ကွတ်ခိုင်က ကချင်ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေ

2022.03.16
Share on WhatsApp
Share on WhatsApp
ကွတ်ခိုင်က ကချင်ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေ ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာ ဇွပ်အောင်ဒုက္ခသည်စခန်းမှာ နေထိုင်သည့် ကချင်စစ်ဘေး ဒုက္ခသည်တွေကို ၂၀၂၂ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ ပြဿနာတွေကြောင့် အခုချိန်ထိ အိမ်မ ပြန်နိုင်သေးတဲ့ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့က ကချင်စစ်ဘေးဒုက္ခသည်တွေဟာ နေ့စဉ် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အရင်လို ပြင်ပအကူအညီလည်း မရှိ၊ ဒုက္ခသည်စခန်းကနေ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ ကလည်း အလုပ်အကိုင် ရှားပါးမှုနဲ့ လုံခြုံမှု မရှိတာတွေကြောင့် ထမင်းတစ်နပ် စားရဖို့ တောင် အတော်ခက်ခဲနေတယ်လို့ ဆိုပါတယ်။

“အခုတလော နိုင်ငံရေးမတည်ငြိမ်တာနဲ့ ဒီရောဂါပြန်ဖြစ်တာနဲ့ ဘယ်သူမဆို ပိုက်ဆံရှာ ရခက်တယ်။ အလုပ်သွားလုပ်ရင်လည်း အရင်လို ပိုက်ဆံ မပေးကြတော့ဘူး။ ခြောက် ထောင်၊ ငါးထောင် အဲလောက်ပဲနော့် တစ်သောင်းရဖို့ အခက်ဆုံးဖြစ်နေတယ်”

ဒါကတော့ ကွတ်ခိုင်မြို့ ကချင် နှစ်ခြင်းအသင်းတော် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ဒေါ်ဟောင်းညွယ် ပြောခဲ့တာပါ။ သူနေထိုင်တဲ့ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ ၂၅၀ ဝန်းကျင် ရှိပါတယ်။

"ဒီစခန်းမှာပဲ နေပြီးမှ တောင်ပေါ်တက် နည်းနည်းပါးပါးသွားလုပ်စား မိသားစုက ပြန်များဆိုတော့ တော်တော်လေး ခက်ခဲတယ်"

သူတို့ဟာ ၂၀၁၂ ခုနှစ်တုန်းက ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲတွေကြောင့် မြို့နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ နမ့်ဟူး၊ ကြိမ်းမွန်း စတဲ့ ကျေးရွာအုပ်စုတွေကနေ ဒီဒုက္ခသည်စခန်းကို ထွက်ပြေးခိုလှုံ လာခဲ့ကြတာပါ။ သူတို့အတွက် ကွတ်ခိုင်မြို့ပေါ်က ကချင်နှစ်ခြင်း အသင်းတော် KBC1၊ KBC 2 နဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတွေမှာ နေရာချပေးခဲ့ပါတယ်။

ဒီဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အထိ ပြင်ပအလှူငွေနဲ့ မလုံလောက်တဲ့အခါ စားသောက်ဆိုင်တွေ၊ စိုက်ပျိုးရေးခြံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ခွင့် ရခဲ့ကြပါတယ်။

လက်ရှိမှာတော့ ကိုဗစ် ကပ်ရောဂါ အကြောင်းပြချက်နဲ့ အလုပ်ခေါ်တဲ့သူတွေလည်း မရှိ တော့ဘူးလို့ စစ်ဘေးဒုက္ခသည် ဒေါ်ဟောင်းညွယ်က ပြောပါတယ်။

“အရင်ဆိုရင် ကျမတို့လည်း အလုပ်အကိုင်လည်း မှန်မှန်သွားလို့လည်းရတယ်။ အခုဆို သူတို့လည်း လူစုလူဝေး သိပ်မလုပ်ရဘူးဆို အလုပ်အကိုင်သွားရင် လူကများနေတာဆို တချို့က မခေါ်ကြတော့ဘူး၊ အဲလိုမျိုး ဒီမှာ ပိုပြီးဆိုးတယ်။ သူတို့က ကျမတို့ စစ်ရှောင် ဆို နေ့စားခေါ်ရင်လည်း ခေါင်းပုံဖြတ်စားတာပေါ့ အဲလိုလုပ်တယ်။ အခက်အခဲတွေက အများကြီးရှိတယ်”

အရင်ကဆိုရင် မိဘတွေက ဒေသအတွင်း ရရာအလုပ်တွေ လုပ်ကြသလို သားသမီးတွေ ကလည်း တရုတ်နယ်စပ်မှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့အတွက် စားဝတ်နေရေး ပြေလည်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ကပ်ရောဂါကြောင့် နယ်စပ်မှာ အလုပ်လုပ်လို့မရသလို တရုတ်ပြည်ထဲ အထိ သွားရောက်လုပ်ကိုင်သူတွေပါ နေရပ်ပြန်လာရတယ်လို့ ကွတ်ခိုင် (KBC) ဒုက္ခ သည်စခန်းမှာ ခိုလှုံနေတဲ့ ဦးစိုင်းတူးက ပြောပါတယ်။

“အခုက နှစ်ခုဖြစ်နေတာပေါ့၊ ကိုဗစ်က အရင်တတိယလှိုင်းမှာဆိုလည်း ကျနော်တို့က အလွန်အင်မတန်မှ ခံလိုက်ရတယ်။ ကျနော့်စခန်းမှာဆိုရင် လူအယောက် ၄၀ လောက် ခံလိုက်ရတယ်။ နိုင်ငံရေး အခင်းအကျင်း ဆိုရင်လည်း ကွတ်ခိုင် ပတ်ဝန်းကျင်က တိုက်ပွဲက ကြိုးကြား ကြိုးကြား ပိုပြီးဖြစ်လာတယ်။ အခုဆိုရင် ပိုဆိုးသွားတာပေါ့ ။ တရုတ်ပြည်ကလည်း နယ်စပ်ကုန်သွယ်ရေးလမ်းတွေကလည်း ပိတ်ကုန်တဲ့အခါ ကျတော့ တရုတ်ပြည်သွားပြီး ငွေသွားရှာတဲ့သူတွေက မရှိတော့ဘူး။ ကလေးတွေက စခန်းမှာ ပုံနေ၊ စားသောက်ရတာက ကုန်ဈေးနှုန်းက တက်ပေါ့နော်၊ ဝင်ငွေက မရှိတဲ့အခါကျတော့ အခက်အခဲတွေက တအားကြီးမှ ကြုံနေရတာပေါ့နော်”

ဝင်ငွေမရှိတဲ့အပြင် အာဏာသိမ်းနောက်ဆက်တွဲ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် နေ့စဉ် ထမင်းတစ်နပ် မှန်မှန်စားနိုင်ဖို့ကိုတောင် အတော်ကြိုးစားနေရတယ်လို့ ကာလိုင်ကျေးရွာ ဇွတ်အောင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒေါ်ဂျာခွန်က ပြောပါတယ်။

“အခါတိုင်းဆို ကိုယ်က တစ်ထောင်ဖိုးနဲ့ဆို နှစ်နပ် ချက်လို့ ရတယ်။ အခုဆို တစ်ထောင် ဖိုးကို တစ်နပ်တောင် ချက်လို့မရဘူး အဲလိုဖြစ်နေတယ်။ ပိုက်ဆံက ဈေးကျ၊ ပစ္စည်းက ပြန်နည်းသွား အဲလိုမျိုးဖြစ်တော့ ထမင်းတစ်နပ်စားဖို့တောင်မှ မနည်းချင့်ချိန်ပြီး စားနေရတယ်။ ဒီစခန်းမှာပဲ နေပြီးမှ တောင်ပေါ်တက် နည်းနည်းပါးပါးသွားလုပ်စား မိသားစုက ပြန်များဆိုတော့ တော်တော်လေး ခက်ခဲတယ်။ အိမ်တောင်မှ ကောင်း ကောင်းလေး မလုပ်နိုင်ဘူး ဖြစ်နေတယ်”

ကာလိုင်ကျေးရွာ ဇွတ်အောင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ နှစ်ရာကျော်နဲ့ လူဦးရေ ၁၂၀၀ ကျော် ခိုလှုံနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒုက္ခသည်တွေအတွက် အသက် ၁၈ နှစ်အောက် ကလေးနဲ့ ၆၀ အထက် သက်ကြီးရွယ်အိုတွေကို လူတစ်ဦး တစ်လ ကျပ်နှစ်သောင်းစီနဲ့ အသက် ၁၈ နှစ်နဲ့ ၅၀ ကြားအရွယ်တွေအတွက် လူတစ်ဦးကို တစ်လ ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းဌာနကလည်း သုံးလတစ်ကြိမ် ဆန်နဲ့ စားစရာတွေ လာရောက်ကူညီလေ့ ရှိပေမယ့် မိသားစုများတဲ့ ဒုက္ခသည်တွေအတွက် လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

kachin-refugees-in-shan.JPG
(ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာ ဇွပ်အောင်ဒုက္ခသည်စခန်းမှာ နေထိုင်သည့် ကချင်စစ်ဘေး ဒုက္ခသည်တွေကို ၂၀၂၂ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်)

အာဏာသိမ်းနောက်ဆက်တွဲ ပြဿနာတွေအဖြစ် တစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် အများအပြား ထပ်တိုးလာတာကြောင့် အခုရနေတဲ့ အထောက်အပံ့တွေ ရပ်တန့်လိုက်မှာကို စိုးရိမ်နေရတယ်လို့ ကွတ်ခိုင် (KBC) ဒုက္ခသည်စခန်း ကော်မတီဝင် မချောင်းရွယ်က ပြောပါတယ်။

“အခုချိန်မှာက တစ်နိုင်ငံလုံးအဆင့် ပြန်ကြည့်မယ်ဆိုရင် ကျမတို့စိတ်ထဲမှာ ပူပန် သောက ရှိတယ်ပေါ့နော်။ တခြား တိုင်းတို့၊ ပြည်နယ်တို့မှာ ဒုက္ခသည်အများကြီး တိုးလာတဲ့ဟာကို ကြည့်ပြီးတော့ စိတ်မကောင်းဘူးလို့။ ဒီလိုမျိုး ဒုက္ခသည်တွေ များလာတဲ့အခါမှာ နိုင်ငံတကာကလည်း ပံ့ပိုးနိုင်မလားဆိုတဲ့ စိုးရိမ်မှုလည်း ရှိတယ်။ ပြီးလို့ရှိရင် တခြား ပံ့ပိုးမှုတွေလည်း အများကြီး လျော့ကျသွားတယ်။ ဝင်ငွေ၊ အလုပ် အကိုင် အားလုံးကျပ်တည်းနေတဲ့ ကာလမှာပေါ့နော်၊ စစ်ရေးကလည်း ပြင်းထန်လာ တယ်။ ပြီးတော့ လုံခြုံရေအတွက်လည်း ကျမတို့စိုးရိမ်တယ်။ ပြီးတော့ ကျမတို့ရဲ့ အနာဂတ်အတွက်ကိုလည်း စိုးရိမ်မှု ရှိတာပေါ့”

သူတို့အားလုံး ကွတ်ခိုင်မြို့က စစ်ဘေးဒုက္ခသည်စခန်းတွေကို ရောက်နေတာ အခုဆိုရင် ၁၀ နှစ်ထဲ ရောက်လာပါပြီ။ ကွတ်ခိုင်မြို့နယ်ထဲက သူတို့ရဲ့ ဇာတိရွာတွေမှာ စစ်ပွဲတွေ ထပ်မ ဖြစ်တော့ဘဲ အေးချမ်းနေမယ်ဆိုရင် ၂၀၂၁ ခုနှစ် မတ်လထဲမှာ နေရပ်ပြန်ဖို့ NLD အစိုးရ လက်ထက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း ပြင်ဆင်ခဲ့ကြပေမယ့် အခု စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မျှော်လင့်ချက်အားလုံး ရပ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ကွတ်ခိုင် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ သိန္နီ၊ နမ့်ခမ်း၊ မန့်ဝိန်းကြီး စတဲ့ မြို့နယ်တွေမှာ KIA၊ TNLA၊ MNDAA၊ SSPP၊ RCSS စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ၂၀၁၂ ကနေ ၂၀၂၂ ခုနှစ်အထိ တိုက်ပွဲ တွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် စစ်ဘေးဒုက္ခသည် စခန်း ၃၀ မှာ လူဦးရေ သုံး သောင်းလောက် ကာလကြာရှည် ခိုလှုံနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။