ရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်စက်ရုံတွေအရေး

2018-12-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံ ၂၄ ရုံကို ရှေ့ဆက်ဘယ်လိုဆောင်ရွက်မယ်ဆိုတာ လွှတ်တော်မှာ အမြန်ဆုံးလာရောက်တင်ပြဖို့ ပြည်သူ့လွှတ်တော်က ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ပြည်ထောင်စုအစိုးရကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။

၅နှစ်ဆက်တိုက် အရှုံးပေါ်နေတာကြောင့် အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေကို ပိတ်သိမ်းဖို့ ၂၀၁၆ ခုနှစ်က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ စက်ရုံတွေလည်ပတ်မှုကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကွင်းဆင်းစစ်ဆေးခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့က အစီရင်ခံစာတင်သွင်းပြီး အဲဒီစက်ရုံတွေကို ပြန်လည်ပတ်နိုင်အောင် နည်းလမ်းရှာဖွေ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပေမယ့် အစိုးရဘက်က အကောင်အထည်ဖော်ခြင်းမရှိဘူးလို့လည်း ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဦးအေးမင်းအောင်က ရပ်ဆိုင်းထားတဲ့ စက်ရုံတွေကို လေ့လာပြီး လွှတ်တော်ကို အစီရင်ခံစာတင်သွင်းဖို့ အခုလိုတိုက်တွန်းခဲ့ပါတယ်။

"အဲဒီကိစ္စကို ပြည်ထောင်စုအစိုးရက ကျယ်ကျယ်ပြန့်ပြန့်လေ့လာ သုံးသပ်ပြီး မည်သို့ မည်ပုံဆောင်ရွက်မည်ကို လွှတ်တော်သို့ အမြန်ဆုံးပြန်လည်တင်ပြရန် တိုက်တွန်းအပ်ပါတယ်။ မည်သည့်စက်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်မည်။ မည်သည့်စက်ရုံကို PPP, JV, Profit share ပြုလုပ်မည်။ မည်သည့်စက်ရုံတွေကို နိုင်ငံပိုင်စက်ရုံများအဖြစ် ဆက် လက်လည်ပတ်မည်၊ အဲဒါတွေကို action plan ရေးဆွဲပြီး ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်ပြဆုံးဖြတ်ချက်ရယူပြီး ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါတယ်။ "

ရပ်ဆိုင်းထားတဲ့ စက်ရုံတွေထဲမှာ အရင်းအနှီးကြီးမားတဲ့ မြင်းခြံနဲ့ ပင်းပက်သံမဏိစက်ရုံ၊ သာပေါင်း ပျော့ဖက်စက်ရုံ၊ အထည်စက်ရုံတွေ၊ မှန်စက်ရုံတွေ ပါဝင်ပါတယ်။

ရပ်ဆိုင်းထားတဲ့စက်ရုံတွေကို ကွင်းဆင်းစစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ လှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက တွေ့ရှိချက်တချို့ကို အခုလိုပြောပါတယ်။

"တချို့စက်ရုံတွေဆိုရင် ဥပမာ မြင်းခြံသံမဏိစက်ရုံဆိုရင် ရင်းနှီးမြှုပ်နှံမှုပမာဏကလည်း ယူရို သန်း ၁၃၀၀ လောက်ရှိတယ်။ အဲဒါကျတော့ ပမာဏအရမ်းကြီးတယ်။ စီးပွားရေးအရလည်း တွက်ခြေမကိုက်ဘူး။ ဒီလိုစက်ရုံ မျိုးကတော့ ရင်းနှီးမြှုပ်နှံမယ့်သူ မရနိုင်ဘူး။ ဒါပေမဲ့ တခြားစက်ရုံတွေအများကြီးကတော့ ရနိုင်တာပေါ့။ ဒါပေမဲ့ စက်မှုဝန်ကြီးဌာနဘက်က စိတ်ဝင်စားတဲ့လူတွေကို ဖိတ်ခေါ်တာ ဆွေးနွေးတာ ဒီစက်ရုံတွေကို ပုဂ္ဂလိကနဲ့ အကျိုးတူလုပ်မယ် ငှားရမ်းမယ်ဆိုတာ ၀န်ကြီးဌာနက ကျယ်ကျယ်ပြန့်ပြန့်ကြေညာတာ ကျနော်တို့ မတွေ့ရဘူး။"

ကွင်းဆင်းစစ်ဆေးခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ စက်ရုံအများစုကို တနည်းနည်းနဲ့ ပြန်လည်လည်ပတ်ဖို့ အကြံပြုထားပေမယ့် စက်မှုဝန်ကြီးဌာနက ဆောင်ရွက်တာ မတွေ့ရဘူးလို့ လည်း ပြောပါတယ်။

အစီရင်ခံစာတင်သွင်းရာမှာပါဝင်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က ဘတ်ဂျက်နှစ်မတိုင်မှီ အစိုးရရဲ့ ဆုံးဖြတ်ချက်ရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ဘတ်ဂျက်နှစ်နဲ့ အစိုးရဆုံးဖြတ်ချက်က တိုင်ပင်ကိုက်ဖို့ လိုပါတယ်။ ဒီဘတ်ဂျက်နှစ် အပြောင်းအလဲမတိုင်ခင် ဆုံးဖြတ်နိုင်ခဲ့တယ်ဆိုရင် စက်ရုံတွေက ဒီအချိန်ပြန်ပြီး လုပ်ငန်းစနိုင်တဲ့အနေအထားရှိတောပေါ့။"

စက်ရုံက နိုင်ငံ့ဝန်ထမ်းတွေအနေအထား၊ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေတွေကို တွက်ချက်ပြီး စက်ရုံတွေကို အပြီးပိတ်သိမ်းခြင်းမပြုဖို့ အစီရင်ခံစာထဲမှာ ထည့်သွင်းအကြံပြုထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ယာယီရပ်ဆိုင်းထားတဲ့ စက်ရုံထဲမှာပါဝင်တဲ့ မြင်းခြံသံမဏိစက်ရုံရဲ့ စက်စမ်းသပ်လည်ပတ်စရိတ်တင် ကျပ်သန်းလေးထောင် တောင်းခံထားတာကြောင့်   ကန့်ကွက်ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီစက်ရုံတွေကို ရေရှည်ပိတ်သိမ်းထားတာတွေ အပြီးပိတ်သိမ်းတာတွေ မလုပ်ဘဲ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ရှာဖွေပြီး တတ်နိုင်သလောက် ပြန်လည်ပတ်စေချင်တယ်လို့ ပြောကြပါတယ်ခင်ဗျာ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့