စည်းကမ်းမဲ့ ရွှေတူးမှုကြောင့် အင်းတော်ကြီးဒေသ ထိခိုက်ပျက်စီးနေ
2023.03.29

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က အင်းတော်ကြီးကန်မှာ ရှားပါးပြီး မျိုးတုံးတော့မယ့် အန္တရာယ်ကြုံနေရတဲ့ သားငှက်တိရစ္ဆာန်မျိုးစုံ မှီတင်းနေထိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံး သဘာဝအင်းကြီးဖြစ်တဲ့ အင်းတော်ကြီးကန်ဟာ ပင်လယ် ရေမျက်နှာပြင် အထက် ၅၄၆ ပေမှာ တည်ရှိပြီး မှိုင်းညို့ညို့ တောင်တန်းတွေနဲ့ ဝန်းရံထားပါတယ်။ ရွာပေါင်း (၃၉) ရွာရှိတဲ့ ဒီဒေသမှာ ကချင်၊ ဗမာနဲ့ ရှမ်းနီလူမျိုး အများစုနေထိုင်ပြီး ဌာနေတိုင်းရင်းသားတွေအတွက် ဂုဏ်ယူစရာ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။
"ရေကောင်းတွေလည်း မသုံးရဘူး။ ရေဆိုးရေညစ်တွေနဲ့ နေရတယ်”
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေနဲ့ တည်ငြိမ်အေးချမ်းပြီး ရှမ်းပြည်နယ်က အင်းလေးကန်လို ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အသည်းစွဲ နေရာတစ်ခုဖြစ်လာဖို့ ဒေသခံ တွေက မျှော်လင့်ခဲ့ကြပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ စည်းကမ်းမဲ့ ရွှေတူးဖော်မှုတွေ အဆမတန် များလာတဲ့အတွက် အင်းတော်ကြီးကန် တိမ်ကောမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
အင်းတော်ကြီးဒေသ မိုင်းနောင်၊ မမုံကိုင်နဲ့ လုံးတုံရွာတွေမှာ ကျေးရွာထဲထိ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးနေကြသလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာဒေသ တောစပ်တွေမှာလည်း အမြောက်အမြား တူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တူးပြီးသား မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတာကြောင့် လုပ်ကွက်ဟောင်းတွေထဲ ပြုတ်ကျသေဆုံးတဲ့ ကလေးတွေ ရှိလာသလို ရေကြီးရေလျှံတာ၊ ရေကောင်းရေသန့် မရတာတွေ ဖြစ်လာတယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
“လုပ်ငန်းရှင်တွေက ရှင်းရှင်းပြောမယ်ဆိုရင် ဆိုးတာက ဘယ်လောက်ထိတောင်လဲ ဆိုရင် လုပ်ပြီးရင်တောင် ပြုပြင်ပေးချင်တဲ့စိတ် မရှိကြဘူးပေါ့နော်။ ကလေးတွေ တချို့ဆို ရေနစ်ပြီး သေကြတာတွေရှိတယ်။ တချို့ဆိုရင် တော်တော်များများရှိတယ် လေး၊ ငါးယောက်တောင်ရှိတယ်။ အဲလိုမျိုး ရေနစ်ပြီး ကျပြီးသေကြတာပေါ့နော်။ အိမ်ဘေးမှာတင် လုပ်ကြတဲ့အခါကျတော့။ ဒီလုပ်ငန်းရှင်တွေ လုပ်တာကိုလည်း ကျေးရွာကလည်း ရွာသူ၊ ရွာသားတွေကလည်း ရှင်းရှင်းပြောမယ်ဆိုရင် မတားနိုင် ကြဘူးပေါ့နော်။ ချောင်းထဲမှာကိုက လုပ်ငန်းရှင်တွေ လုပ်ထားတဲ့အတွက် တကယ်ရေကြီးရင် ရွာထဲမှာ အကုန်လုံး ပျံ့နှံ့ပြီးတော့ အဲလိုမျိုးတွေ ဝင်ခဲ့တာပေါ့။ ရေကောင်းတွေလည်း မသုံးရဘူး။ ရေဆိုးရေညစ်တွေနဲ့ နေရတယ်”
မိုင်းနောင်ရွာ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ရွာထဲအထိ စက်ယန္တရားတွေနဲ့ ရွှေတူးနေကြသလို မမုံကိုင်နဲ့ လုံးတုံရွာတွေမှာလည်း ရွာလမ်းမဘေးမှာတင် စည်းကမ်းမဲ့ တူးဖော်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။ ရွာနယ်နိမိတ်တွေ အပါအဝင် ဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းဝင် မြေနေရာတစ်ခုလုံး ပျက်စီးဆုံးရှုံးမှာကို ဒေသခံတွေ စိုးရိမ်ပူပန်နေရပါပြီ။
စည်းကမ်းမဲ့ ရွှေလုပ်ကွက်တွေဟာ တချို့က စစ်ကောင်စီ၊ တချို့က KIA ရဲ့ ခွင့်ပြုချက်နဲ့ တူးဖော်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီနှစ်အစောပိုင်းမှာ စစ်ကောင်စီက ရွာတွေထဲအထိ တူးဖော်နေတာကို ရပ်နားဖို့ အမိန့်ထုတ်ခဲ့ပြီး မြေကော်စက်တချို့ကို ဖမ်းဆီးခဲ့ပေမယ့် စည်းကမ်းမဲ့ ရွှေတူးမှုကို ထိထိရောက်ရောက် မတားဆီးနိုင်ဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း က အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ ရွှေတူးမှုတွေရှိနေတာကို ဝန်ခံထားပေမယ့် KIA နဲ့ PDF တွေက အခွန်ကောက်ပြီး ခွင့်ပြုထားတာကြောင့် မထိန်းချုပ်နိုင်တာလို့ RFA ကို ပြောပါတယ်။
“အစိုးရအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြီးခွင့်ပြုတာမျိုးက မရှိဘူး။ ဒီလို ခိုးပြီးတူးလာတာတွေကို အစိုးရက တောက်လျှောက်လိုက်ဖမ်းတယ်၊ အရေးယူတယ်၊ တောက်လျှောက် လုပ်နေတယ်။ ဒါကလည်း သူက ဒီလိုမျိုး ထပ်လုပ်နေကြတုန်းပဲ။ တစ်ဖက်က လက်နက်ကိုင်တဲ့ အဖွဲ့တွေ PDF ဖြစ်ဖြစ် KIA ဖြစ်ဖြစ် အဲလိုမျိုး အဖွဲ့တွေဖြစ်မယ်။ ကျနော်ထင်တာက သူတို့က အဲလိုပေးတယ်၊ ပိုက်ဆံကောက်တယ်။ အဲလိုမျိုး ဖြစ်နေတဲ့ဟာမျိုးတွေ ကျနော်တို့ ကြားနေရတယ်။ ဒီလို ဖြစ်စဉ်မျိုးက ဖြစ်နေမှာပဲ။ အစိုးရကလည်း လုပ်စရာရှိတာကို လုပ်နေမှာပဲ”
အင်းတော်ကြီးဒေသမှာ လှုပ်ရှားနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF အဖွဲ့ဝင် တစ်ဦးကတော့ KIA က ခွင့်မပြုတာကြောင့် သူတို့အနေနဲ့ ရွှေလုပ်ကွက်တွေမှာ အခွန်ကောက်ခွင့် မရှိဘူးလို့ RFA ကို ပြောပါတယ်။
“ရွှေတူးတာ ဒီဘက်မှာ ဆိုးဆိုးရွားရွားကို ဖြစ်တယ်။ ဟိုဘက် မိုင်းနောင်၊ မမုံကိုင် ကြားမှာ ကတ္တရာလမ်းဘေးမှာကို ဆိုးဆိုးဝါးဝါး တူးတာတွေ၊ လမ်းပျက်စီးတာ ဘာညာရှိတယ်။ ဒီဘက် တောင်ပေါ်မှာလည်း လမ်းတွေတော်တော်ပျက်စီးနေတာ ရှိတယ်။ ရှင်းရှင်းပြောရရင် စစ်ကောင်စီက ခွင့်ပြုတယ်၊ KIA က ခွင့်ပြုတယ်။ အဲနှစ်ခုကနေ ခွင့်ပြုပြီး လုပ်ကြတာများတယ်။ ဒီက KPDF နဲ့ လုံးဝမဆိုင်ဘူး။ ဘာလို့ဆို KPDF က ထိန်းချုပ်ခွင့် မရလို့လေ။ အဲဒါကြောင့် KPDF နဲ့ မဆိုင်ဘူး။ ကျနော်တို့က ကောက်ခွင့်မရှိတာ။ PDF အနေနဲ့ ကောက်ခွင့်မရှိလို့”
စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ ရွှေလုပ်ကွက်တချို့ရှိပေမယ့် လုပ်ကွက်အတော် များများဟာ KIA ထိန်းချုပ်နယ်မြေတွေမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA ထိန်းချုပ်နယ်မြေက ရွှေမှော်တစ်ခုဖြစ်တဲ့ ရွှေဖြူချောင်းကို မိုင်းနောင်ရွာကနေ ဖုန်လုံးကြီးတွေကိုဖြတ်ပြီး တစ်နာရီနီးပါး သွားရပါတယ်။
ရွှေဖြူချောင်း ရွှေမှော်တစ်ခုထဲမှာတင် မြေကော်စက် (ဘက်ဟိုး) အစီး ၂၀ ဝန်းကျင် လောက်နဲ့ တူးဖော်နေတာကို မြင်တွေ့ရပြီး အဲဒီရွှေလုပ်ကွက်တွေကနေ စွန့်ထုတ်လိုက်တဲ့ ရေဆိုးရေညစ်တွေဟာ နန့်ရင်းချောင်းကနေ လုံးတုံရွာကိုဖြတ်ပြီး အင်းတော်ကြီးကန်ထဲကို စီးဝင်နေပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး (KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာမှာ သူတို့အနေနဲ့ သမိုင်းဝင်အမွေနှစ် နေရာတွေကို ထိခိုက်ပျက်စီးစေမယ့် ဘယ်လိုလုပ်ကွက်မျိုးကိုမှ ခွင့်ပြုမထားဘူးလို့ ပြောပါတယ်။
“ကျနော်တို့လည်း အတတ်နိုင်ဆုံးကတော့ စီမံကိန်းတွေလည်း ကြပ်မတ်ဖို့၊ ကြီးကြပ်ဖို့ လုပ်ထားတာတော့ရှိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်က လက်တွေ့မှာ ဘယ်လို တွေ ဘယ်လိုလုပ်တယ် ဆိုတာကတော့ ကျနော်တို့ရဲ့ ပေါ်လစီ မဟုတ်တဲ့အခါကျတော့ လက်တွေ့ပိုင်းတော့ ကျနော်လည်း ဘာမှပြောလို့မရဘူး ဖြစ်နေတယ်။ ရွှေတူးဖော်ဖို့ ဆိုတာလည်း ကျနော်တို့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတာရှိတယ်။ ဥပမာ လူတစ်ယောက်ကို ဧက ဘယ်လောက်ပေးမယ်၊ ဒီထက်ပိုရင် ဘယ်လိုလုပ်မယ် ဆိုတာတွေလည်း ရှိပါတယ်။ နောက်တစ်ခု ရှိတာက ပြည်သူလူထုပိုင်တဲ့ နယ်မြေတွေ၊ ကျနော်တို့ရဲ့ သမိုင်းဝင် နယ်မြေတွေကို တူးဖော်ဖို့ ကျနော်တို့ ခွင့်ပြုချက် မရှိဘူး။ အဲဒါကိုမှ တူးဖော်ပြီဆိုရင် သူတို့လုပ်ငန်းတွေ အကုန်လုံး ကျနော်တို့က ရုပ်သိမ်းပေးမှာ ဖြစ်ပါတယ်”
အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ ရွှေတူးမှုတွေကြောင့် မြေဧက တစ်သိန်းဝန်းကျင် လောက် စွန့်ပြစ်မြေစာပုံဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေတူးဖော်ရာကနေ ထွက်လာတဲ့ ပြဒါးရည်နဲ့ ရေဆိုးရေညစ်တွေဟာ မိုင်းနောင်ရွာရှိ ခေါင်းတုန်းချောင်း၊ လုံးတုံရွာရှိ နန့်ရင်းချောင်းကတစ်ဆင့် အင်းတော်ကြီးကန်ထဲကို နေ့စဉ်စီးဝင်နေတာပါ။ ရွှေတူးရာမှာ အဓိက အသုံးပြုတဲ့ ပြဒါးရည်ဟာ သဘာဝဝန်းကျင်နဲ့ သက်ရှိတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းဖြစ်ပါတယ်။
ရွှေလုပ်ကွက်တွေက စွန့်ထုတ်လိုက်တဲ့ ပြဒါးရည်နဲ့ ရေဆိုးရေညစ်တွေဟာ အင်းတော်ကြီး ဒေသရဲ့ ဂေဟစနစ်ထဲ နေစဉ်နဲ့အမျှ စီးဝင်၊ ပျော်ဝင်နေတာဟာ လူနဲ့ သားငှက်တိရစ္ဆာန် တွေအတွက် ရေရှည်မှာ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သတိပေးပါတယ်။
သစ်တောပြုန်းတီးမှုနဲ့ အင်းတော်ကြီးကန် တိမ်ကောမယ့် အန္တရာယ်ကို မြင်တွေ့နေရပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“ရွှေလုပ်ငန်းကြောင့် ပထမ တစ်ချက်က တိုက်ရိုက်ထိခိုက်တာက အဲနားတစ်ဝိုက် မှာရှိတဲ့ သစ်တောပေါ့၊ သစ်ပင်တွေကတော့ ဘယ်လိုပြောမလဲ တောတွေပြုန်းတာ မျိုးတွေ ဖြစ်တယ်ပေါ့။ ပြီးတော့ နောက်တစ်ချက်က ရွှေလုပ်ငန်းကြောင့် ဖြစ်တာက အင်းထဲကို သူတို့ နုန်းတွေပေါ့ နုန်းမြေတွေ အင်းထဲဝင်ရောက်မှုပေါ့။ အဲဒါတွေက ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော်ထင်တယ် ဒီနှစ်အနည်းငယ်အတွင်းမှာ အင်းထဲမှာ ဧကနဲ့ချီပြီး တိမ်ကောလိမ့်မယ်”
အင်းတော်ကြီးကန်မှာ ကမ္ဘာ့ရှားပါး ငါးမျိုးစိတ် နှစ်မျိုးနဲ့ အခြားရှားပါး ငါးမျိုးစိတ် တစ်ရာကျော် ကျက်စားပြီး ဘေးမဲ့သဘာဝသစ်တောမှာလည်း ငှက်မျိုးစိတ် နှစ်သောင်း ကျော်နဲ့ အခြားရှားပါးတရိစ္ဆာန်တွေ ရှိပါတယ်။
စတုရန်းမိုင် ၃၀၀ ကျော်ကျယ်ဝန်းတဲ့ သဘာဝ အင်းတော်ကြီးကန်ကို အရှေ့တောင် အာရှမှာ တတိယ အကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် UNESCO က ၂၀၁၆ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မပျောက်မပျက် ထိန်းသိမ်းဖို့ ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့တာပါ။
အခုတော့ စည်းကမ်းမဲ့ ရွှေတူးမှုတွေကြောင့် အင်းတော်ကြီးကန်ရော အဲဒီဒေသမှာ မှီတင်း နေထိုင်တဲ့ သက်ရှိလူသားနဲ့ သဘာဝ ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေပါ အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။