ပုဂံမြေက ဘုရားပုံစံငယ်များ ဖန်တီးသူ
2024.04.04

ပုဂံမြို့ဟောင်းနဲ့ ပုဂံမြို့သစ်ကြားထဲက ရှေးဟောင်းရွာကြီး တစ်ရွာလည်းဖြစ်၊ ယွန်းလက်မှုပညာရပ်တွေနဲ့ နာမည်ကြီးတဲ့ မြင်းကပါရွာက အသက် ၆ဝ အရွယ် ယွန်းအတတ်ပညာရှင် ဦးသိန်းနိုင်ပါ။
"သူက ပန်းခြောက်မျိုးလောက်စုံတဲ့ ပညာရပ်ဖြစ်နေတာဗျ"
သူ့ရဲ့ပထမဆုံးလက်ရာကတော့ တစ်နှစ်ခန့် အချိန်ယူဖန်တီးခဲ့ရတဲ့ အလိုတော်ပြည့်ဘုရား ပုံစံငယ်ပါ။
"ကျွန်တော် ပထမဆုံး လုပ်ခဲ့တာကတော့ နိုင်ငံခြားသားနဲ့ လက်တွဲပြီးတော့ အလိုတော်ပြည့်ဘုရား လုပ်ခဲ့တာပေါ့ဗျာ။ အဲအလိုတော်ပြည့်ဘုရား လုပ်တုန်းကတော့ တော်တော်ကို ခက်ပါတယ်ဗျာ။ လေးဆူလောက်ကို လုပ်ယူရတယ်ဗျ။ တစ်ဆူလုပ်လိုက် မတူလိုက်၊ တစ်ဆူလုပ်လိုက် မတူလိုက်နဲ့။ လေးဆူမြောက်လောက်ကျမှ အလိုတော်ပြည့်ဘုရားနဲ့ တူလာတာဗျ။ တူလာပြီးတော့ အဲ နိုင်ငံခြားသား တော်တော်လေးကို သဘောကျသွားပါတယ်ဗျ"
သူဟာ ပင်မစီးပွားရေးဖြစ်တဲ့ ယွန်းထည်လုပ်ငန်းကို လုပ်နေရင်း တစ်ဖက်ကလည်း ဘုရားစေတီပုံစံငယ်တွေ ဖန်တီးနေတာပါ။ ဒီလိုပုံစံငယ်တွေ ဖန်တီးတဲ့အခါ ဘုရားပုံစံပေါ် မူတည်ပြီး အနည်းဆုံး သုံးလလောက် အချိန်ယူရပါတယ်။ ပုံစံအချိုးကျတဲ့ ဘုရားပုံစံဖြစ်လာဖို့ အရင်ဆုံး ပုံတူဆွဲပြီး ကုန်ကြမ်းအနေနဲ့ ပိုးသတ်ထားတဲ့ ဝါး၊ သုံးထပ်သား၊ သစ်စေးနဲ့ ကော်တို့ အသုံးပြုရပါတယ်။
မြန်မာ့အနုပညာ ပန်းဆယ်မျိုးနဲ့ပေါင်းစပ်ပြီး ဘုရားရဲ့ အောက်ခြေကနေ တစ်လွှာချင်း ပုံစံကျအောင် အဆင့်ဆင့် တိုင်းထွာဖန်တီးရတယ်လို့ ဦးသိန်းနိုင်က ပြောပါတယ်။
"ဒီလုပ်ငန်း အနေနဲ့ကတော့ ပန်းဆယ်မျိုး ရှိတဲ့အထဲမှာ ပန်းခြောက်မျိုးလောက် ပါတယ်ဗျ။ ပန်းရန် ပညာလည်း ပါတာပဲ။ ပန်းပွတ်ပညာလည်း ပါတာပဲ။ ပန်းပုပညာလည်း ပါတာပဲ။ ပန်းတော့ ပညာလည်းပါတာပဲ။ ပန်းယွန်းလည်းပါတယ်။ သူက ပန်းခြောက်မျိုးလောက်စုံတဲ့ ပညာရပ်ဖြစ်နေတာဗျ"
ဒါ့အပြင် လက်သမား ပညာ၊ ပန်းချီနဲ့ ယွန်းအတတ်ပညာတွေပါ ပေါင်းစပ်ဖန်တီးရတယ် ဆိုပါတယ်။ တချို့ကတော့ ဒီပညာရပ်ကို Model ယွန်းပညာလို့ ခေါ်ဆိုကြသလို တချို့ကလည်း ဝါးနှီးယွန်းပညာလို့ ခေါ်ဆိုကြပါတယ်။ ပုံမှန် ဘုရားငယ်တစ်ဆူကို အနည်းဆုံး ငွေကျပ်သိန်း ၂၀ ကျော်တန်ကြေးရှိပြီး ပန်းပု၊ ပန်းချီ အပြင် ရွှေအစစ်နဲ့ ရွှေဆိုင်းကပ်တာတွေပေါ် မူတည်ပြီး ဈေးကအမျိုးမျိုးရှိတယ်လို့ ပြောပါတယ်။
ဦးသိန်းနိုင်ဟာ ဒီပညာရပ်တွေနဲ့ ဘုရားပုံစံငယ်တွေ ဖန်တီးလာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ သူ့မှာ သားသမီး သုံးယောက်ရှိပြီး သားဖြစ်သူ ကိုငွေဖြိုးနိုင်က ဒီပညာရပ်ကို ဖခင်ဆီကနေ လက်ဆင့်ကမ်းသင်ယူဖို့ စိတ်ကူးထားပါတယ်။
"ဖေဖေ လုပ်ပုံကိုင်ပုံတွေ ကြည့်ပြီးတော့ ဖေဖေ စိတ်ဝင်တစားလုပ်တာတွေ ကြည့်တာတွေရော မှန်သမျှရော နောက်တော့ ဒီလုပ်ငန်းက တကယ့်အနုစိတ် လက်မှုပညာ ပါတဲ့အတွက် ကျွန်တော် အတိုင်းမသိလည်း တန်ဖိုးထားပါတယ်။ ဖေဖေလုပ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဝမ်းလည်းဝမ်းသာမိပါတယ်။ ကျွန်တော် ဖေဖေဆီက ပညာတွေကို ဖေဖေမသေခင်မှာ ဖေဖေ အမွေပေးနိုင်သလောက်ကို သင်ယူပြီးတော့ ကျွန်တော်တို့ရဲ့ မိသားစုရဲ့ လုပ်ငန်းကိုလည်း ဒီထက်မက တိုးတက်အောင်မြင်အောင်လို့ ကြိုးစားသွားမယ်လို့ ရည်မှန်းထားပါတယ်ဗျ"
ဦးသိန်းနိုင်ကလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဒီလိုလက်မှုပညာရပ်တွေကို သားသမီးတွေအပြင် လူငယ်တွေ တန်ဖိုးထားတတ်အောင် သင်ကြားပေးခွင့်ရဖို့ မျှော်လင့်နေပါတယ်။
"ပညာအမွေအနေနဲ့တော့ သူတို့ပဲ ရမှာပါ။ သို့ပေမဲ့လည်း တခြား တခြားသော လူတွေအနေနဲ့ပါ သင်ချင်တယ်ဆိုရင်တော့လည်း ကျွန်တော်အနေနဲ့ သင်ပေးဖို့ရာ ဝန်မလေးပါဘူးဗျ။ သင်ပေးချင်ပါတယ်။ လူငယ်ပိုင်းတွေ မြန်မာ့လက်မှုပညာကို မြတ်နိုးလာလေလေ ကျွန်တော်တို့ တိုင်းပြည်က ပိုပြီးတော့ ကောင်းလေလေဆိုတော့ သင်ပေးချင်ပါတယ်ဗျ"