အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနား မဲဆောက်မှာကျင်းပ

RFA Burmese
2023.12.17
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနား မဲဆောက်မှာကျင်းပ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မဲဆောက်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနား တက်ရောက်လာသူတစ်ဦး။
RFA

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် မယ်ကုကျေးရွာ မယ်တောင်ပိုင်းရပ်ကွက် တနင်္ဂနွေဈေးမှာ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပပါတယ်။

မဲဆောက်‌အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့အပါအဝင် ရွှေ့ပြောင်းမြန်မာ အရပ်ဘက်အဖွဲ့အစည်း ငါးဖွဲ့နဲ့ တခြား မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းကျင်းပတာပါ။

ကျင်းပရတဲ့ ရည်ရွယ်ချက်ကို မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော် က ပြောပါတယ်။

“ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးပေါ့။ နေရပ်ဒေသနိုင်ငံကိုစွန့်ခွာပြီးတော့ အခြားနိုင်ငံတွေမှာ အသက်ရှင် ရပ်တည်ရတဲ့ အခြေအနေပေါ်မှာ မြန်မာနိုင်ငံက လာတဲ့အလုပ်သမားတွေဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အစိုးရတွေအပေါ်မှာ အထောက်အပံ့ပြုနေတာတွေ ရှိတယ်။ ဝင်ငွေတွေ ရှိနေတယ်။ ထိုနည်း၎င်းဘဲ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာလည်း နိစ္စဓူဝ ကုန်ထုတ်လုပ်ငန်းစွမ်းအားတွေထဲမှာ လည်ပတ်နေတဲ့ လုပ်သားအင်အားစု ဖြစ်နေတဲ့အခါကျ အဲ့ဒီလူသားအင်အားတွေရဲ့ အခွင့်အရေးတွေ သူတို့ရဲ့ သွားလာမှုဆိုင်ရာ လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်တွေကို အားလုံးက အလုပ်သမားအရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ အာဏာရှိတဲ့ အလုပ်သမား သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ အကုန်လုံးကနေ အသိအမှတ်ပြုထားတဲ့နေ့ ဖြစ်တာကြောင့် ဒီနေ့အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် ထူးခြားတာပေါ့လေ။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီးတော့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါကျတော့ လူငယ် လူရွယ်တွေ အများစုက သူတို့ရဲ့ အသက်လုံခြုံရေးဆိုင်ရာတွေကို နေရပ်စွန့်ခွာပြီးတော့ ပြေးလာတာပေါ့။ ထွက်ပြေးလာတဲ့အခါမှာ အကြောင်းကြောင်းကြောင့် ထိုင်းနိုင်ငံမှာ ရောက်နေတာတွေ ရှိတယ်။ ဒါကတော့ မျက်မြင်ကိုယ်တွေ့ ဖြစ်နေတာချည်းပဲ။ အဲ့ဒီလိုရောက်နေတဲ့သူတွေအပေါ်မှာပေါ့ ကျွန်တော်တို့က ထိုင်းနိုင်ငံထဲမှာရှိတဲ့ ထိုင်းနိုင်ငံထဲမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ အလုပ်သမားဥပဒေတွေအတွက် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားစီမံကိန်းဥပဒေဆိုင်ရာတွေ သိဖို့၊ သူတို့ငြိမ်းချမ်းစွာနဲ့ ဒီလိုသွားလာပြီး လုံလုံခြုံခြုံနဲ့ သွားလာနေထိုင်နိုင်ဖို့အတွက်ကို ကျွန်တော်တို့ စဉ်ဆက်မပျက် ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။၊ အသိပညာပေးတဲ့ နည်းလမ်းတွေ ချမှတ်နေတာရှိပါတယ်”

ပြည်တွင်းမှာ နိုင်ငံရေး၊ စစ်ရေး မတည်မငြိမ်ဖြစ်နေချိန်အတွင်း စီးပွားရေးကျဆင်းတာနဲ့ အလုပ်လက်မဲ့များလာတာကြောင့် ဘဝရပ်တည်ရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို အများအပြားရောက်လာတယ်လို့လည်း ဦးမိုးကျော်က ဆိုပါတယ်။ ဒီလူတွေကို ထိုင်းအစိုးရကအသိအမှတ်ပြု လက်ခံထားပြီး နေထိုင်သွားလာရေးလုံခြုံစေဖို့ လုပ်နေတယ်လို့လည်း ဦးမိုးကျော်က ဆက်ပြီးပြောပါတယ်။

တာခ့်ခရိုင် မဲဆောက်မြို့နယ်က ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ ထိုင်းအစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့မယ်လို့ AWO ရခိုင်အလုပ်သမားများအဖွဲ့ ညွှန်ကြားရေးမှူး ကိုနိုင်အောင်အောင်က ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလည်း အာဏာသိမ်းလိုက်တယ်။ စစ်အာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျွန်တော်တို့က ပြေးလာတဲ့ပုံစံတွေက တစ်ချိန်တုန်းကထက် ပိုများလာတယ်။ များလာတဲ့အခါကျရင် ရွှေ့ပြောင်းစီးပွားရေး၊ အခြေနေအရ ပြောင်းရွှေ့လာတဲ့သူတွေရှိတယ်၊ နိုင်ငံရေးအရ ပြောင်းရွှေ့လာတဲ့သူတွေရှိတယ်၊ ဒီရွှေ့ပြောင်းလာသူတွေဟာ လွတ်လပ်စွာ ပြောင်းရွှေ့သွားလာဖို့၊ လုံခြုံစွာပြောင်းရွှေ့သွားလာဖို့၊ သူတို့ကို အကာကွယ်ပေးဖို့အတွက် အစိုးရမှာ တာဝန်ရှိတာဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည်ပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ပြေးလာတဲ့သူတွေပဲဖြစ်ဖြစ် သူတို့တွေကို သက်ဆိုင်တဲ့အစိုးရတွေက တာဝန်ခံမှု တာဝန်ယူမှု လုပ်ပေးမှာ ဖြစ်ပါတယ်၊ ရွှေ့ပြောင်းနေထိုင်သူ အရေးမူဝါဒမှာလည်း တစ်နေရာကတစ်နေရာပြောင်းရွှေ့တာပဲ ဖြစ်ဖြစ်၊ ရွှေ့ပြောင်းတာပဲ ဖြစ်ဖြစ်၊ သူတို့ကို လူဆိုတာ ပြောပြဖို့အတွက် အဓိကကျတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့ - အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့မှာ ထိုင်းနိုင်ငံအစိုးရကို ကျွန်တော်တို့အနေနဲ့ အိတ်ဖွင့်ပေးစာအနေနဲ့ ပေးသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအစိုးရ၊ သက်ဆိုင်တဲ့အစိုးရဌာနတွေကို အလုပ်သမားကာကွယ်ရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားရှာဖွေရေး၊ နောက်ပြီးတော့ အလုပ်သမားရုံးဌာနချုပ်အထိ ကျွန်တော်တို့ စာလေး ရေးထားပါတယ်။ အဲ့ဒီစာကို အတတ်နိုင်ဆုံး ဖြန့်ပေးသွားမှာ ဖြစ်ပါတယ်”

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လုပ်ခတန်းတူ ရစေချင်တယ်လို့ အလုပ်သမားအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကူညီလုပ်ဆောင်တဲ့ Light of generation မျိုးဆက်သစ်တို့ရဲ့ အလင်းရောင်အဖွဲ့တာဝန်ခံ မတိုး က ပြောပါတယ်။

“ပြည်တွင်းမှာဆိုရင် လုပ်အားခတွေက အဆမတန် ဈေးနှိမ်တာတွေ ရှိတယ်။ အလုပ်လက်မဲ့တွေ များလာတဲ့အခါမှာ သူတို့က ထိုင်းကို ဝင်ရောက်လာကြတယ်ပေါ့နော်။ အကျိုးခံစားခွင့်ဆိုတာကတော့ ဘာမှတော့ လောလောဆယ်မရှိဘူး။ လောလောဆယ်မှာတော့ ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ တရားဝင်အထောက်အထားပေါ့နော်။ တရားဝင်အထောက်အထားတွေနဲ့ဆိုရင်တော့ တရားဝင်လစာနှုန်းရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်ပေါ့။ ကျွန်မတို့ ရွှေ့ပြောင်းအလုပ်သမားတွေက များသောအားဖြင့် မြန်မာပြည်တွင်းကနေ အခုချိန်မှရောက်လာတဲ့ စစ်ဘေးကြောင့်ပေါ့နော်။ စစ်ဘေးကြောင့်လာတဲ့ မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေ မငြိမ်သက်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့ ရွှေ့ပြောင်းညီအစ်ကိုမောင်နှမတွေက ထိုင်းနိုင်ငံကို တရားဝင်နည်းလမ်းနဲ့ ဖြစ်စေ၊ တရားမဝင် နည်းလမ်းနဲ့ဖြစ်စေ ဝင်ရောက်လာကြတာတွေ ရှိတယ်ပေါ့နော်။ ကျွန်မတို့လည်း မြန်မာပြည်တွင်းမှာ လုပ်အားခနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ လုပ်အားခနဲ့အညီ မခံစားရဘူး။ တရားဝင်သတ်မှတ်ထားတဲ့ နှုန်းထားကို ကျွန်မတို့ ပြည်တွင်းမှာ မရခဲ့ဘူးပေါ့နော်။ အဲ့ဒီအပေါ်မှာ အလုပ်သမားတွေက ဒီဘက်ကို စီးပွားရေးအရ ရွှေ့ပြောင်းလာကြတယ်။ပြည်တွင်းကလာတာပဲ ဖြစ်စေ၊ စစ်ဘေးရှောင်လာလို့လာတာဖြစ်စေ ပေါ့နော်။ စီးပွားရေးအရပဲ ဖြစ်စေ သူတို့လာကြတယ်။ ကျွန်မတို့ တန်းတူအခွင့်ရေးဆိုတာ ရချင်တယ်ပေါ့”

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မဲဆောက်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနား တက်ရောက်လာကြသူများ။ (Photo: RFA)
၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မဲဆောက်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနား တက်ရောက်လာကြသူများ။ (Photo: RFA)

မယ်ကုကျေးရွာမှာ နေထိုင်တဲ့ ဒေါ်လှလှဌေးက မြန်မာပြည်က ရှောင်တိမ်းလာသူတွေကို လူပွဲစားတွေ လိမ်လည်တာမခံ ရအောင် အသိပညာပေးတဲ့ ဒီလိုအစီအစဉ်တွေလုပ်တာ ဂုဏ်ယူကျေနပ်တယ်လို့ ပြောပါတယ်။

“စစ်ဖြစ်နေတဲ့ အခြေအနေကနေပြီးတော့ တက်လာတာ သိပ်ပြီးတော့ ဒုက္ခရောက်ကြတယ်။ အဲ့ဒီဒုက္ခရောက်တဲ့အပေါ်မှာ အမြတ်ထုတ်တဲ့လူတွေကိုလည်း မုန်းတယ်။ နောက်ပြီးတော့ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေ စုစည်းတဲ့ နေရာလေးတွေကို ဒီလိုမျိုးဖွင့်ပေးတဲ့အတွက်လည်း ဒီအလုပ်သမားတွေအတွက်ကို အရမ်းဂုဏ်ယူတယ်၊ နောက်ပြီးတော့ လုပ်အားလခနဲ့ပတ်သက်ပြီးတော့ ပြောရရင်တော့ မဲဆောက်တစ်ခုလုံးမှာ အခုအခြေခံလုပ်အားခ ၃၃၂ ဘတ်ကို ရစေချင်တယ်။ ဒါပေမဲ့ ရာသီပေါ်အလိုက် လုပ်တဲ့ စိုက်ပျိုးရေးတို့၊ ပန်းရံတို့ပေါ့နော်။ ဒါသူတို့အခကြေးငွေနဲ့ သူတို့ သွားကြတယ်။ ဒါပေမဲ့ အားလုံးဟာ ယောက်ျား၊ မိန်းမတန်းတူ အခွင့်အရေးရဖို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်”

ဒီအခမ်းအနားကို မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။