ခက်ခဲနေတဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ ဘဝ
2024.11.26
တန်ဖိုးကြီး ကမ္ဘာကျော်အမှတ်တံဆိပ် အဝတ်အထည်တွေချုပ်နေရပေမဲ့ မဝေဝေတစ်ယောက် သူကိုယ်တိုင် ထမင်းနပ်မှန်ဖို့တောင် အပြင်းအထန် ကြိုးစားနေရတာပါ။
အရင်တုန်းကတော့ ပတ်ဝန်းကျင်လည်း ငြိမ်းငြိမ်းချမ်းချမ်း၊ အလုပ်အကိုင်လေးကလည်း မဆိုးဘူးဆိုပေမဲ့ အခု စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ကုန်စျေးနှုန်းကလည်းကြီး၊ ရပ်ထဲရွာထဲမှာလည်း ခိုးဆိုးလုနှိုက်တွေက ပေါလာတော့ ပိုလို့ခက်ခဲလာပါတယ်။
"အာဏာမသိမ်းခင်ကဆို ညကိုးနာရီထိ OT ဆင်းလို့ရတယ်။ လစာထုတ်တဲ့အချိန်ကြတော့ အပိုဝင်ငွေလေးရတာပေါ့နော်။ တစ်လနှစ်သောင်းသုံးသောင်းပိုတဲ့အခါ ညီမတို့ သုံးလို့ရသေးတယ်။ အခုရတဲ့လစာကတော့ အိမ်ကိုပို့လို့ရတယ်။ ပြီးရင်ဒီမှာစားရုံလောက်ပဲရပြီး အပိုဝင်ငွေဆိုတာ ညီမတို့အတွက် မရှိဘူး"
အလုပ်ကလည်း အချိန်ပိုမရ၊ နယ်မှာကျန်ခဲ့တဲ့ မိဘတွေကို ပိုက်ဆံပြန်ပို့ရဆိုတော့ ဝမ်းရေးနပ်မှန်ဖို့တောင် အနိုင်နိုင်ပါ။
"စားဖို့အတွက် အသားငါးဆိုရင် တစ်ပတ်မှာ စနေနေ့စျေးဝယ်ပြီး တစ်ခါစားမယ်။ ကျန်တာကို အရွက်ကလေးနဲ့ စားမယ်။ လက်ဖက်သုပ်၊ ကြက်ဥလေးနဲ့ မျှစားရတယ်။ မနက်စာဆို မစားဖြစ်တာများတယ်။ ချွေတာရတာပေါ့။ သူများတွေလိုသုံးစားမယ်ဆိုရင် မိဘကိုပို့မဲ့ဟာ ပိုနည်းသွားတာပေါ့"
သူတို့အထည်ချုပ်ကနေ ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ Adidas တို့ H&M တို့လိုဘရန်းတွေထုတ်ပြီး တရုတ် ဥရောပဘက်ကိုတင်ပို့ပါတယ်။ အဲဒီလိုတင်ပို့ကုန်တွေကနေ ဘီလီယံနဲ့ချီရတယ်ဆိုပေမဲ့ မဝေတစ်ယောက်အတွက်ကတော့ တစ်နေ့လုံး ၁၂ နာရီလုပ်မှ ဝင်ငွေတစ်သောင်းလောက်ပဲရပါတယ်။
ဆက်နွှယ်သောသတင်းများ
၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အထည်ချုပ်လုပ်ငန်းက ကန် ဒေါ်လာ ၅.၃ ဘီလီယံ ရရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်
စစ်ဘေးသင့်စီးပွားရေးကြောင့် မြန်မာအထည်ချုပ် အလုပ်သမားတွေ ထိခိုက်
မြန်မာမှာလုပ်ကိုင်တဲ့ အထည်ချုပ်လုပ်ငန်းသုံးခုကို သမဂ္ဂတွေ တိုင်ကြား
အသက် ၁၉ နှစ်အရွယ် အလုပ်သမလေး မသင်းသင်းခိုင်လည်း မဝေလိုပဲ ရုန်းကန်နေရသူပါ။
"မိသားစုလေးယောက်ရှိတယ်။ ညီမသုံးယောက်အလုပ်လုပ်တယ်။ အဖေကအိမ်မှာနေတယ်။ ပြန်မှ ထမင်းဟင်းချက်ပြုတ်ရတာ၊ ညီမသုံးယောက်လုပ်တာတောင် တစ်ခါတစ်လေမှပိုလျှံတာ၊ မပိုလျှံတာက များပါတယ်။ ကုန်စျေးနှုန်းတွေကတက်နေတော့လေ"
သူတို့ ညီအမသုံးယောက်လုပ်ခဟာ အရင်ကတော့ အပိုအလျှံရှိတယ်ဆိုပေမဲ့ ဒီနေ့ခေတ်ကာလ အခြေအနေမှာတော့ မနည်းခြိုးခြံနေရပါတယ်။
"သမီးတို့ဆို အရင်ကတစ်လ နှစ်စုံသုံးစုံဝယ်ဖြစ်တယ်။ အခုကုန်စျေးနှုန်းတက်လာပြီးနောက်ပိုင်းမှာ အင်္ကျီအဝတ်အစား၊ အလှအပဆို မဝယ်ဖြစ်တော့ဘူး။ တစ်ကိုယ်ရည်တစ်ကာယပစ္စည်းဆိုဝေးရော၊ စားဖို့က အရေးကြီးတယ်လေ..."
စက်ချုပ်လုပ်ငန်း တစ်နိုင်တစ်ပိုင်လုပ်တဲ့ လုပ်ငန်းရှင် ဒေါ်ခင်ခင်ဝင်းကတော့ အလုပ်သမားတွေကို လုပ်ခပိုပေးချင်ပေမဲ့ မပေးနိုင်ဘူးဖြစ်နေတယ်လို့ ပြောပါတယ်။
"ကိုယ်ရင်းရတဲ့အရင်းကများပြီး အကျိုးအမြတ်က တဖြေးဖြေးနဲ့နည်းသွားပြီလေ။ ကုန်ပစ္စည်းဝယ်ရတဲ့အခါစျေးတွေတက်တယ်။ လူတွေက တစ်နှစ်တစ်နှစ်တိုးတတ်မလာဘူး။ ဆုတ်ယုတ်သွားတာပဲရှိတယ်။ ဘဝကအများကြီးပြောင်းလဲသွားတာမရှိဘူး။ အဆောင်လခတွေစျေးကြီးလာတယ်။ စားသောက်တဲ့ကုန်စျေးနှုန်းတွေ စျေးကြီးလာတော့ တစ်ရက်ဝင်ငွေ အနိမ့်ဆုံး ၇ဝဝဝ လောက်ရတာတောင်အဆင်မပြေဘူး။ တစ်ရက်ကို တစ်သောင်းကျော်လောက် အနိမ့်ဆုံးရမှ၊ များများရရင်ပိုအဆင်ပြေတယ်။ ကိုယ်လည်းများများမပေးနိုင်ဘူး"
အာဏာသိမ်းပြီးတဲ့နောက် အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေ ဖိအားပေးခိုင်းခံရတာ၊ ခြိမ်းခြောက်ခံရတာ၊ လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေရှိနေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
ဒါပေမဲ့ အလုပ်သမားတွေကို ကူညီတဲ့အဖွဲ့တွေ ဖမ်းဆီးခံရ၊ တရားဥပဒေစိုးမိုးမှုကလည်း မရှိတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းမသိ၊ အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ဆိုပါတယ်။
ဒီအထည်ချုပ်လုပ်ငန်းတွေကနေ ဒေါ်လာဘီလီယံနဲ့ချီဝင်ငွေရပြီး၊ စီးပွားရေးပြိုင်လဲနေတဲ့ စစ်ကောင်စီကို ဒီအထည်ချုပ်လုပ်ငန်းတွေက ကျားကန်ပေးထားတယ်လို့ အလုပ်သမားသန်းငါးဆယ်ကျော်ကို ကို ယ်စားပြုတဲ့ IndustriALL Global အဖွဲ့ကပြောထားပါတယ်။
(AFP သတင်းဌာန၏ ဗီဒီယိုဆောင်းပါးအား စောဖိုးခွား ဘာသာပြန်ဆိုတင်ပြသည်။)