တိုက်ပွဲတွေကြောင့် တီးတိန်က တောင်သူတွေ ကြက်သွန်ဖြူ တင်ပို့ရောင်းချဖို့ ခက်ခဲနေ
2024.04.19

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ငင်နှုန်းကျေးရွာမှာ စိုက်ပျိုးတဲ့ကြက်သွန်ဖြူတွေကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ကတစ်ဆင့် မန္တလေး-မူဆယ်နဲ့ တမူးဘက်ကို အဓိက တင်ပို့ကြတာလို့ တောင်သူတွေက ပြောပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလကစပြီး စစ်ကိုင်းတိုင်း ကလေးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အခုချိန်အထိ လမ်းတွေပိတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလဆန်းကတည်းက ကြက်သွန်ဖြူတွေ ကောက်သိမ်းကြပြီဖြစ်ပေမယ့် တင်ပို့ဖို့မလွယ်ကူတာကြောင့် မရောင်းရတော့မှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။
“ငွေကြေး ခက်ခဲတာပေါ့။ တီးတိန် - ကလေးကို ပုံမှန် လမ်းသွားလမ်းလာတောင် သွားလာလို့မရဖြစ်နေတာ။ အဲဒါတွေကြောင့် အရင်ကလို ကလေးကို ပို့ဖို့သော်လည်းကောင်း၊ အိန္ဒိယတို့ တရုတ်၊ မူဆယ်တို့ကို ပို့ဖို့သော်လည်းကောင်း ဒီနှစ်ကတော့ ပိုခက်ခဲလာတယ်။ ကြက်သွန်ဖြူကိုတော့ အခု ဒီလောက်စိုက်ပေမယ့်လည်း ရောင်းလို့ရပါ့မလား။ ပိုက်ဆံရပါ့မလား။ အဲဒါရမှ စားဖို့သောက်ဖို့ အဆင်ပြေမှာလေ။ ဒါကြောင့် စိုးရိမ်နေရတယ်”
အရင်နှစ်တွေကတော့ တိုက်ပွဲတွေရှိပေမယ့်လည်း လမ်းပိတ်တဲ့အခြေအနေအထိ မရောက်ခဲ့တာကြောင့် ကလေးမြို့ကို တင်ပို့လို့ရခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။
လက်ရှိ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ငါးထောင် ပေါက်စျေးရှိပြီး အရင်နှစ်တွေကတော့ သုံးထောင်ကျော်လောက်သာ ရပါတယ်။
အရင်နှစ်ကထက် စျေးကောင်းပေမယ့် ကြက်သွန်စိုက်ပျိုးရာမှာသုံးတဲ့ မြေသြဇာအပါအဝင် တခြားပစ္စည်းတွေ စျေးမြင့်တက်နေတာကြောင့် ငွေပိုမကျန်ဘူးလို့ အသက် ၆၃ နှစ်အရွယ် တောင်သူ ဦးအင်ဂိုကပ်က ပြောပါတယ်။
“ငွေအားနဲ့ လုပ်နေရတာ၊ မြေသြဇာ တစ်အိတ်ကို တစ်သိန်း၊ တစ်သိန်းကျော်လောက် ပေးရတယ်။ ကြက်သွန် တစ်ဧကကို မြေသြဇာ လေးအိတ်လောက်ကုန်တယ်။ တခြားတို့ ရေပေးဖို့ ပိုက်တွေ ဝယ်ရတာ၊ ဘာညာရှိသေးတယ်။ အရင်းအနှီးက အများကြီးကုန်တယ်။ အခုက ကုန်စျေးနှုန်းတွေ အကုန်တက်တော့ ကြက်သွန်ဖြူလည်း စျေးတက်နေပေမယ့်လည်း အရင်တုန်းကနဲ့ မတူဘူး။ အရင်တုန်းကရတဲ့ ပိုက်ဆံက သုံးရတာ ပိုအဆင်ပြေတာပေါ့လေ”
စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကြောင့် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာချိန်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ချင်းပြည်နယ်က ပြည်သူတွေဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေထက် ပိုပြီးစျေးကြီးပေးဝယ်ကြရပါတယ်။
တောင်ယာစိုက်ပျိုးရာကနေ ရလာတဲ့ဝင်ငွေဟာ မိသားစုစားဝတ်နေရေး မလောက်ငတော့ဘူးလို့ ကြက်သွန်စိုက် တောင်သူတစ်ဦးဖြစ်တဲ့ ဦးနိန်ဆွမ်လျန်က ပြောပါတယ်။
“အရင်နှစ်တွေက ကြက်သွန်ဖြူ စပေါ်တဲ့အချိန်မှာဆိုရင် တစ်ပိဿာကို သုံးထောင်အထိ ရတယ်။ တဖြည်းဖြည်း တက်လာပြီးတော့ နောက်ဆုံး ခြောက်ထောင်အထိ ရတယ်။ ဒီနှစ်တော့ တစ်ပိဿာ ငါးထောင်ကနေ စတယ်။ အဲဒီလောက်ကနေ စပေမယ့်လည်း အရင်က ဆန်ဆိုရင် သုံးသောင်း၊ လေးသောင်းနဲ့ တစ်အိတ်ရပေမယ့် အခုတော့ တစ်အိတ်ကို တစ်သိန်းခွဲလောက် ဖြစ်လာတယ်။ စိုက်ပျိုးရေးမှာ သုံးတဲ့ပစ္စည်းတွေအပါ လူသုံးကုန်တွေ၊ စားသောက်ကုန်တွေက အရင်ကထက် သုံးဆလောက် စျေးတက်နေပြီလေ။ တောင်ယာစိုက်ပျိုးတာကနေ စားဝတ်နေရေးအတွက် မလောက်ငတော့ဘူး။ အဲဒီတော့ တောင်ယာလုပ်ရင်းနဲ့ပဲ တခြားဝင်ငွေရမယ့် အလုပ်တို့ နေ့စားတို့ တခြားအလုပ်တွေ လုပ်နေရတယ်။ အဲဒီလိုမှမလုပ်ဘူးဆိုရင် တောင်ယာစိုက်တဲ့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မလောက်ငဘူး”
တီးတိန်မြို့နဲ့ ခြောက်မိုင်လောက်အကွာမှာရှိတဲ့ ငင်နှုန်းကျေးရွာမှာ အိမ်ခြေ ၁၇ဝ ကျော်ရှိပါတယ်။ ငင်နှုန်းကျေးရွာမှာ ကြက်သွန်ဖြူတွေကို အောက်တိုဘာလမှာ စစိုက်ကြပြီး မတ်လကုန် ဧပြီလဆန်းလောက်မှာ ကောက်သိမ်းကြပါတယ်။ ဒီရွာကနေ တစ်နှစ်ကို ကြက်သွန်ဖြူ ပိဿာ ငါးသောင်းကျော်လောက် ထွက်လေ့ရှိပြီး တချို့ကတော့ ကောက်သိမ်းပြီးတာနဲ့ ရောင်းချကြသလို တောင်သူအများစုကတော့ စျေးကောင်းရတဲ့အချိန်ကို စောင့်ပြီး မေလ၊ ဇွန်လလောက်မှ ရောင်းလေ့ရှိပါတယ်။
လမ်းခရီးကောင်းချိန်ဆို ပွဲစားတွေက ရွာအထိ လာဝယ်ကြပေမယ့် အခုတော့ တိုက်ပွဲတွေနဲ့ လမ်းတွေပိတ်နေတာကြောင့် ကုန်သည်ပွဲစားတွေ လာလို့မရသလို တောင်သူတွေလည်း တင်ပို့ရောင်းချဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။