ချင်းတောင်တန်းစစ်မြေပြင်ကြားက တောင်သူများ
2023.11.08

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာမှာ တောင်ပေါ် စပါးခင်းတွေ ရင့်မှည့်လို့ အခု ရိတ်သိမ်းနေကြပါပြီ။ ဒေသတွင်းမှာ ဆန်စျေးတွေကြီးနေတာကြောင့် ဒီနှစ်မှာ စပါးစိုက်သူတွေလည်း ပိုများနေပါတယ်။
တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာနဲ့ မဏိပူရ်မြစ်ဘေးကြားက လှေခါးထစ် တောင်ယာစပါးစိုက်ပျိုးနည်းကို ရှေးယခင်ကတည်းက လုပ်ကိုင်လာကြတာပါ။ တောင်တန်းနဲ့ လျှိုမြောင်တွေကြား သဘာဝအတိုင်း စီးဆင်းလာတဲ့ စိမ့်စမ်းရေနဲ့ တောင်ကျချောင်းရေကို အားထားပြီး မဏိပူရ်မြစ်ကမ်းဘေးမှာ လှေခါးထစ် ပုံစံနဲ့ စပါးစိုက်ကြတာဖြစ်ပါတယ်။
"အခုက ဆန်စျေး အရင်တုန်းက သုံးသောင်းလောက်နဲ့ ရတဲ့ဟာ အခု တစ်သိန်းကျော်လာတော့ တောင်ယာခင်းတွေ ပိုလုပ်လာတယ်”
ချင်းပြည်နယ်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် ဆန်အပါအဝင် အထွေထွေကုန်စျေးနှုန်းတွေ ကြီးမြင့်နေတဲ့အတွက် ဆန်စပါးကို အရင်ကထက် ပိုပြီးစိုက်ပျိုးလာကြတယ်လို့ လယ်သမား ဦးကပ်ဒိတ်ကျင့် က RFA ကို ပြောပါတယ်။
“အခက်ခဲကတော့ နိုင်ငံရေးအခြေနေ မကောင်းတဲ့နောက်ပိုင်း ဆန်စျေးဒီလောက်ထိ မတက်ခင်က တောင်ယာခင်း အခင်းတွေရှိပေမယ့် မလုပ်တော့ဘူးပေါ့နော်။ အခုက ဆန်စျေး အရင်တုန်းက သုံးသောင်းလောက်နဲ့ ရတဲ့ဟာ အခု တစ်သိန်းကျော်လာတော့ တောင်ယာခင်းတွေ ပိုလုပ်လာတယ်”
မဏိပူရ်မြစ်ကမ်းနားက ဒီနေရာမှာ အာဏာမသိမ်းခင်က စပါးစိုက်ဧက ၁၀၀ လောက်သာ ရှိခဲ့ပေမယ့် အခုတော့ စပါးစိုက်ဧက ၁၅၀ လောက်အထိ လုပ်ကိုင်လာကြတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ ဓာတ်မြေဩဇာစျေးနဲ့ အလုပ်သမားငှားရမ်းခ စရိတ်တွေပါ မြင့်တက်နေတာကြောင့် သူတို့အတွက် ဝမ်းဝရုံသာရှိတယ်လို့ လယ်သမား ဦးကပ်ဇကျင့်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ အခုနှစ် စိုက်ထားတာက သုံးဧကခွဲလောက်ရှိမယ်။ တစ်နှစ်စာ စားဖို့အတွက် ဆန်က လောက်ရုံပါပဲ စပါးရိတ်တာ၊ သယ်တာက အစ လူငှားရတာ ဒီကရတဲ့ ဆန်နဲ့ ပဲလုပ်အားခ ငှားတယ်။ ပိုက်ဆံမရှိဘူး ဆိုတော့ အဲလိုမျိုး အခက်ခဲတွေရှိတယ်”
နိုင်ငံရေး၊ စစ်ရေးအခြေနေတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ကုန်စျေးနှုန်းတွေ ကြီးမြင့်မှုတွေနဲ့ ကြုံတွေ့နေကြရတာပါ။ ဒါပေမဲ့ ချင်းပြည်နယ်မှာတော့ လမ်းပန်းဆက်သွယ်ရေးပါ ခက်ခဲတာကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် ပိုကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို ကုန်စျေးနှုန်းကြီးမြင့်တာတွေကြောင့် စပါးစိုက်ပျိုးရာမှာ အမြတ်မရှိပေမယ့်လည်း မိသားစုဝမ်းရေးအတွက် အခုလို စိုက်ပျိုးနေရတာလို့ လယ်သမား ဦးကပ်ဒိတ်ကျင့်က ပြောပါတယ်။
“အရင်နှစ်တွေထက် မြေဩဇာက စျေးပိုပေးဝယ်ရတယ်။ အရင်က တစ်အိတ်ကို ၃ သောင်းလောက်နဲ့ရတာ အခုက ၈ သောင်းကျော်သွားပြီ စိုက်ခင်းမှာ အသုံးပြုတဲ့ စက်တွေက အရင်နှစ်က ၉ သိန်းလောက်နဲ့ ဝယ်လို့ရတဲ့ဟာကို အခုက သိန်း ၂၀ လောက်နဲ့ ဝယ်ရတော့တာ ရတဲ့ ဆန်ကိုရောင်ရင်တော့ အမြတ်တော့မရပေမယ့် စိုက်တဲ့အခါ ကုန်ကျစရိတ်လောက်တော့ ရလောက်တယ်”
ချင်းပြည်နယ်မှာ ဆန်တစ်အိတ်ကို သယ်ယူခအပါအဝင် ငွေကျပ်တစ်သိန်းခွဲလောက်အထိ လက်ရှိ ပေးဝယ်နေကြရပါတယ်။ ဒါကြောင့် သာမန်လက်လုပ်လက်စားတွေအတွက် ပိုပြီး ခက်ခဲကျပ်တည်းနေတာ ဖြစ်ပါတယ်။
အလုပ်သမားတွေဘက်ကလည်း လုပ်အားခငွေပမာဏ ပိုရတယ်ဆိုပေမယ့် ငွေကြေးတန်ဖိုးက ကျဆင်းနေတဲ့အတွက် အာဏာမသိမ်းခင်အချိန်ကလို ဝဝလင်လင်မစားသောက်နိုင်တော့ဘူးလို့ နေ့စားစပါးရိတ်သူ ဒေါ်ဂင့်သာ က RFA ကို ပြောပါတယ်။
“အရင်တုန်းက ခေတ်ကောင်းတုန်းကဆိုရင် လုပ်အားခမများပေမယ့် တစ်နေ့ လုပ်အားခက တစ်နေ့ စားသောက်ဖို့အတွက် လောက်ငှတယ်လေ။ အခု လုပ်အားခက ရှစ်ထောင်လောက်ရတယ်။ အရင်ကထက် များတာပေါ့လေ၊ ဒါပေမဲ့ တစ်နေ့စာ စားဖို့ သောက်ဖို့ မလောက်ငှပါဘူး။ အရင်တုန်းက ဆန်ကောင်းတာလေး စားနိုင်ခဲ့ပေမယ့် အခုတော့ ဆန်ကြမ်းတောင် အနိုင်နိုင်ပါ။ စပါးစိုက်တဲ့သူတွေလောက်ပဲ ဆန်ကောင်း စားနိုင်ကြတော့တယ်”
ချင်းတောင်ပေါ်မှာ ရိတ်ပြီးသားစပါးတွေကို ခြွေရာမှာ ရိတ်ခြွေစက် မရှိတာကြောင့် လူအားနဲ့သာ ရိုက်ပြီးစပါးခြွေရတာပါ။
စပါးချွေတဲ့ အလုပ်သမားတွေဟာ တစ်နေ့လုပ်အားခ ကျပ်တစ်သောင်းကျပ်လောက် ရပေမယ့် မိသားစုတွေ တစ်နေ့ စားသောက်ဖို့ မလောက်ငှဘူးလို့ စပါးချွေအလုပ်သမား တစ်ဦးဖြစ်တဲ့ ဦးဆွမ်ဒိတ်မန် က ပြောပါတယ်။
“စပါးရိတ်တာ၊ စပါးချွေတဲ့ အလုပ်တွေလို ရရာအလုပ်ကို လုပ်ကိုင်နေရတာပါ။ စပါးချွေတာက လက်နဲ့ အားထည့်ပြီး စပါးစေ့တွေ ကြွေအောင် ရိုက်ချွေရတာပါ၊ တစ်နေ့ကို လုပ်အားခ တစ်သောင်းလောက်ရပါတယ်။ ဒါပေမဲ့ အဲဒီငွေက မိသားစု စားဝတ်နေရေးအတွက် မလောက်ပါဘူး။ နိုင်ငံရေး မကောင်းတဲ့ နိုင်ငံပိုင်းမှာ ပိုပြီးကျပ်တည်း ခက်ခဲလာတာပေါ့ဗျာ။ နေ့စားအလုပ်တောင် လုပ်ဖို့သိပ်မရှိတော့ ပုံမှန်ဝင်ငွေလည်း မရပါဘူး။ အလုပ်ကြမ်းလုပ်ကိုင်ရတော့ အားနည်းပြီး ဖျားနာတာတို့၊ နေမကောင်းတာတို့အတွက်လည်း ဆေးတွေကလည်း ကျွန်တော်တို့ဆီမှာ စျေးကြီးလွန်းပါတယ်”
ကပ်တဲလ်ကျေးရွာဟာ တီးတိန်ကနေ ၇ မိုင်လောက်ကွာဝေးပြီး အိမ်ခြေ ခုနစ်ရာကျော်နဲ့ လူဦးရေ သုံးထောင်ကျော် နေထိုင်ကြပါတယ်။
စပါးစိုက်တောင်သူလယ်သမားတွေကတော့ သူတို့စိုက်ခင်းတွေအတွက် ဓာတ်မြေဩဇာ စျေးနှုန်းတွေ ပြန်ကျပြီး စျေးနှုန်းအသင့်အတင့်နဲ့ ဝယ်ယူရရှိနိုင်ဖို့ မျှော်လင့်နေကြပါတယ်။