စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် ရခိုင်ဒေသခံတွေ အခက်အခဲမျိုးစုံကြုံနေရ
2023.12.04
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှာ စားဆီတစ်လီတာစီရဖို့ လူပေါင်း ထောင်နဲ့ချီ တိုးဝှေ့စောင့်ဆိုင်း နေကြတာကို ဒီဇင်ဘာလ ၃ ရက်နေ့က မြင်တွေ့ရပါတယ်။ ကုန်းလမ်း၊ ရေလမ်းတွေအားလုံး ဖြတ်တောက် ခံရမှုကြောင့် စားသုံးကုန်အချို့ပြတ်လပ်လာချိန် အလှူရှင်တွေက စားဆီလာလှူဒါန်းမယ်ဆိုတဲ့ သတင်းကြောင့် အခုလို စုပြုံပြီး စောင့်ဆိုင်းနေကြတာလည်းဖြစ်ပါတယ်။
လာရောက်သူတွေများစုဟာ စစ်တွေမြို့က သာမန်လက်လုပ်လက်စားတွေ ဖြစ်ပါတယ်။ သူတို့ဟာ မနက် စောစော ၅ နာရီခွဲလောက်ကတည်းက လာရောက်တန်းစီနေကြ တာဖြစ်ပြီး လူများလွန်းတာကြောင့် မွန်းလွဲပိုင်း အထိတောင် ကိုယ့်အလှည့်မရောက်နိုင်သေးဘူးလို့ စားဆီရဖို့ လာရောက်တန်းစီနေတဲ့ ဒေါ်ခင်ခင်နုက RFA ကို ပြောပါတယ်။
“မနက်ငါးနာရီခွဲလောက်က ရောက်တဲ့လူတွေလည်း ရှိတယ်။ ကျွန်မကတော့ ခုနစ်နာရီခွဲလောက်က ရောက် တယ်။ ရနိုင်မယ့် အခြေအနေတော့ မမြင်ဘူး။ လူက တစ်ထောင်ကျော်၊ နှစ်ထောင်လောက်ရှိတယ်။ တိုက်ပွဲဖြစ် ကတည်းက အခက်အခဲတွေ၊ ဒုက္ခတွေ အများကြီးကြုံတွေ့ရပါတယ်။ စားဝတ်နေရေးအဆင်မပြေ၊ ရှာရင်လည်း မရဘူး။ ပိုက်ဆံတစ်သောင်းရရင်လည်း အဆင်မပြေဘူး။ အခက်အခဲအတော်ဖြစ်နေပါတယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာကနေ စစ်ကောင်စီကလည်း စစ်တွေ-ရန်ကုန် ကားလမ်းအပါအဝင် ဒေသတွင်းက ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ဖြတ်တောက်ထားတာလို့ ဒေသခံ တွေက ပြောပါတယ်။
"တိုက်ပွဲ စဖြစ်ကတည်းက ကျွန်မတို့က ငတ်နေတာပါ"
ဒါကြောင့် ကုန်စည်စီးဆင်းမှု အားလုံး ရပ်တန့်နေပြီး ရန်ကုန်ဘက်ကနေ တင်သွင်းတဲ့ အခြေခံ စားသုံးကုန်တွေ အပါအဝင် ဆန်နဲ့ စားသုံးဆီ၊ စက်သုံးဆီနဲ့ ဆေးဝါးတွေပါ ပြတ်လပ်နေတာပါ။ ကုန်စုံဆိုင်တွေမှာ လက်ကျန် ရှိနေ တဲ့ စားသုံးကုန်ပစ္စည်းတွေဟာလည်း စျေးတွေ ခေါင်ခိုက်အောင် မြင့်တက်နေတာကြောင့် သာမန်လက်လုပ် လက်စားတွေအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ နေ့စားအလုပ်တွေပါ မလုပ်ရတော့တာကြောင့် ထမင်းငတ်မယ့် အခြေအနေရှိနေတယ်လို့ စက်ရုံစု ရပ်ကွက်က ဒေါ်လှဆန်းရီက RFA ကို ပြောပါတယ်။
“အခု အလုပ်လည်း မလုပ်ရဘူးလေ။ အလုပ်လည်း မရတော့ ကယ်ဆယ်ရေးပစ္စည်းတွေများ ရမလားလို့ လာ ကြည့်တာပါ။ မလုံလောက်ဘူး။ အရင်က ဆန်နို့ဆီဘူး ငါးဘူးစားရင် အခု လေးဘူးပဲစားရတယ်၊ သုံးဘူးစားရ တယ်။ အဲဒီလိုစားရပါတယ်။ တိုက်ပွဲ စဖြစ်ကတည်းက ကျွန်မတို့က ငတ်နေတာပါ။ တစ်ရက်လုပ်မှ တစ်ရက် စားရတာလေ။ အခုက အလုပ်ကမရှိဘူး။ အလုပ်မရှိတော့ မစားရဘူး။ ငတ်နေကြတယ်”
ဒါကြောင့် စားဆီတစ်လီတာပဲရရ၊ ခေါက်ဆွဲခြောက် တစ်ထုပ်ပဲရရ ဒီလိုအချိန်မှာ သူတို့အတွက် တန်ဖိုးရှိတယ်လို့ လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလက ရခိုင်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တွေ တစ်မြို့ လုံး နီးပါး ပျက်စီးသွားခဲ့တာပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်မဆောက်နိုင်သေးခင် လက်ရှိ အခြေအနေတွေက သူတို့ရဲ့ အခက်အခဲကို ပိုကြီးမားစေတယ်လို့ စစ်တွေမြို့ ကုန်တန်းရပ်ကွက်က ဦးဦးမြဝင်းက ပြောပါတယ်။
“ကျွန်တော်အိမ်က မိုခါတိုက်ပစ်ခဲ့တာ ခေါင်တောင် မလုပ်နိုင်သေးဘူး။ အခက်အခဲတွေက အများကြီးပဲ။ မိုးရွာ ရင် အိပ်မယ့်နေရာတောင်မရှိဘူး။ အခု တိုက်ပွဲဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးကမကောင်း၊ အကျပ်အတည်း တွေ အများကြီးဖြစ်တယ်။ ဦးလေးတို့မှာက အလုပ်မရှိဘူး။ အရင်ကတော့ ဆိုက်ကား နင်းတယ်။ အခု ဆိုက်ကားလည်းမနင်းနိုင်ဘူး”
ဒီဇင်ဘာ ၃ ရက်နေ့က ဦးဥတ္တမပန်းခြံမှာ ဆီအလှူအတွက် လာရောက်တန်းစီခဲ့ ကြသူတွေဟာ အဆမတန်များ နေတာကြောင့် လူတစ်ဝက်လောက်သာ ဆီရခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျန်တစ်ဝက်လောက်ကတော့ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်စစ်ရေး၊ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကတော့ ရခိုင်ပြည်သူတွေက အေအေ အဖွဲ့ကို စိတ်ပျက်သွား အောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာလို့ ထောက်ပြဝေဖန်ကြပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရင်အစဉ် အဆက်ကတည်းက ကောင်းကျိုးမပေးခဲ့တဲ့ အေအေ အဖွဲ့ဟာ ရခိုင်ပြည်နယ်လွတ်မြောက်ရေး အတွက်လုပ်နေတယ် ဆိုတာ ဟုတ်ပါ့မလားဆိုတာကို ရခိုင် ပြည်သူတွေအနေနဲ့ သေချာလေးလေးနက်နက် စဉ်းစားကြဖို့လိုပြီလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေကနေတစ်ဆင့် မနေ့က ပြောဆိုထားပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ကုန်းလမ်း၊ ရေလမ်း ဖြတ် တောက်မှုတွေကြောင့် ပြည်သူတွေ အခက်အခဲကြုံနေရတဲ့ကိစ္စနဲ့ပတ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ကနေ ၃၀ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၃၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ က ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီကာလအတွင်း အေအေ အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူ ၈၁ ဦးရှိခဲ့ပြီး အဲဒီအထဲက ၂၂ ဦးသာ ပြန်လွတ်လာသေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။