စိုက်ခင်းတွေဆီ မပြန်နိုင်တော့တဲ့ ကချင်စစ်ဘေးဒုက္ခသည်များ
2023.08.28

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့ အနီးတစ်ဝိုက်မှာနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ မြစ်ကြီးနား-ဝိုင်းမော်ဘက်က ဒုက္ခသည်တွေဟာ သူတို့ကြုံနေရတဲ့ စားဝတ်နေရေး အခက်အခဲ ကို ဖြေရှင်းနိုင်ဖို့ နေရပ်ပြန်ပြီး စပါး၊ ပြောင်း၊ နှမ်း၊ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနေကြတာ နှစ်နှစ်လောက် ရှိပါပြီ။
အခုနှစ်မှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတာကြောင့် စိုက်ပျိုးရေး ဆက်မလုပ်နိုင် တော့ပါဘူး။
"အခုတစ်လော ဘာစားပြီး နေရမလဲ၊ စစ်ပွဲမရှိတဲ့ နေရာက ဘယ်နေရာမှာလဲ၊ ဘယ်ချိန်မှာ စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်မလဲဆိုတာကိုပဲ တွေးနေတယ်”
သီးနှံတွေ မစိုက်ပျိုးနိုင်တော့သူတွေထဲမှာ လိုင်ဇာအနီး ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းမှာ နေတဲ့ အသက် (၅၃) နှစ်အရွယ် ဦးဒေါင်ဇောင်းလည်း ပါဝင်ပါတယ်။
“အခုလောက်ထိတော့ မဆိုးတော့ဘူးလို့ထင်လို့ သွားလုပ်တာ အခုလိုပြန်ဖြစ်လာ ရင်တော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ အခုတစ်လော ဘာစားပြီး နေရမလဲ၊ စစ်ပွဲမရှိတဲ့ နေရာက ဘယ်နေရာမှာလဲ၊ ဘယ်ချိန်မှာ စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင် မလဲဆိုတာကိုပဲ တွေးနေတယ်”
သူဟာ ဝိုင်းမော်မြို့နယ် ခါလားယန် ကျေးရွာကနေ ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ဘေးရှောင်နေတာပါ။ သူ့မှာ မိသားစုဝင် ခုနစ်ယောက်ရှိပါတယ်။ သုံးဧက ကျယ်တဲ့ သူ့ရဲ့ ခြံမှာ စပါးနဲ့ ပြောင်းတွေ စိုက်ပျိုးထားတာပါ။ စပါးကတော့ သူတို့မိသားစု နေ့စဉ် စားသောက်ဖို့ ရည်ရွယ်စိုက်ထားတာဖြစ်ပြီး ပြောင်းတွေကိုတော့ ရွာမှာ ကြက်၊ ဝက် မွေးပြီး မိသားစု ဝင်ငွေရဖို့ မျှော်လင့်ချက်နဲ့ စိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ သူတို့ကို ကူညီထောက်ပံ့သူတွေ နည်းလာတာကြောင့် သူတို့ ဝမ်းရေးအတွက် အခုလိုနေရပ်ပြန်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြတာပါ။
“စစ်ဘေးဒုက္ခသည်စခန်းတွေ ရုပ်သိမ်းတော့မယ် ထောက်ပံ့တာတွေ လျှော့တော့မယ် ဆိုပြီး မနှစ်ကတည်းက ပြောလာပြီ။ အခုလည်း ကူညီတာတွေ နည်းနည်းစီလျှော့လာပြီ ဆိုတော့ တကယ်လို့ သူများတွေ မကျွေးတော့ရင်လည်း ကျွန်တော်တို့လည်း နည်းနည်းပဲ ဖြစ်ဖြစ် သွားစိုက်မှရတော့မယ်ဆိုပြီး နိုင်ငံရေးလည်း အဲလောက်မရှုပ်သေး တော့ သွားလုပ်လိုက်တာတော့ ဟုတ်တယ်။ ဖရုံသီး၊ ပဲသီး၊ ပင်စိမ်း၊ ပိန်းဥ၊ ရုံးပတီသီး၊ ငရုတ်သီးတွေပဲ သွားစိုက်ထားနိုင်သေးတယ်၊ အဲဒါတောင် သွားမကြည့်နိုင်တော့ဘူး”
ခါလားယန်ကျေးရွာကနေ ဝေကျိုင်စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံရင်း နေရပ်ပြန်ပြီး သီးနှံစိုက်ပျိုးထားတဲ့ ဒေါ်ငွားမီး ပြောသွားတာပါ။
ခါလားယန်ကျေးရွာအပြင် နမ်ဆန်ယန်၊ ဆိုင်မိုင်၊ ပေါဆယ်၊ ရွတ်ဂျတ်၊ ပန်ဆောင်၊ ဘန်ဒေါင်၊ ဒိန်ဂါ စတဲ့ ကျေးရွာ က စစ်ဘေးဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေကနေ သူတို့နေရပ်ကို အသွားအပြန်လုပ်ပြီး သီးနှံတွေ စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
အခုတော့ တိုက်ပွဲတွေကြောင့် သူတို့ စိုက်ပျိုးရေးဆက်မလုပ်နိုင်တော့သလို၊ ဝယ်စားဖို့ တောင် ခက်ခဲနေတယ်လို့ နမ်ဆန်ယန်ကျေးရွာကနေ ဝေကျိုင်ဒုက္ခသည်စခန်းမှာ ခိုလှုံ နေတဲ့ ဒေါ်ခေါန်ဆန့်က ပြောပါတယ်။
“လိုင်ဇာမှာဆိုရင် ဝယ်စား အရမ်းခက်တယ်။ အရမ်းဒုက္ခရောက်တော့ ဟင်းသီး ဟင်းရွက်တွေကတော့ မဝယ်စားတော့ဘူး။ စိုက်ခင်းကပဲ စားမယ်ဆိုပြီး အများကြီး လုပ်ထားတာ အခုက တစ်ခုမှ မစားရဘူး။ စားရကာနီးမှ အကုန်ထားခဲ့ပြီး ထွက်ပြေးခဲ့ ရပြီ။ ဒီမှာက ဟင်းသီးဟင်းရွက်တွေကလည်းစျေးကြီးတယ်။ စီးပွားရေးလည်း မလုပ် တော့ ကူညီတဲ့ဟာလည်း လျှော့လိုက်တယ်။ ရတဲ့ဟာကိုလည်း ဆီတွေ၊ ဆားတွေ၊ ဆေးဝါးတွေ ဝယ်ပြီး ဟင်းသီးဟင်းရွက်တွေကိုတော့ စိုက်ခင်းက စားမလို့ အခုက ဒီလိုဖြစ်သွားတော့ အရမ်းဒုက္ခရောက်နေတယ်”
ဒေါ်ခေါန်ဆန့်ဟာ ဒီနှစ် သူ့စိုက်ခင်းကရတဲ့ သီးနှံတွေကို အပိုဝင်ငွေရအောင် ရောင်းပြီး သားသမီးတွေ ပညာရေးထောက်ပံ့ဖို့ ရည်ရွယ်ခဲ့ပေမယ့် အခုတော့ မဖြစ်နိုင်တော့ပါဘူး။
KIA ဌာနချုပ်အနီး တိုက်ပွဲတွေကြောင့် ဇူလိုင် ၃ ရက်နေ့ကတည်းက မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းကို နှစ်ဖက်တပ်တွေ ပိတ်ထားတာ အခုဆို နှစ်လနီးပါးရှိနေပါပြီ။ တိုက်ပွဲဖြစ်တာ လနဲ့ချီ အချိန်ကြာလာတာကြောင့် လိုင်ဇာမြို့မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်လာသလို တရုတ်ဘက်ကနေ ဝယ်ယူရတဲ့အတွက် ကုန်စျေးနှုန်းကလည်း မြင့်တက်နေပါတယ်။
ဘယ်အချိန်မှ စိုက်ခင်းတွေဆီ ပြန်သွားနိုင်မလဲဆိုတာတွေးပြီး စိတ်ပူနေတယ်လို့ ပေါဆယ် ကျေးရွာက ဒေါ် ကော့ရှန်က ပြောပါတယ်။
“လူအင်အား၊ အချိန်အင်အားတွေ အကုန်ရင်းထားရတာ။ တကယ်တော့ အခုချိန် စပါးခင်း က မြက်တွေ ရှင်းရမယ်။ အဲဒါ မလုပ်နိုင်လိုက်တော့ စိတ်က ဟိုမှာပဲရှိနေတယ်။ အခုဒီလိုဖြစ်နေတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ စိုက်ထားတာတွေ စားရော စားရပါ့မလားလို့ စိတ်ပူနေတာ အခုအတိုင်းဆို နေရပ်ပြန်နိုင်ဖို့က မဖြစ်နိုင်တော့ဘူး”
ဒေါ်ကော့ရှန်ဟာ သူ့ရဲ့ ခြံ လေးဧကမှာ စပါးစိုက်ထားပြီး စပါးတင်း ၁၀၀ ကျော် ထွက်ဖို့ မျှော်မှန်းထားတာပါ။ အခုတော့ သူများဆီက ချေးထားတဲ့ စပါးတွေ ပြန်ပေးဖို့တောင် မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
နေရပ်က စိုက်ခင်းတွေဆီ အမြန်ဆုံးပြန်နိုင်ဖို့ မျှော်လင့်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ဟာ အခုတော့ စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံနေရတဲ့အကြောင်း တင်ပြလိုက်ပါတယ်ရှင်။