လေဖြတ်တဲ့သူတွေကို ကူညီတဲ့နေရာ
2023.07.02
ကမ္ဘာပေါ်မှာ နှစ်တိုင်း လူဦးရေ ၁၅ သန်းလောက် လေဖြတ်ရောဂါ ခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ လေဖြတ်ခံရပြီးတဲ့အခါ အများစုက ပုံမှန် မဟုတ်တော့ဘဲ နာတာရှည်ဝေဒနာသည်ဖြစ်သွားကြပါတယ်။
လေဖြတ်ခံရတဲ့အခါ အမြန်ကုနိုင်ဖို့အရေးကြီးသလို နောက်ပိုင်းမှာ ပြန်သန်စွမ်းဖို့ လေ့ကျင့်ရတာကိုလည်း မဖြစ်မနေလုပ်ကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လေဖြတ်ခံရတဲ့လူနာတွေ ပြန်သန်စွမ်းဖို့ ကူညီပေးနေတဲ့နေရာတစ်ခုရှိပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းရဲ့ ၁၈ မိုင် ၆ ဖာလုံမှာရှိတဲ့ Stroke Care Center ဆိုတဲ့နေရာလေးပါ။ အဲဒီမှာလေဖြတ်ထားတဲ့သူတွေ ကိုယ်ခန္ဓာ ပြန်သန်စွမ်းဖို့ လေ့ကျင့်ခန်းတွေနဲ့ ကုသပေးနေတာတွေ့ရပါတယ်။
ဒီနေရာကိုတည်ထောင်တဲ့သူကတော့ ဦးညီညီဘိုးလှိုင်ဖြစ်ပါတယ်။ သူကိုယ်တိုင် လေဖြတ်တဲ့ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဒီလိုနေရာမျိုးလိုအပ်တယ်လို့ စိတ်ကူးရခဲ့တဲ့အကြောင်း သူကပြောပြပါတယ်။
“ကျွန်တော်မူလပထမက လေဖြတ်တာတုံးလုံးကြီး။ စိတ်ဓာတ်မကျအောင်ပြန်လည်ထူထောင်ရမယ်ဆိုပြီး ကျွန်တော့်ဘာသာ ကြိုးစားထူထောင်လာတာ။ ဒါပေမဲ့ အခက်အခဲတွေကတော့ရှိတယ်။ ကျွန်တော်လေဖြတ်တဲ့ အချိန်ကနေ နေပြန်ကောင်းလာရင် ဒီအလုပ်ကိုလုပ်ဖြစ်အောင်လုပ်မယ်ဆိုပြီး အဲဒါကိုအဓိကထားပြီး ကျွန်တော်လုပ်ကိုင်တာပါ။”
သူနဲ့အတူ ဒီနေရာကိုပူးတွဲတည်ထောင်တဲ့ ဒေါ်မြင့်မြင့်စိုးစံ ကလည်း သူဆက်ကျော်သက်ကတည်းက ဒီစိတ်ကူးရှိခဲ့တာလို့ပြောပါတယ်။
“ကျွန်မမျိုးရိုးစဉ်ဆက်က လေဖြတ်ပြီးတော့ သေကြတဲ့သူတွေကြီးပဲ။ လေဖြတ်တဲ့သူတွေကို သီးသန့် ကုသချင်တယ်။ အိမ်ကျယ်ကျယ်လေးနဲ့ လေဖြတ်တဲ့သူတွေထားပြီးတော့ နေ့စဉ်ရေချိုးပေးမယ်။ အစာကျွေးမယ်၊ လေ့ကျင့်ခန်းတွေလုပ်ပေးမယ် ဆိုတာကို ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ကတည်းက အစပျိုးလာခဲ့တာ။”
အခုခေတ်မှာ ဆယ်ကျော်သက်ကလေးတွေလည်း လေဖြတ်ကြတယ်လို့ သူက ပြောပါတယ်။
“အရင်ကတော့ လေဖြတ်တာ အသက်ကြီးတဲ့လူတွေဖြစ်ကြတာ။ လှုပ်ရှားမှုနည်းတဲ့သူတွေ ဖြတ်ကြတယ်။ အခုကျတော့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်။ အခုလက်ရှိလူနာတွေထဲမှာ ဆယ့်နှစ်နှစ်တွေ၊ ဆယ်နှစ်တွေကအစ လေဖြတ်ကြတယ်။”
ဒါပေမဲ့ ကြောက်မသွားဘဲ လေ့ကျင့်ခန်းလုပ်ရင် သက်သာပျောက်ကင်းနိုင်တယ်လို့လည်း ဒေါ်မြင့်မြင့်စိုးစံ က အားပေးပါတယ်။
“လေဖြတ်တဲ့သူတွေမှာ အဓိကအရေးကြီးတာက လေ့ကျင့်ခန်းပဲ။ ဆေးရုံမှာတင် ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ပြီးတာတင်မကဘဲနဲ့ လေ့ကျင့်ခန်းမပါရင် လေဖြတ်တဲ့သူတွေက ပုံမှန်မဖြစ်သွားဘူး။ လေဖြတ်ပြီဆိုရင် အများအားဖြင့် လူတွေက ဦးနှောက်ခဲတယ်။ ဦးနှောက်သွေးကြောပေါက်တယ်။ သွေးကြောစိမ့် တယ်၊ ခဲတယ်ဆိုတာဖြစ်လာတယ်။ အဲဒါဆို မကြောက်ပါနဲ့။ တချို့က ဦးနှောက်ခဲတယ်။ ဦးနှောက် သွေးကြော ပေါက်သွားပြီ၊ ဦးနှောက် သွေးကြောခဲသွားပြီ။ သေတော့မယ်ဆိုတဲ့အမြင် ကျွန်မတို့မြန်မာလူမျိုးတွေမှာ အများကြီးရှိကြတယ်။ ကြောက်သွားကြတာပါ။ မကြောက်ပါနဲ့။ အရင်ကတော့ လေ့ကျင့်တဲ့နည်းတွေမရှိလို့ ငြိမ်ငြိမ်ကြီး အိပ်ယာထဲမှာ သေသွားတဲ့သူ အများကြီးပေါ့။ အခုတော့ မလိုတော့ပါဘူး။ လေဖြတ်တာဟာ သေရာပါရောဂါ မဟုတ်ဘူး။”
Stroke Care Center က ကူညီပံ့ပိုးလို့ ကျန်းမာရေးတိုးတက်လာတဲ့ လူနာတစ်ယောက်က သူ့ အတွေ့အကြုံကို အခုလိုပြောပါတယ်။
“ကျွန်တော်ကတစ်ကိုယ်လုံး တစ်ခြမ်းလုံးလိမ်သွားတာ။ ပြောရရရင်ကျွန်တော်သေမှာ။ ငါးဆယ် ငါးဆယ် ကို မသေတာကံကောင်းလို့။ ဦးနှောက်သွေးကြောပေါက်သွားတာ။ လေဖြတ်တဲ့ထဲမှာ ဦးနှောက်သွေး ကြောပေါက်သွားတဲ့သူက အဆိုးဆုံးပဲ။ သွေးကြောပိတ်တဲ့သူက ဆေးနဲ့ဖျော်လို့ရတယ် ကျွန်တော်တို့က ရောဂါကြီးတယ်။ ဒါနဲ့ကျွန်တော် သန်လျှင် သဘာဝတရားရိပ်သာရောက်သွားတယ်။ အဲဒီမှာ ဆရာတို့ ပရဟိတဆေးခန်းနဲ့ သွားတွေ့တယ်။ အဲဒီအခြေအနေမှာ ကျွန်တော် ခြေထောက်မရပ်နိုင်တဲ့ အခြေအနေမှာ ဆရာတို့ရဲ့ စက်ပိုင်းဆိုင်ရာအကူအညီနဲ့ အကြောနဲ့လက်တွေလှုပ်လာတယ်။ ဆန့်လာတယ်။ အရင်က ကျွန်တော်က ကောက်ကောက်ကြီး။ အခုတော့ဆန့်သွားပါပြီ။ ကျွန်တော် အများကြီး ပြောင်းလဲသွားပါတယ်။ အခုကျွန်တော် ကိုယ့်ခြေထောက်ပေါ် မတ်တပ်ရပ်နိုင်ပါပြီ။ အရင်က မရပ်နိုင်ပါဘူး။ အရင်က အိပ်ယာပေါ်ကဘဝပါ။”