မုန်တိုင်းသင့် သဲချောင်းအုန်းတောမှာ ရိုဟင်ဂျာ ၁၀၀ ထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေ
2023.05.24
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်းအုန်းတောအကွက်(၁၀) မှာ ရိုဟင်ဂျာကလေးငယ် ၂၅ ယောက် အပါအဝင် လူတစ်ရာထက်မနည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် မိခင်တစ်ယောက်ဖြစ်တဲ့ မရော်ရှိဒါဘေဂေါမ်ကတော့ သူ့ရဲ့ တစ်နှစ်ခွဲအရွယ် သားလေး ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဖျားနေတာ တစ်ပတ်ကျော်အထိ မသက်သာသေးတဲ့အတွက် စိတ်သောကရောက်နေပါတယ်။
မုန်တိုင်းတိုက်တုန်းက ဒီရေဝင်ရောက်သွားတဲ့ ရေတုံကင်က ရေငန်ကိုပဲ သုံးခဲ့ရာကနေ ကလေး နေမကောင်းဖြစ်နေတာလို့ ဒေါ်ရော်ရှိဒါဘေဂေါမ်က ပြောပါတယ်။
"ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးတော့ ဒီမှာရေရှားကုန်တယ်။ အဲတော့ ရှိတဲ့ရေ သုံးရတာပေါ့။ ဒါနဲ့ပဲ ချက်ပြုတ်စားသောက်ဆိုတော့ ကလေးအငယ်ဆုံးလေးက နှာချေချောင်းဆိုးနေတဲ့အပြင် ဖျားပြီး ဝမ်းတွေပါသွားနေတာ။ အခုထိ မသက်သာသေးဘူး။ ဆေးသုံးကြိမ်တော့ တိုက်ထားတယ်။ ဆေးဆိုင်ကနေ ဝယ်တိုက်ရတာ"
မုန်တိုင်းကြောင့်ပြိုလဲသွားတဲ့ သစ်ပင်တွေနဲ့ အိမ်အပျက်အစီးတွေကြား သွားရလာရခက်လို့ ကလေးကို ဆေးရုံ၊ ဆေးခန်း မပြနိုင်သေးဘူးလို့ သူကပြောပါတယ်။
"ရှိတဲ့ရေ သုံးရတာပေါ့။ ဒါနဲ့ပဲ ချက်ပြုတ်စားသောက်ဆိုတော့ ကလေးအငယ်ဆုံးလေးက နှာချေချောင်းဆိုးနေတဲ့အပြင် ဖျားပြီး ဝမ်းတွေပါသွားနေတာ"
လူဦးရေတစ်ထောင်ကျော်နေထိုင်တဲ့ သဲချောင်းအုန်းတောအကွက် (၁၀) မှာ အရင်က အိမ် ၁၆၀ ရှိပြီး မုန်တိုင်းကြောင့်အိမ် ၁၅၅ လုံးအထိ ပျက်စီးသွားခဲ့ပါတယ်။
တစ်ရွာလုံးမှာ ရေတုံကင် ၁၆၀ လောက်ရှိတဲ့အထဲက ၁၅၀ လောက်ပျက်စီးသွားခဲ့သလို ကျန်တဲ့ ရေတုံကင် ၁၀ လုံးလောက်ဟာလည်း ဆားငန်ရေဝင်သွားပါတယ်။
ဒီအခြေအနေမှာ သူတို့အတွက် ရွေးချယ်စရာမရှိလို့ ဆားငန်ရေဝင်နေတဲ့ တုံကင်ကရေကိုပဲ သောက်သုံးနေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။
စားနပ်ရိက္ခာ အကူအညီလည်းမရသေးတဲ့အတွက် ပင်လယ်ဒီရေကြောင့် ပျက်စီးသွားတဲ့ ဆန်တွေ၊ အုန်းဖူး၊ အုန်းသီးတွေကိုပဲ စားနေကြရတယ်လို့လည်း ပြောကြပါတယ်။
အခုဆို သူတို့ရွာထဲမှာ ဝမ်းရောဂါဖြစ်တဲ့သူပိုများလာတယ်လို့ ကျေးရွာတာဝန်ခံ ဦးအဒူရော်ကိမ်းက RFA ကို ပြောပါတယ်။
"ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက ကလေးတွေနဲ့လူကြီးတွေရော ဝမ်းပျက်နေကြတာ။ ကလေးက ၂၅ ယောက်လောက်ရှိပါတယ်။ အမျိုးသမီးနဲ့ ယောက်ျားတစ်ရာကျော်ကျော် လောက် ရှိတယ်။ ဒီဆန်နဲ့ ရေငန်ရေတွေ သောက်သုံးနေလို့ ဝမ်းရောဂါဖြစ်တာ။ နောက်ထပ်လည်း အများကြီးရှိနိုင်ပါတယ်"
ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဖျားနာနေတဲ့အထဲမှာ လသားအရွယ်ကနေ အသက် ငါးနှစ် အောက် ကလေးငယ် ၁၀ ဦးထက်မနည်း ရှိနေတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် မနော်စီမာခါတူကတော့ သူ့ရဲ့အငယ်ဆုံးသား အသက် ခြောက်လအရွယ် ကလေးဟာ ဖျားပြီးဝမ်းတွေသွားနေတဲ့အတွက် စိတ်ပူပင်နေတယ်လို့ ပြောပါတယ်။
"ဒီကလေးဟာ မုန်တိုင်းသာမတိုက်ခဲ့ရင် နေကောင်းပါတယ်။ မုန်တိုင်းတိုက်တော့ အိမ်တွေအကုန် ပျက်စီးကုန်တယ်။ အမိုးတွေလည်းပျက်တော့ နေပူလိုက်၊ မိုးရွာလိုက်နဲ့ဆိုတော့ ကလေးကအမျိုးမျိုး ဖြစ်နေတယ်။ မုန်တိုင်းသာမတိုက်ရင် ဘာမှမဖြစ်ဘူး။ အခုတော့ ရေမသန့်တာရော၊ နေပူတာရောနဲ့ ကလေးက ဖျားလိုက်၊ ဝမ်းသွားလိုက်နဲ့ အမျိုးမျိုး ရောဂါပေါ်နေတယ်။ အခုထိ မပျောက်သေးဘူး"
သူ့ကလေးဟာ မုန်တိုင်းပြီးချိန်ကတည်းက ချောင်းဆိုးပြီး ဝမ်းသွားနေသလို မေလ ၂၂ ရက် နေ့ကတော့ ရာအိမ်မှူးအိမ်မှာ နယ်လှည့်ကျန်းမာရေးအဖွဲ့ ရောက်လာလို့ ဆေးခန်းပြခွင့် ရလိုက်တယ်လို့ သူက ပြောပါတယ်။
နောက်ထပ် သဲချောင်းအုန်းတောရွာသူ မမာမော်ဒါခါတူရဲ့ အသက် တစ်နှစ်နဲ့ နှစ်လအရွယ် မြေးလေးကတော့ မုန်တိုင်းမတိုက်ခင်က ကျန်းမာရေးမကောင်းလို့ စစ်တွေမြို့ပေါ်တက်ပြီး ဆေးကုသခဲ့ရပါတယ်။
အဲဒီအချိန်က နေပြန်ကောင်းခဲ့ပေမယ့် မုန်တိုင်းတိုက်ပြီးနောက်တော့ ပြန်ဖျားရာကနေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်လို့ မမာမော်ဒါခါတူက RFA ကိုပြောပါတယ်။
"မုန်တိုင်းမတိုက်သေးခင်က ကလေးနေမကောင်းဖြစ်လို့ စစ်တွေမြို့ပေါ် သွားကုပြီးပြီ။ နည်းနည်းလည်း သက်သာပါတယ်။ မုန်တိုင်းလည်းကျပြီးရော မြို့ထဲလည်း သွားမရနဲ့ ဆေးခန်းလည်း ဖွင့်လား၊ မဖွင့်ဘူးလား မသိတော့ဘူး။ အခုတော့ မုန်တိုင်းပြီးကတည်းက ကလေးက ချောင်းဆိုးပြီး ဖျားနေတယ်၊ ဝမ်းတွေလည်းသွားနေတယ်။ ကလေးကငယ်သေးတော့ နို့တစ်မျိုးပဲသောက်တယ်။ အမေက မသန့်တဲ့ရေတွေပဲ သောက်ရတော့ အခုလိုဖြစ်တာပေါ့"
ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် ရေဖြန့်ဝေတဲ့စနစ်တွေပျက်စီးခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ်တွေရှိနေတာကြောင့် ရေကတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်လာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) က မေလ ၂၁ ရက်နေ့မှာ သတိပေးထားပါတယ်။
စစ်ကောင်စီကတော့ မိုခါဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့တဲ့ဒေသတွေမှာ မေလ ၁၅ ရက်နေ့ကစလို့ နယ်လှည့်အထူးကုဆေးအဖွဲ့တွေ၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ဆေးအဖွဲ့တွေက ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်တိုက်ပေးနေတယ်လို့ မေလ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
လူဦးရေ ခြောက်ထောင်ကျော်နေထိုင်တဲ့ စစ်တွေမြို့က သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာလည်း ပုံမှန် နေရေး၊ စားရေးအတွက် အခက်အခဲရှိရာကနေ မုန်တိုင်းအလွန် ကာလမှာ ဝမ်းရောဂါတွေဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ သက္ကေပြင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးလှမောင်က ပြောပါတယ်။
"ဒီဥစ္စာလည်း ပြိုပြီးတော့ ဘာမှတစ်ခုမှမကျန်ပါဘူး။ ဟိုနားကပြိုတာကို သွပ်ပြားပဲ ယူပြီးတော့ ဒီဘက်ထဲကို လောလောဆယ်ထည့်ပြီးတော့ အမျိုးသမီးတွေ အိမ်သာ တက်လို့ ရအောင် အဲလိုမျိုး နှစ်ကဒ်သုံးကဒ်ပေါ့ မနက်က ကျွန်တော်လုပ်ပေးလိုက်တာ။ အခုဒီမှာ အနံ့ဆိုးတွေနံတယ်။ ဘာပဲဖြစ်ဖြစ် ဒီဥစ္စာနဲ့ ဝမ်းရောဂါ ဘာညာ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခရောက်မှာပေါ့။ ကျွန်တော်တို့အခု ဒီနားမှာတောင် နေလို့မရဘူးလေ"
အဲဒီစခန်းမှာ လူခြောက်ထောင်ကျော်အသုံးပြုနေတဲ့ အိမ်သာအလုံး ၃၅၀ နီးပါးရှိပြီး ဒီအထဲက မုန်တိုင်းကြောင့် အိမ်သာသုံးရာကျော် လုံးဝပျက်စီးသွားတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေတာပါ။
စစ်တွေမြို့မှာဆိုရင်လည်း သောက်သုံးရေရှားပါးမှုနဲ့အတူ ဝမ်းရောဂါနဲ့ တခြား ကူးစက်ရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေကြရပါတယ်။
ကျေးတောပိုက်ဆိပ်၊ ကျေးတောရွာမလို နေရာတွေဆိုရင် ရေသန့်လာရောင်းသူ မရှိသလောက်ဖြစ်နေပြီး ဆားငန်ရေအနည်းငယ်ဝင်ထားတဲ့ ကန်ရေတွေကို အများစု သောက်သုံးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးတောရွာမမှာနေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် ဦးအောင်ကျော်သန်းကတော့ ဝမ်းရောဂါနဲ့ တခြား ကူးစက်ရောဂါတွေဖြစ်မှာကို စိုးရိမ်လို့ သုံးရေကို ဒီအတိုင်း မသောက်ဘဲ ကျိုချက်ပြီးမှသောက်တယ်လို့ ပြောပါတယ်။
"ရေကို ကျိုချက်သောက်ပြီး ကာကွယ်ထားတာ။ ကိုယ့်ကို ထိခိုက်မိမှာစိုးလို့လေ။ အခု ကြိုပြီး ကာကွယ်ထားတာပေါ့လေ။ ရေချိုးရင်တော့ ဒီအတိုင်းချိုးလိုက်တာပေါ့။ သောက်ဖို့လောက်ကိုတော့ ကျိုလိုက်တာပေါ့လေ"
မြန်မာနိုင်ငံက လူဦးရေ ၅ ဒသမ ၄ သန်းဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး အဲဒီအထဲက ၃ ဒသမ ၂ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ UNOCHA က မေလ ၁၆ ရက်နေ့မှာ ပြောဆိုထားပါတယ်။