ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ဟိန္ဒူဘာသာဝင် ဒုက္ခသည် ၁၂ဝဝ ကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။
--------------
မောင်တောမြို့မှာ သောင်တင်နေတဲ့ ဟိန္ဒူဘာသာဝင်ဒုက္ခသည်တွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အခြေနေတစ်ခုကို မရောက်သေးတဲ့အပြင် ပြည်တွင်းပြည်ပ NGO တွေကလည်း ထောက်ပံ့မှုမရှိသလို အစိုးရတာဝန် ရှိသူတွေဘက်ကလည်း စားနပ်ရိက္ခာကူညီထောက်ပံ့မှုတွေ မရှိတာကြောင့် အခက်အခဲတွေဖြစ်ရတယ်လို့ ပြောကြ ပါတယ်။
ဟိန္ဒူဒုက္ခသည်လူကြီးတစ်ဦးဖြစ်တဲ့ ဦးမောင်လှ က စားနပ်ရိက္ခာအကူအညီတွေမရတာ ၃ လ လောက်ရှိနေပြီလို့ ပြောပါတယ်။
"လူကယ်ပြန်က နည်းနည်းထောက်ပံ့တာရှိတယ်။ အဲဒါတစ်လအတွက်လောက်ပဲ ကျနော်တို့ရခဲ့တာရှိတယ်။ နောက်ထပ်မရတော့ဘူး။ အခုသုံးလကျော်နေပြီ ဘာမှမရတာ။ တော်တော်လေး အခက်အခဲနဲ့ ကြုံနေရပါတယ်"
၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနောက်ပိုင်းမှာ ဟိန္ဒူဒုက္ခသည်တွေဟာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
အဲဒီနောက် ပြည်နယ်အစိုးရက ဟိန္ဒူဒုက္ခသည်တွေကို မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးနောက်မှာ တဲတန်း လျားတွေနဲ့ တစုတစည်းတည်း နေရာချထားပေးခဲ့တာပါ။
အခုဆိုရင် မောင်တောမြို့မှာ မှီခိုနေရတာ ၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။
ပြည်နယ်အစိုးရက မောင်တောမြို့ကိုပြန်မယ်ဆိုရင် စားနပ်ရိက္ခာတွေဖူလုံအောင် ထောက်ပံ့ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ တခြားစီဖြစ်နေတယ်လို့ ဟိန္ဒူဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုရွင်ဂျီက ပြောပါတယ်။
"ကျနော်တို့ကိုပြောတာက မင်းတို့မောင်တောကိုပြန်ရင် စားဝတ်နေရေးအဆင်ပြေအောင် လုပ်ပေးမယ်။ တဲတွေလည်းဆောက်ထားတယ်။ အဲလိုပြောလို့ ကျွန်တော်တို့ ဒီကိုရောက်လာတာ။ ဒါပေမဲ့ ကျနော်တို့ကို ရိက္ခာလည်းမပေးဘူး။ အဲဒါကြောင့် ကျနော်တို့ တော်တော်လေး ဒုက္ခရောက်နေရတယ်"
နောက်ထပ် ဟိန္ဒူဘာသာဝင် ဒုက္ခသည်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်မီနာကလည်း တဲအိမ်တွေဆောက် လုပ်နေထိုင်ဖို့ ဝါး ၁၅ လုံးခန့်သာ အကူအညီရခဲ့တယ်လို့ပြောပါတယ်။
"အိမ်တစ်အိမ်စီအတွက် ဝါး ဆယ်လုံး၊ ဆယ့်ငါးလုံးပေးပါတယ်။ အဲဒီဝါးတွေနဲ့ မလုံလောက်တဲ့အတွက် နောက်ထပ်လိုအပ်တဲ့ဟာကို ကိုယ့်ဟာကိုယ်ရှာကြံပြီးဆောက်ခဲ့ရပါတယ်"
မောင်တောမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က အစိုးရအနေနဲ့ ဟိန္ဒူဒုက္ခသည်တွေကို ပစ်ပယ်ထားတာ မဖြစ်သင့်ဘူးလို့ပြောပါတယ်။
"နှစ်ကာလရှည်စွာ ဒီနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ဒိုးတူပေါက်ဖက် အတူနေခဲ့ကြတဲ့ လူတွေအတွက် ပစ်ပယ်ပြီးတော့ မထားသင့်ဘူးလို့ ကျနော့်အနေနဲ့မြင်ပါတယ်"
မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကတော့ ဟိန္ဒူဘာသာဝင်ဒုက္ခသည်တွေဟာ အစိုးရကပေးတဲ့ အကူ အညီ တစ်ခုတည်းကို အားကိုးမနေဘဲ ကိုယ်တိုင်ရှာဖွေလုပ်ကိုင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စားနပ်ရိက္ခာထောက် ပံ့မှုတွေ ရပ်ဆိုင်းထားတာဖြစ်တယ်လို့ပြောပါတယ်။
မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ အကြမ်းဖက်မှုဖြစ်စဉ်အတွင်းမှာ ဟိန္ဒူတွေ ရာနဲ့ချီသတ်ဖြတ် ခံခဲ့ရပါတယ်။
အဲဒီအဖြစ်အပျက်တွေကြောင့် ဟိန္ဒူဒုက္ခသည်တွေအကြားမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေ ဒီနေ့အထိ ရှိနေကြဆဲဖြစ်ပါတယ်ခင်ဗျာ။
