေးရုံဆေးခန်းတွေ မပြနိုင်ကြဘူးလို့ ဆိုပါတယ်။ ကလေးငယ်တွေအတွက် စာသင်ကျောင်းတွေကို ဝါးတဲတွေနဲ့ အဖြစ်ဆောက်လုပ်ထားပေမယ့် ဆရာ၊ ဆရာမတွေတော့ မရှိပါဘူး။ မိုးတွင်းဆိုရင် နယ်စပ်စည်းရိုးဘေးက ချောင်းရေကြီးတာကြောင့် နေရာ ထပ်ပြောင်းရတယ်လို့ဆိုပါတယ်။ တရုတ်ဘက်ကလည်း ခြံစည်းရိုးတွေ ကာလိုက်တာကြောင့် နောက်ထပ် တိုက်ပွဲတွေဖြစ်လာရင် ပြေးစရာ မြေမရှိဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ အခက်အခဲတွေ ကြုံနေရတဲ့ အကြောင်း ဒုက္ခသည်စခန်းရောက် ဖိုင်းကောင်းရွာသူ ဒေါ်ခွန်ဖန်က ရှင်းပြပါတယ်။

“တစ်ခါတလေကျတော့ ဆန်တစ်အိတ်လောက် တစ်ပြည် နှစ်ပြည်လောက်ရောင်းပြီး ဆီ၊ ဆား ဝယ်စား တာပေါ့နော်။ အခုတော့ အဲဒါတွေလုပ်လို့မရတော့ ကျွန်မတို့ အခက်အခဲတွေ အများကြီးရှိသွားပြီပေါ့။ ဒီဟာကာလိုက်တာနဲ့ ပြီးတော့ ပန်ဆိုင်းဆိုလည်းဝေးတယ်၊ ဝမ်တိန်ဆို လမ်းလည်းကောင်းတော့ ခြေလျင် တစ်ယောက်တည်းလည်း သွားလို့ရတယ်။ အခုတော့ ဒါလည်းကာလိုက် ပန်ဆိုင်းပြန်သွားရင်လည်း တစ်ယောက်ထဲသွားလို့မရ၊ ဒီခြံစည်းရိုးကာလိုက်တာနဲ့ ဒီဘက်ကစစ်ပြေး စစ်ရေးတွေ ဘာတွေဖြစ် လာပြီဆိုရင် လူနေ့စားလည်း မခေါ်တော့ဘူးလေ။ အဲဒါဆို တအားခက်တာ ဒီလယ်တွေဘာတွေ မရှိတဲ့ လူပေါ့”

(မြန်မာနယ်စပ် တရုတ်ခြံစည်းရိုးအနီးက စစ်ဘေးဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်)
(မြန်မာနယ်စပ် တရုတ်ခြံစည်းရိုးအနီးက စစ်ဘေးဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်)

၂၀၁၆ ခုနှစ် မုံးကိုးနဲ့ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲတွေအတွင်း ဒေသခံတွေဟာ နယ်စပ်ကနေ တရုတ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြရဖူးပါတယ်။

ဒေသအတွင်းမှာ တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေအတွက် အခက်အခဲတွေက ပိုများလာတဲ့ အကြောင်း စခန်းတာဝန်ခံဦး ဇော်ဒီက ရှင်းပြပါတယ်။

“အခုက ကျွန်တော်တို့ စိုးရိမ်နေတာ ဘယ်အချိန်ပြန်ပြီးတော့ တိုက်ပွဲ ပြန်ဖြစ်မလဲဆိုတာ မပြောနိုင်ဘူး အဲဒါကြောင့်မို့ အမြဲတမ်း စိုးရိမ်စိတ်နဲ့ နေနေရတယ်။ စစ်ဘေးရှောင် အချိန်ကြာလာပြီဆို ကျွန်တော်တို့ စားဝတ်နေရေးက ခက်ခဲလာမယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်း ဆောင်တာတွေ မလုပ်နိုင်တော့ဘူး အဲဒါမျိုးတွေရှိတယ်။ နောက်ပြီးတော့မှ လုံခြုံမှုတွေ စိုးရိမ်ရတာမျိုး ရှိတယ်။ အဲဒါကြောင့်မို့ ဒုက္ခသည်စခန်းရဲ့ လိုအပ်ချက်ဆိုတဲ့နေရာမှာ စားသုံးကုန် ကျွန်တော့်အမြင်တော့ အဲဒါအရေးကြီးနေတယ်လို့”

မုံးကိုးဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲဆက်ဖြစ်နေပြီး အခုဆို နယ်စပ်ကို ထွက်ပြေးနေရသူပေါင်း နှစ်ထောင့်ခြောက်ရာကျော် ထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။