စပါးစျေး ၁၅ သိန်းအောက်ကျမှာကို ဧရာဝတီတိုင်းက လယ်သမားတွေ စိုးရိမ်နေ
2023.11.07

စစ်ကောင်စီရဲ့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနလက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က စပါးတင်း တစ်ရာကို အနည်းဆုံး ငွေကျပ် ခုနစ်သိန်းခွဲသတ်မှတ်ပြီး စျေးကွက်ပေါက်စျေးက မြင့်နေရင် အဲဒီစျေးနှုန်းအတိုင်း ဝယ်ရမယ်လို့ ထုတ်ပြန်ထားတာကြောင့် စပါးပေါ်ချိန်မှာ စျေးပြန်ကျသွားမှာကို ဧရာဝတီတိုင်းက လယ်သမားတွေ စိုးရိမ်နေကြပါတယ်။
ဟင်္သာတမြို့နယ်မှာ မိုးစပါးပေါ်တဲ့ အခုအချိန် တင်းတစ်ရာကို ငွေကျပ် ၁၄ သိန်းခွဲကနေ ၁၅ သိန်းအထိ ပေါက်စျေး ရှိနေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အခြေခံ သတ်မှတ်စျေး ကြောင့် လက်ရှိပေါက်စျေး လျော့ကျသွားရင် လယ်သမားတွေ အရှုံး ပေါ်မယ်လို့ ပြောကြပါတယ်။
“စပါးတင်းတစ်ရာကို ၁၅ သိန်းအောက် ကျသွားရင် အခက်အခဲတွေ ဖြစ်လာမယ်”
ဟင်္သာတမြို့နယ်၊ ကျုံတုံးကျေးရွာအုပ်စု၊ အင်းဇရပ်ရွာက အသက် ၅၂ နှစ်အရွယ် ဦးလင်းခိုင်က လယ်လုပ်ငန်းကို လုပ်လာတာ ၃၂ နှစ်ရှိနေပါပြီ။ သူ့မှာ လယ် လေးဧက ရှိပါတယ်။ သူ့ရဲ့ မိသားစု ခြောက်ယောက်ကို ဒီလယ်လုပ်ငန်းနဲ့ပဲ ကျွေးမွေး စောင့်ရှောက် လာတာပါ။ စိုက်ပျိုးရေးမှာ အစစအရာရာ ငှားရမ်းလုပ်ကိုင်ရတာကြောင့် လယ်တစ်ဧကကို ကုန်ကျငွေ ငါးသိန်းလောက် ရှိပါတယ်။ သူ့လယ်ကနေ တစ်ဧကကို စပါးတင်း ခြောက်ဆယ်ဝန်းကျင်ပဲ ထွက်တာကြောင့် စပါးတင်းတစ်ရာကို ၁၅ သိန်းအောက် ကျသွားရင် အခက်အခဲတွေ ဖြစ်လာမယ်လို့ ဦးလင်းခိုင်က ပြောပါတယ်။
“ဦးတို့လည်း ဒီစပါးက ထွက်တဲ့ဆန်ကိုပဲ ပြန်စားနေရတာဆိုတော့ ဒီ ၁၅ သိန်း စျေးလောက်ဆိုရင်တော့ မဆိုးဘူးပေါ့ကွာ။ ဒီထက် မြင့်သွားမယ်ဆိုရင်လည်း စားသုံးမယ့်သူတွေ ဒုက္ခရောက်မှာစိုးတယ်။ ကိုယ်လည်း ဒုက္ခရောက်မှာပဲ။ ဒီဟာပဲ စားနေတာဆိုတော့ သူ့ထက် နိမ့်သွားမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။ ဒီ ၁၅ သိန်းစျေး ဆိုတာတော့ ဦးတို့တွေ ကုန်ကျထားတဲ့ဟာတွေနဲ့ ဦးတို့ကွာ အခုတစ်မိုးတွင်းကို လယ်တစ်ဧက အခု ဦးဟာနဲ့ လယ် နှစ်ဧက ကောက်ရင်းစပါးပေါ့။ စိုက်တယ်ဆိုတော့ ဦးအတွက်ကို တစ်မိုးတွင်း အလုပ်လုပ်လာခဲ့တာ ခုနက ကလေးကို ပြောလိုက်သလို တစ်ဧက လေးသိန်းလောက်တော့ ကိုယ့်အတွက် ကျန်တယ်”
လယ်ထွန်စရိတ်က တစ်ဧကကို ရှစ်သောင်းခွဲ (ငွေကျပ် ၈၅,၀၀၀) လောက် ကုန်ကျသလို မျိုးစပါးတစ်အိတ်ကို သုံးသောင်းခွဲ (၃၅,၀၀၀ ကျပ်) နဲ့ ဝယ်ရပါတယ်။ လယ်တစ်ဧကကို ဓာတ်မြေသြဇာ နှစ်အိတ်သုံးရတာကြောင့် ငွေ နှစ်သိန်းဝန်းကျင် ကုန်ကျပါတယ်။ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကလည်း တစ်ဧကကို တစ်သိန်းဝန်းကျင် ကုန်ကျပါတယ်။ စပါးရိတ်ခြွေခကတော့ တစ်သိန်းနှစ်သောင်း ပေးရတာကြောင့် လယ်တစ်ဧကို ငွေငါးသိန်းလောက် ကုန်ကျတာပါ။ ဒီလို အရင်းအနှီးကြီးပြီး စပါး အထွက်နည်းတာကြောင့် လယ်သမားတချို့ဆိုရင် တင်းတစ်ရာကို ၁၅ သိန်းဝန်းကျင် ရတာတောင် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
အင်းဇရပ်ရွာကပဲ အသက် ၄၃ နှစ်အရွယ် ကိုဇော်ကြီးဆိုရင် ရာသီဥတု ဖောက်ပြန် တာကြောင့် သူ့လယ်လုပ်ငန်း အရှုံးနဲ့ ရင်ဆိုင်ရတယ်လို့ ပြောပါတယ်။
“တိတိကျကျ မှတ်မယ်ဆိုလို့ရှိရင်တော့ ဒီစပါးစျေးနှုန်းနဲ့ အခုလိုမျိုး ရာသီဥတုဖျက်လို့ စပါးပျက်တာနဲ့ မထွက်တာနဲ့ဆိုရင် ဒီနှစ်ကတော့ ရှုံးတာက အရှုံးကြီးကို ရှုံးတယ်။ ဒီနှစ်ကတော့ အရင်နှစ်လိုတော့ မဟုတ်ဘူး။ ဒီနှစ်က ရှုံးတယ်။ အစာစျေးတွေ တက်တာ တွေနဲ့လေ။ အဲဒါတွေကြောင့်”
သူတို့လိုပဲ အင်းဇရပ်ရွာက အသက် ၅၃ နှစ်အရွယ် ဦးမြင့်လှိုင်ကလည်း လယ်လုပ်ငန်း လုပ်ကိုင်လာတာ အနှစ် နှစ်ဆယ်လောက်ရှိပါပြီ။ သူ့မှာ သားနှစ်ယောက် ရှိပါတယ်။ သူကတော့ စပါးလည်း ဝယ်သလို ဥယျာဉ် ခြံ စိုက်ပျိုးရေးလည်း လုပ်ပါတယ်။ လက်ရှိ ဧည့်မထ၊ ဆင်းသွယ်အုပ်စုဝင် စပါးတင်းတစ်ရာကို ငွေကျပ် ၁၅ သိန်းလောက်နဲ့ ရောင်းရ ပေမယ့် အဲဒီအောက်ရောက်သွားရင် လယ်သမားတွေ အခက်အခဲ ရှိသွား လိမ့်မယ်လို့ သူက ပြောပါတယ်။
“နွေစပါးက သိန်း နှစ်ဆယ်ကျော်လောက် ရှိပါတယ်။ ဒါပေမဲ့ မရောင်းရပါဘူး တောင်သူတွေ။ ဘယ်တောင်သူမှ ဒီစျေးနဲ့ မရောင်းရဘူးလေ။ ဆယ်သိန်းလောက် ကျသွားရင်တော့ တောင်သူတွေ အခက်အခဲ ရှိသွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ခုနကပြောသလို တစ်ဧကကို သုံးရတဲ့ဟာက ကုန်ကျနှုန်းက ငါးသိန်းလောက်ကို ကျွန်တော်တို့ သတ်မှတ်ထားတယ် ဆိုတဲ့အခါကျတော့ ဆယ်သိန်းလောက်အထိ ကျသွားမယ်၊ စပါးတစ်တင်းကို တစ်သောင်းလောက်နဲ့ဆိုတော့ စပါးတစ်ဧကကို ငါးဆယ် ပြန်ရ ငါးသိန်းပဲရမယ်။ ဒါဆိုရင် လယ်ဗယ်လောက်ဖြစ်သွားပြီပေါ့။ အဲဒီတော့ ရှုံးသလားလို့မေးရင် လုပ်အား ရှုံးတယ်ပေါ့”
ဟင်္သာတမြို့နယ်က လယ်သမားတွေဟာ လယ်စိုက်တဲ့အခါ အရင်းအနှီးကြီးပြီး စပါးပေါ်တဲ့အချိန်မှာတော့ အထွက်နည်းလို့ ရှုံးမယ့်တောင်သူတွေ များနေတာကြောင့် စပါးစျေးကျမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။