အခက်ကြုံနေကြရတဲ့ ချင်းတောင်ဂျစ်ကားထုတ်လုပ်သူများ
2024.01.05

ချင်းတောင်တန်းဒေသမှာ အဓိက အသုံးပြုတဲ့ ဟိုင်မွာလ်ကား (HaiMual) လို့ ခေါ်တဲ့ ဂျစ်ကားတွေကို စစ်ကိုင်းတိုင်း ကလေးမြို့ စက်မှုဇုန်ကနေ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကတည်းက တပ်ဆင်ထုတ်လုပ်ခဲ့ကြတာပါ။
ဟိုင်မွာလ်ကားတွေဟာ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ ချင်းပြည်နယ်က လမ်းတွေအတွက် သီးသန့် တပ်ဆင်ထုတ်လုပ်တဲ့ ကားတစ်မျိုးလည်းဖြစ်ပါတယ်။
တောင်ပေါ်သုံး ဟိုင်မွာလ်ဂျစ်ကားတွေကို အာဏာမသိမ်းခင်က အများအပြား တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ကြပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ အသစ်ပြင်ဆင်ထုတ်လုပ်တဲ့ကားတွေ မရှိသလောက် နည်းပါးသွားတယ်လို့ ကားတပ်ဆင်ထုတ်လုပ်ပေးသူတွေက ပြောပါတယ်။ ဒါကြောင့် ကားလုပ်ငန်းနဲ့ ရပ်တည်သူတွေလည်း အခက်အခဲ ဖြစ်နေကြရတယ်လို့ လုပ်သက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ စက်ပြင်ဆရာ ကိုမုန့်ရှန့်ပေါင် (Mung Sian Pau) က RFA ကို ပြောပါတယ်။
"အရင်နိုင်ငံရေးကောင်းတုန်းနဲ့ အခုက တော်တော်ကွာတာပေါ့။ အလုပ်ကလည်းပိုပေါတယ်၊ ကားလည်း ကားပြင်တဲ့သူလည်းပိုများတယ်။ အခုက အလုပ်ပါးလာတယ်"
"အဓိက ကျွန်တော်တို့ လုပ်ပေးတာကတော့ အဓိက သုံးမျိုးပေါ့နော်။ အခုဒါက စလစ်ဘိုးရိန်း ရှိမယ်။ ဟိုမှာကျတော့ မိန်းလိုင်းဘိုးရိန်း အင်ဂျင်ဟက် အဓိက အဲဒီ သုံးမျိုးလုပ်တယ်။ အရင်နိုင်ငံရေးကောင်းတုန်းနဲ့ အခုက တော်တော်ကွာတာပေါ့။ အလုပ်ကလည်းပိုပေါတယ်၊ ကားလည်း ကားပြင်တဲ့သူလည်းပိုများတယ်။ အခုက အလုပ်ပါးလာတယ်။ ဒီမှာက ဟိုင်မွလ်ကားတို့၊ ဂျစ်ကားတွေ၊ ဒိုင်နာကားတွေတို့ လုပ်ရတာများတယ်"
ကားထုတ်လုပ်သူတွေဟာ ကားမှာအသုံးပြုမယ့် အင်ဂျင်တွေအတွက် ဂျပန်နိုင်ငံက တစ်ပတ်ရစ် အင်ဂျင်တွေကို ရန်ကုန်၊ မန္တလေးမြို့တွေကနေတစ်ဆင့် မှာယူပြီး ကလေးမြို့ စက်မှုဇုန်မှာ ကားကိုယ်ထည်ကို ပြုလုပ်တာ၊ အင်ဂျင်တပ်တာ၊ ဆေးမှုတ်တာ စတဲ့အဆင့်တွေနဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေကို ထုတ်လုပ်ခဲ့ကြတာ လည်းဖြစ်ပါတယ်။
အဲဒီဂျစ်ကားတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ချင်းတောင်ပေါ်ကလမ်းတွေအတွက် အခုထိလူကြိုက်များနေဆဲပဲလို့ ကားဆေးမှုတ်လုပ်သက် နှစ် လေးဆယ်ရှိပြီဖြစ်တဲ့ ကလေးမြို့က ဦးအောင်တင့်က ပြောပါတယ်။
"အခုဟိုင်မွာလ်ဂျစ် ပြန်ထလာတော့တာ၊ စျေးလည်းပြန်ကောင်းလာတော့တာ။ အရင်က ဟိုင်မွာလ်ဂျစ် တစ်စီးကို သိန်း ငါးဆယ်၊ ခြောက်ဆယ်ပတ်ဝန်းကျင်မှာ ရှိတာ။ အခုက သိန်း နှစ်ရာကျော်လောက်အထိ ဖြစ်လာတော့တာ။ ဟိုင်မွာလ်ဂျစ်က ဗွက်လည်း ရုန်းနိုင်တယ်၊ ဘယ်တောထဲဝင်ဝင် ဟိုင်မွာလ်ဂျစ်က အသုံးဖြစ်တယ်လေ။ 4x4 ဆိုတာ ပါတော့ အဲဒါတွေကြောင့် တောင်ပေါ်တွေမှာ အသုံးများတာ"
စက်မှုဇုန်က ကားဆေးမှုတ်လုပ်ငန်းတွေမှာလည်း အရင်က တစ်ရက်ကို ကားသုံးလေးစီး လာမှုတ်ကြပေမယ့် အခုချိန်မှာတော့ အလုပ်နည်းပါးပြီး ကုန်စျေးနှုန်းတွေကလည်း ကြီးမြင့်နေတာတွေကြောင့် မိသားစု စားဝတ်နေရေးအတွက် လောက်ငှရုံသာ ရှိတော့တယ်လို့ ကားဆေးမှုတ်လုပ်ငန်းနဲ့ ခုနစ်နှစ်လောက် ရပ်တည်ခဲ့တဲ့ ဦးဇမ်းရှန်ခွလ်က RFA ကိုပြောပါတယ်။
"ဟိုင်မွာလ်ကားတွေဆိုရင် အကြမ်းချော ပါ့ကား အဲလိုရှိတယ်။ အကြမ်းချောဆိုရင် သုံးသိန်းခွဲလောက် ယူတယ်။ ပါ့ကားဆိုရင် ခုနစ်သိန်း ရှစ်သိန်းလောက်ယူတယ်။ ခေတ်ကောင်းတုန်းကဆိုရင် တစ်ပတ်မှာ သုံးစီး၊ လေးစီးလောက်တော့ ပြီးတယ်။ အခုက ခေတ်ကလည်း သိပ်မကောင်းတဲ့အပြင် ကားလည်းပါးတယ်ဆိုတော့ ဝင်ငွေလည်း နည်းသွားတော့တာပေါ့"
စစ်ရေးအခြေအနေတွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကလေးမြို့မှာ ကားအပိုပစ္စည်းတွေ စျေးတက်တဲ့အပြင် အရင်ကလို အလွယ်တကူဝယ်လို့ မရတော့တာကြောင့် ကားလုပ်ငန်းနဲ့ ပတ်သက်လို့ ရပ်တည်သူတွေ အခက်အခဲဖြစ်ရတယ်လို့လည်း ကားသမားတစ်ဦးဖြစ်တဲ့ ဦးလျန်ဆွမ်မုန့်က RFA ကို ပြောပါတယ်။
"ကားပျက်လို့ ပစ္စည်းလိုအပ်တာကို ပစ္စည်းစျေးတက်တဲ့အပြင် ဒီမှာ ပစ္စည်းမရှိဘူး ဖြစ်နေတယ်။ မန္တလေး၊ ရန်ကုန်ကို သွားမှာရတယ်။ လမ်းတွေပိတ်ထားတော့ လေကြောင်းနဲ့မှာရတော့ တန်ဆာခ ပိုပေးရတယ်။ ကားပစ္စည်းတစ်ခုမှာရင် ငါးသိန်းတန်တဲ့ဟာက တန်ဆာခ တစ်ဝက်လောက်ဖြစ်တော့တာ ပစ္စည်းမှာနေရတဲ့ အချိန်မှာ ကားလည်းထွက်လို့မရတော့ စောင့်နေရတာက ကားသမားတွေအတွက် ငွေမဝင်နိုင်တော့ ခက်ခဲတာပေါ့"
ကလေးမြို့၊ စက်မှုဇုန်မှာ ကားတပ်ဆင်ထုတ်လုပ်မှုနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကားပြင်ဆရာတွေနဲ့ ကားသမားတွေကတော့ နိုင်ငံရေးအခြေအနေပြန်ကောင်းလာပြီး သူတို့ရဲ့လုပ်ငန်းကို အရင်ကလို အေးအေး ဆေးဆေး ပြန်လုပ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။