လေကြောင်းရန်ကာကွယ်ဖို့ ကြိုးစားနေတဲ့ PDF နည်းပြ ဂျက်မ
2023.05.29
“သစ်ပင်ကောင်းကောင်းတွေမှာ အကာအကွယ်လုပ်ပြီး ဝပ်နေပါ။ ဝပ်ရင်လည်း လှုပ်လှုပ်ရှားရှား မနေ ပါနဲ့။ ရွေ့လျားတဲ့ပစ်မှတ်ဆို ပစ်ရတာလွယ်ပါတယ်။ ဆေးရုံတို့၊ ဘာသာရေးအဆောက်အအုံတွေမှာ မနေကြပါနဲ့။ သူတို့က အဲလိုနေရာတွေဆို PDF တွေ ခိုအောင်းတယ်ဆိုတဲ့ ထင်ကြေးနဲ့ ပစ်ခတ်တတ်ပါတယ်”
ဂျက်မတို့လို စစ်ကိုင်းခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာပြီး ရွာတွေကိုတိုက်ခိုက်ရင် ဘယ်လိုတိမ်းရှောင်သင့်တယ်ဆိုတဲ့အကြောင်း ရွာသူရွာသားတွေကို အကြံပြုဟောပြောနေကြတာပါ။
"စစ်အာဏာရှင်တွေ ပြုတ်တဲ့အထိတိုက်မှာ။ လေယာဉ်တွေကိုပစ်တဲ့ လက်နက်မရလည်း ရှိတဲ့လက်နက်နဲ့ ကျွန်တော်တို့ ဖြစ်အောင်တိုက်မယ်"
“ကျွန်တော်တို့လေယာဉ်သံကြားပြီဆိုတာနဲ့ ကျေးရွာပြည်သူလူထုတွေကို ဘယ်နေရာ မှာ နေထိုင်ရမယ်။ ဘယ်နေရာမှာ ပုန်းခိုရမယ်။ ဘယ်လိုနေရာမှာ မနေသင့်ဘူး။ အဲဒီလိုမျိုး အသိပညာလေးတွေ ကို လက်တွေ့ကွင်းဆင်းပြီး အသိပညာဖြန့်ဝေ ပေးနေပါတယ်”
ပုံမှန်ဆိုရင် အရပ်သားတွေဟာ ကျည်ကွယ်မျက်ကွယ်ရနိုင်အောင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတွေကိုပြေးပြီး ခိုလှုံတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို နေရာတွေကို PDF တွေ အကာအကွယ်ယူတတ်တယ်လို့ စစ်ကောင်စီတပ်က မှတ်ယူ ပြီး ပစ်မှတ်ထားတိုက်ခိုက်တတ်တယ်လို့ သူက ပြောပြပါတယ်။
“ဝက်လက်တို့၊ ရွှေဘိုတို့၊ အရာတော်တို့မှာ ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းကတော့ လေကြောင်းအဓိက သုံးပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ အခုလေယာဉ်နဲ့ ပစ်သွားတဲ့ ဖြစ်စဉ်မှာ မင်းရွာမှာ စာသင်ကျောင်း ကြီးမှာ ပေါ့နော်၊ PDF တွေ ခိုအောင်းတယ်ဆို တဲ့သူတို့ထင်မြင်ချက်နဲ့ပေါ့နော်။ လေယာဉ်နဲ့ ပစ်ပြီး သက်သက်မီးရှို့ဖျက်ဆီးသွားတာပါ။ နောက် မလဲသာဆေးရုံမှာ လေယာဉ်နဲ့ပစ်ခဲ့တယ်။ သူတို့သေချာ မစုံစမ်းဘဲနဲ့၊ PDF တွေကို ဆေးကုပေးတယ်ထင်ပြီးတော့ သူတို့က ဒီဆေးရုံကို လေယာဉ်နဲ့ လာပြီး ပစ်ခဲ့တယ်”
ပြည်သူတွေခိုလှုံနေတဲ့ အရပ်ဘက်အဆောက်အအုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို PDF တွေ ရှိနေတယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အခါ ပြည်သူလူထုတွေပဲ အသက်ဆုံးရှုံးကြရတယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၁) က သင်တန်းနည်းပြဂျက်မက ပြောပါတယ်။
“လေယာဉ်နဲ့ပစ်ခတ်တဲ့အပေါ်မှာ ဒေသခံပြည်သူ သက်ကြီးရွယ်အိုတွေဆို အရှင်လတ်လတ် မီးရှို့ခံရပြီး သေဆုံးရသူတွေလည်းရှိတယ်။ လေယာဉ်လာလို့ ကြောက်အားလန့်အားနဲ့ ပြေးရင်း၊ အမောဖောက်ရင်း မပြေးနိုင်ဘဲ အသက်ဆုံးရှုံးရတဲ့ အဘိုးအဘွားတွေလည်းရှိပါတယ်။ လေယာဉ်နဲ့မဆင်မခြင် ပစ်ခတ်လို့ ကလေးသူငယ်တွေလည်း သေကြေကြရပါတယ်”
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ပြည်သူပေါင်း (၁၈၀) ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်းမှာတော့ ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် သူတို့ဘာတွေဆောင်ရွက်ရမယ်ဆိုတာ ပိုပြီးသိမြင်လာကြပါတယ်။
“ပဇီကြီးဖြစ်စဉ်မှာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မယ်ဆိုတဲ့ ဖြစ်စဉ်မျိုး မမျှော်လင့်ထားတဲ့အတွက်ပေါ့။ သတင်းစီးဆင်းမှုတွေ အားမကောင်းခဲ့တဲ့အတွက် ကျွန်တော်တို့ လေကြောင်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီအတွက်လည်း ဝမ်းနည်းကြေကွဲမိပါတယ်။ ဒီအတွက် သင်ခန်းစာတွေလည်းရခဲ့ပါတယ်။ နောက်ဒါမျိုးမဖြစ်ရလေအောင် နောက်ဆိုလေယာဉ် ဘယ်အရပ်ဆီ ပျံသန်းသွားလဲ သိနိုင်အောင် မြေပြင်မှာ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်”
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကိုခုခံနိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေးလက်နက် မပိုင်ဆိုင်တဲ့ အတွက်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ အခက်ကြုံကြရ ပါတယ်။ ဒါပေမဲ့ သူတို့ အနေနဲ့ စိတ်ဓာတ်ကျပြီး နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်က ရဲမေက သူ့ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။
“လေယဉ်တွေနဲ့ ပစ်ခတ်တဲ့အချိန်တွေမှာတော့ ပြည်သူလူထုတွေ အသေအကျေ များတယ်။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေ ထိခိုက်သေကြေမှုတွေ များတဲ့ အခါကျတော့ စိတ်အားနည်းနည်းတော့ ငယ်မိတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ကိုကြောက်လို့ မဟုတ်ဘူး။ အားငယ်တယ်ဆိုတာ လေယာဉ်ကို ပြန်ပစ်နိုင်တဲ့ လက်နက်မရှိဘူး။ ဒီအတွက် ကျွန်တော်တို့ အရမ်းအားငယ်တယ်။ အရမ်းလည်း ဝမ်းနည်းတယ်။ အားငယ်တဲ့စိတ်နဲ့ နောက်ထပ်မလုပ်တော့ဘူးလို့မဆုံးဖြတ်ဘူး။ ရှေ့ဆက်ပြီးတော့ တိုက်မယ်။ မရရအောင်တိုက်မယ်။ စစ်အာဏာရှင်တွေ ပြုတ်တဲ့ အထိတိုက်မှာ။ လေယာဉ်တွေကိုပစ်တဲ့ လက်နက်မရလည်း ရှိတဲ့လက်နက်နဲ့ ကျွန်တော်တို့ ဖြစ်အောင်တိုက်မယ်။ အာဏာရှင်အမြစ်ပြတ်အောင် ပြည်သူတွေနဲ့အတူ တိုက်မယ်။ ပြည်သူတွေလည်း အားမငယ်ကြပါနဲ့”
လေယာဉ်ပစ်လက်နက်မရှိပေမယ့် လေကြောင်းရန်ကနေ ပြည်သူတွေကိုကာကွယ်နိုင်ဖို့ဆို ရင် သတင်းအချက်အလက်ရပြီး ပြန်ဖြန့်ပေးနိုင်ဖို့လည်းအဓိကကျတယ်လို့ သူက ပြောပါတယ်။
“လေယာဉ်နဲ့လာပစ်တဲ့အချိန်မှာ သတင်းစီးဆင်းမှုတွေလိုအပ်ပါတယ်။ ကျွန်တော်တို့ဆီမှာဆို (နမခ - အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က တက်တာပဲများပါတယ်။ နမခ ကနေ ဘယ်အရပ်ဒေသပဲ တက်တက် ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်အတွင်း တက်လာ တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လေယာဉ်တက်တဲ့ သတင်းဇာစ်မြစ် ရဖို့လိုပါတယ်။ လေယဉ်ဘယ်အရပ်ကို ဦးတည်ပြီဆိုတာသိတာနဲ့ ကျွန်တော် တို့က ခန့်မှန်းနိုင်တဲ့အရပ်ဒေသတွေမှာ ပြည်သူရော၊ ကာကွယ်ရေးအဖွဲ့တွေရော တိတိကျကျ သတင်းပေးနိုင်အောင်၊ ပြီးတော့ အထိအခိုက်နည်းပြီးတော့ အကျအဆုံးနည်းအောင် ကျွန်တော်တို့ သတင်းပေးပို့တာတွေ ရှိပါတယ်”