ပညာရေးဝန်ထမ်းမှ ပန်းချီဆရာဖြစ်လာသူ
2024.01.15
ပညာရေးဝန်ထမ်းဖြစ်ခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဦးစိုးအောင်ဟာ ဝါသနာနဲ့ ဝမ်းရေးကြောင့် ဝန်ထမ်းဘဝကနုတ်ထွက်ပြီး ပန်းချီဆွဲခဲ့တာ နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ပါပြီ။
သူ့ကို ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားနားက လမ်းဘေး ပလက်ဖောင်းမှာ နေ့တိုင်းနီးပါး မြင်တွေ့နိုင်ပါတယ်။ ဒီပန်းချီပညာနဲ့ပဲ သားသမီး ခြောက်ယောက်ထဲက သုံးယောက်ကို ဘွဲ့ရ ပညာတတ်ဖြစ်တဲ့အထိ ပံ့ပိုးပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
"ဒါတကယ် အပြင်မှာရှိတဲ့ပုံမဟုတ်ဘူး။ အာရုံထဲကနေ စိတ်ကူးလေးနဲ့ သွားထားတာပေါ့နော်။ ဘယ်လိုလေးဆွဲရင် ကြည့်လို့ကောင်းမလဲ။ လူတွေအမြင်မှာ ပိုပြီးတော့ သာယာမှုတွေ၊ ကြည်နူးမှုလေး ဖြစ်အောင်ပေါ့ ဖန်တီးဆွဲတာပေါ့။ ဒီဟာဆွဲပြီးဆိုရင်တော့ ဘယ်မှ စိတ်ကမရောက်ဘူး၊ ဒီထဲမှာပဲ အာရုံက။ အဲလို စိတ်နှစ်ပြီး ဆွဲရတာပေါ့။ နှလုံးသားရော၊ စိတ်ရော၊ အကုန်လုံး၊ ဦးနှောက်ရော အကုန်ပေါင်းပြီးတော့ ဆွဲရတယ်"
ဒါကတော့ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းမှာ နေ့တိုင်းလိုလို ပုံတွေထိုင်ဆွဲပြီး ရောင်းနေတဲ့ အသက် ၅၆ နှစ်အရွယ် ပန်းချီဆရာ ဦးစိုးအောင်ပါ။
သူက အခုလို ဆီမျှောတုတ်ခြစ်ပန်းချီတွေဆွဲပြီး လမ်းဘေးတွေနဲ့ ပွဲဈေးတွေမှာ ရောင်းချလာတာ နှစ်ပေါင်းသုံးဆယ်ကျော် ရှိခဲ့ပါပြီ။ ဒီအလုပ်မလုပ်ခင်က ဦးစိုးအောင်ဟာ ပုဇွန်တောင်မြို့နယ် အလက (၁) မှာ အငယ်တန်းစာရေး၊ ကြည့်မြင်တိုင်ပညာရေးမှူးရုံးမှာ အကြီးတန်းစာရေးကို ၁၁ နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ပြောပြပါတယ်။
ဒါပေမဲ့ တစ်နေ့မှာ ပန်းချီဆရာဦးဇော်မိုးကို အမှတ်မထင်တွေ့ရာကနေ ဒီပန်းချီပညာကို စိတ်ဝင်စားပြီး သင်ဖို့စိတ်ပြင်းပြခဲ့တယ်လို့ ပြောပါတယ်။
"ကျွန်တော်လွန်ခဲ့တဲ့ အသက်အစိတ်လောက်က ပညာရေးဝန်ထမ်းစလုပ်နေတဲ့ အချိန်မှာ စပြီးတော့ သင်ခဲ့တာပေါ့။ အခုလို ဆွဲတဲ့အသက်က သုံးဆယ်ကျော်လောက် ရှိပြီ။ ပညာရေးမှာလုပ်ရင်းနဲ့ အလုပ်တစ်ခုနဲ့ မြို့ထဲကိုသွားရင်း အဲဒီမှာ ကျွန်တော့်ဆရာနဲ့ လမ်းဘေးမှာ ဒီလိုမျိုးဆွဲပြီးရောင်းနေတာကို သွားတွေ့တော့ ကျွန်တော်က စိတ်ဝင်စားပြီး ကြည့်မိလိုက်တာ။ ကြည့်မိတော့ ငါးမိနစ်လောက် ပဲကြာမယ်။ တစ်ပုံကိုဆွဲသွားတာ တော်တော်လည်း လှတယ်။ အဲမှာ ကျွန်တော်မခွာနိုင်တော့ဘူး"
ဒီပန်းချီပညာကို ခက်ခက်ခဲခဲသင်ယူပြီးနောက်ပိုင်း ဝန်ထမ်းအလုပ်ကထွက်ပြီး ပန်းချီလောကထဲကို ခြေစုံပစ်ဝင်တဲ့အထိ ဖြစ်ခဲ့တာပါ။ အခုတော့ သား၊သမီး ခြောက်ယောက်ထဲက သုံးယောက်ကို ဘွဲ့ရ ပညာတတ်ဖြစ်အောင် သူပံ့ပိုးပေးနိုင်ခဲ့ပြီလို့ ပြောပြပါတယ်။
သူ့ဇနီးကတော့ အသက် ၅၃ နှစ်အရွယ် ဒေါ်တင်လတ်ပါ။ သူ့ရဲ့ ခင်ပွန်း ပညာရေးဝန်ထမ်း ဘဝမှာ ရတဲ့လစာတစ်ခုတည်းနဲ့ မိသားစု စားဝတ်နေရေးအဆင်မပြေခဲ့ဘဲ၊ ပန်းချီဆရာဖြစ်လာမှ အဆင်ပြေခဲ့တယ်လို့ ပြောပါတယ်။
"ဒီလစာတစ်ခုတည်းနဲ့ စားမလောက်ဘူးလေ။ စားမလောက်တဲ့အခါကျတော့ ဒီပန်းချီအလုပ်နဲ့ တွဲလုပ်တဲ့အခါ အဆင်ပြေလာတဲ့အခါကျတော့ ဒီပန်းချီအလုပ်ကိုပဲ ဇောက်ချပြီး လုပ်ဖြစ်သွားတာပေါ့။ ကြိုးစားပါတယ် အလုပ်ကတော့။ အလုပ်နဲ့ ပတ်သက်ရင်တော့။ လေးလည်းလေးစားပါတယ်။ ချစ်လည်းချစ်တယ်။ အိမ်ထောင် သက်လည်း အခု သုံးဆယ်ကျော်ပြီလေ။ ကလေးပဲ ခြောက်ယောက် ရနေပြီ"
ဦးစိုးအောင်က ပန်းချီဆွဲသက် ငါးနှစ်လောက်မှာပဲ နောက် မျိုးဆက်သစ်တွေကို ဆွဲခေါ်ချင်တဲ့အတွေးနဲ့ စိတ်ဝင်စားတဲ့လူငယ်တွေကို နိုင်သလောက် သင်ပေးနေတယ်လို့ ဆိုပါတယ်။
"လူတန်းစားမရွေးမြင်ရအောင် ကျွန်တော်ချပြခွင့်ရတာ ကျွန်တော်ဂုဏ်ယူပါတယ်။ သိမ်ငယ်မှု မရှိပါဘူး"
ဒီလိုသင်ပေးတဲ့ဆရာ ရှားနေတဲ့အချိန်မှာ ဆရာ ဦးစိုးအောင်ကိုတွေ့ရာကနေ သင်ယူဖြစ်သွားတာလို့ အသက် ၂၅ နှစ်အရွယ် ကိုကောင်းစေသော်က ပြောပါတယ်။
"ပန်းချီပညာက အခုဓားခြစ်ပန်းချီက အရမ်းရှားတယ်ပေါ့နော်။ ကျွန်တော် လိုင်းပေါ်တွေဘာတွေမှာ ရိုက်ရှာကြည့်တယ်။ အရမ်းမတွေ့ရဘူးပေါ့နော်။ ကျွန်တော်မြို့ထဲသွားရင်းနဲ့ ဆရာရောင်းတာလေးတွေပေါ့နော်၊ ဆရာ စိုးအောင်၊ ပန်းချီဆရာ စိုးအောင် ရောင်းတာလေးတွေ ကျွန်တော်တွေ့တဲ့အခါကျတော့ အရင်ကလည်း ကျွန်တော် ပန်းချီကို အရမ်းဝါသနာပါတာပေါ့။ ပါတဲ့အခါကျတော့ ဆရာ့ကို တွေ့တဲ့အခါကျတော့ ကိုယ့်ရဲ့ ဝါသနာလည်း တစ်ထပ်တည်းဖြစ်တဲ့အခါ ကျတော့ သင်ယူဖြစ်တာပါ"
ပန်းချီပညာသင်ယူနေတဲ့ အသက် ၂၀ အရွယ် ကိုမျိုးဇော်ဦးကလည်း ဒီပန်းချီကားတွေကို ဖန်တီးရတဲ့ အနုပညာစွမ်းအားက အရမ်းကြီးမားတယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
"လမ်းဘေးပလက်ဖောင်းမှာ ချပြီးတော့ ရောင်းတယ်ဆိုပေမယ့်ပေါ့နော်၊ ဒီပန်းချီကားတစ်ချပ်ကို ဖန်တီးနိုင်တဲ့ အနုပညာစွမ်းအားက အရမ်းကြီးတယ်။ အရမ်းကြီးတယ်ဆိုတာ ဆရာကြီးရဲ့ သူ့ရဲ့ အနှစ်သုံးဆယ်ကျော် အတွေ့အကြုံတွေ၊ ပြီးရင် သူ့ရဲ့ ရင်းထားခဲ့ရတဲ့ အချိန်တွေ ဘာတွေ အကုန်လုံး၊ နှလုံးသားတွေ ဘာတွေ အကုန်လုံး ပေါင်းပြီးတော့မှ ဒီပန်းချီကားတစ်ချပ်ကို ဖန်တီးတဲ့အတွက် ဒီပန်းချီကားတစ်ချပ်ရဲ့ တန်ဖိုးက အရမ်းကြီးတယ်ပေါ့နော်"
ဦးစိုးအောင်တို့မိသားစုက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ထဲက တိုက်တစ်တိုက်ရဲ့ ခုနစ်လွှာမှာ ငှားနေတာပါ။ မနက်ပိုင်း ပန်းချီပညာသင်ပေးပြီး မနက် ၉ နာရီဆိုရင် ပန်းချီကားတွေရောင်းဖို့ အထုပ်အပိုးတွေနဲ့အတူ အိမ်ကစထွက်ပါပြီ။ ပန်းချီတစ်ချပ်ကို အရွယ်အစားနဲ့ အရည်အသွေးအပေါ်မူတည်ပြီး ကျပ်တစ်ထောင်ကနေ ကျပ်နှစ်သောင်းထိ ရှိပါတယ်။ ပုံတူပန်းချီဆိုရင်တော့ ကျပ်သုံးသောင်းကနေ ငါးသောင်းအထိ ဈေးရှိပါတယ်။
ဦးစိုးအောင်ကတော့ လမ်းဘေးမှာ ဝမ်းရေးအတွက် ပန်းချီကားတွေရောင်းနေရပေမယ့် သိမ်ငယ်မှု မဖြစ်ဘဲ ပန်းချီဆိုတာ ဒီလိုပါလားဆိုတဲ့အကြောင်း လူတန်းစားမရွေး လာကြည့်နေကြတာနဲ့တင် ဝမ်းသာဂုဏ်ယူနေပြီလို့ ပြောပါတယ်။
"လူတန်းစားမရွေးမြင်ရအောင် ကျွန်တော်ချပြခွင့်ရတာ ကျွန်တော်ဂုဏ်ယူပါတယ်။ သိမ်ငယ်မှု မရှိပါဘူး။ ကျွန်တော် လက်နှစ်ဖက်လှုပ်နိုင်သရွေ့ ကျွန်တော် ဒီပညာကို ဆက်ပြီးတော့ လူတွေကို ဆွဲပြီးတော့ ပြသွားမှာ။ သင်ပေးသွားမယ်။ တတ်ချင်တဲ့ လူငယ်ပိုင်းလေးတွေကို ကျွန်တော် အကုန်မျှဝေသွားမယ် ကျွန်တော့်ပညာကို။ ကျွန်တော် အဲဒီလိုဆုံးဖြတ်ထားပါတယ်"