ကချင်နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေရဲ့ စိုးရိမ်မှုများ
2023.08.18
ဆယ်နှစ်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ ဟာ သူတို့ နေရပ်ကို ဒီနှစ်ထဲ ပြန်ကြသူ အမြောက်အမြား ရှိခဲ့ပါတယ်။
အဲဒီလို နေရပ်ပြန်လာကြသူတွေထဲမှာ အသက် ၆၀ ကျော်အရွယ် ဦးဂမ်ဆိုင်းတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။
ဦးဂမ်ဆိုင်းတို့ ဇနီးမောင်နှံဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းက ဝိုင်းမော်မြို့နယ် ဂါးရာယန်ရွာကို ပြီးခဲ့တဲ့ မေလအတွင်းက ပြန်ရောက်လာကြတာ ဖြစ်ပါတယ်။
"ကိုယ့်ရပ်ရွာ ကိုယ့်နေရာ ခြံဝင်းထဲမှာ လာနေရလို့ စိတ်ချမ်းသာရတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အခုလို နိုင်ငံရေး၊ စစ်ရေးက ပြန်ရှုပ်လာတော့ စိတ်ညစ်ရတယ်"
နေရပ်ကို ပြန်ရောက်လာတဲ့အခါ ဒုက္ခသည်စခန်းမှာထက် ပိုပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပေ မယ့် ဒီနှစ် ဇူလိုင်လဆန်းကတည်းက နမ်ဆန်ယန်ရွာမှာ တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ဦးဂမ်ဆိုင်း စိုးရိမ်ပူပန်နေရပြန်ပါတယ်။
“ပြန်လာတဲ့အခါမှာလည်း တစ်ဖက်မှာ ပျော်ရသလို တစ်ဖက်မှာ စိုးရိမ်ရတယ်။ ကိုယ့် ရပ်ရွာ ကိုယ့်နေရာ ခြံဝင်းထဲမှာ လာနေရလို့ စိတ်ချမ်းသာရတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အခုလို နိုင်ငံရေး၊ စစ်ရေးက ပြန်ရှုပ်လာတော့ စိတ်ညစ်ရတယ်။ နာမကျန်းဖြစ်ပြီး အသက်ကြီးတဲ့ နှစ်ဦးတည်း လာနေရတာဆိုတော့ ဒုက္ခသည်စခန်းကို ပြန်ပြီးသွားနေရ မလားဆိုပြီးလည်း တွေးမိတယ်။ ဒါပေမဲ့ ရွာမှာလည်း လူတွေ လာနေပြီ အကုန်လုံး နေလို့မရတော့တဲ့ နေ့အထိ ကြိုးစားပြီး နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်”
စစ်ဘေးဒုက္ခသည်စခန်းရဲ့ ဆယ်ပေပတ်လည် အခန်းကျဉ်းထဲမှာ အချိန် ၁၁ နှစ်ကြာနေထိုင်လာရင်း ၂၀၁၉ ခုနှစ်မှာ လေဖြတ်ပြီး နာမကျန်းဖြစ်သွားတဲ့ ဇနီးဖြစ်သူကို စောင့်ရှောက်ခဲ့ရတယ်လို့ ဦးဂမ်ဆိုင်းက ပြောပါတယ်။
ဦးဂမ်ဆိုင်းဟာ သူ့မွေးရပ်မြေ ဗန်းမော်မြို့နယ် အင်ဘာပါရွာကို စစ်တပ် စစ်ကြောင်းထိုး လာလို့ သူ့အသက် ငါးနှစ်အရွယ်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး သူ့အသက် ၆၇ နှစ်အရွယ်အထိလည်း စစ်ဘေးဒုက္ခသည်အဖြစ် အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူပါ။
သူ့ဘဝ တစ်လျှောက်လုံး ပြည်တွင်းစစ်ရဲ့ သေနတ်သံ၊ အမြောက်သံတွေ ကြားထဲမှာ ပြေးရင်းလွှားရင်းနဲ့ပဲ အချိန်တွေကုန်ခဲ့ရတာကြောင့် သူ့မိသားစုအတွက် ဘာမှ ရှာဖွေ စုဆောင်းနိုင်ခဲ့တာ မရှိတဲ့အတွက်လည်း စိတ်မကောင်း ဖြစ်မိတယ်လို့ ဦးဂမ်ဆိုင်းက ပြောပါတယ်။
ဂါးရာယန်ရွာကို နေရပ်ပြန်လာကြတဲ့ အိမ်ထောင်စု လေးရာနီးပါး၊ လူဦးရေ နှစ်ထောင် ကျော်ထဲမှာ အများစုက အသက် ၁၈ နှစ်အောက် ကလေးတွေနဲ့ နာမကျန်းဖြစ်တဲ့ အသက်ကြီးပိုင်းတွေ ဖြစ်တာကြောင့် ရွာနားတွေမှာ တိုက်ပွဲတွေ ဖြစ်လာရင် ထွက်ပြေး တိမ်းရှောင်ဖို့ အခက်အခဲရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြောင်းရွှေ့ဖို့ ခက်ခဲတဲ့ ကျန်းမာရေးမကောင်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေက ရွာနားအထိ တိုက်ပွဲတွေ ကူးစက်လာမှာကို ပိုပြီး စိုးရိမ်ကြောက်လန့်နေကြသလို နေရပ်ပြန်ရောက်လာ လို့ ပျော်ရွှင်နေတဲ့ ခံစားမှုတွေလည်း ထပ်ပြီး မဆုံးရှုံးချင်ကြဘူးလို့ ဂါးရာယန်ရွာ ပြန်လည် ထူထောင်ရေးကော်မတီ တာဝန်ခံ ဦးလွမ်းဇောင်းက RFA ကို ပြောပါတယ်။
“သက်ကြီးရွယ်အိုတွေက ပိုပြီးတောင်မှ ထိတ်လန့်တယ်၊ ကြောက်ရွံ့တယ်၊ စိုးရိမ်တယ်။ သူတို့က ကျွန်တော် တို့ကိုတောင် ဖုန်းဆက်ပြီး ကျွန်တော်တို့ အသက်ကြီးပြီနော် ပစ်မထားကြပါနဲ့၊ တစ်ခုခု ဖြစ်ရင်လည်း အချိန်မီ ဘာညာပေါ့ ပြောတဲ့သူတွေ ရှိတယ်။ စစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေကလည်း ကျွန်တော်တို့ မျက်စိရှေ့မှာဆိုတော့ ထိတ်လန့် ကြောက်ရွံ့မှုတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် ကိုယ့်ဒေသ၊ ကိုယ့် ကျေးရွာမှာ ဆယ်နှစ်ကျော်နောက်ပိုင်း ပြန်လည်အခြေချပြီးမှ ပျော်ရွှင်နေတဲ့ ခံစားမှု မျိုးက ပြန်ပြီး ဆုံးရှုံးတာမျိုး မဖြစ်ချင်ဘူး”
လက်ရှိအချိန်မှာ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသလို၊ ထွက်ပြေးတိမ်းရှောင်ရမယ့် အချိန်မှာလည်း အဆင်သင့် ထွက်ပြေးတိမ်းရှောင်နိုင်အောင် ပြင်ဆင်ထားတယ်လို့လည်း ဦးလွမ်းဇောင်းက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ရဲ့ ဌာနချုပ် လိုင်ဇာမြို့နဲ့ အနီးက နမ်ဆန်ယန်ရွာမှာ ဒီနှစ် ဇူလိုင်လ ဆန်းပိုင်းလောက်ကစပြီး ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာ တာကြောင့် နမ်ဆန်ယန် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်မှာရှိတဲ့ ဂျာပူရွာ၊ ဒဘတ်ယန် စတဲ့ ရွာတွေရဲ့ ရွာအနီးအနား တွေမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ရှိနေပြီး စစ်ကောင်စီကလည်း နမ်ဆန်ယန်တစ်ကြောကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေပါတယ်။
နေရပ်ပြန်တာ မကြာသေးတဲ့ ဂါးရာယန်၊ ကဇူး၊ ဒဘတ်ယန်ရွာတွေဟာ တစ်ဆက်တည်း ရှိနေတဲ့ ရွာတွေဖြစ်ပြီး ကဇူးရွာမှာ စစ်ကောင်စီတပ်စခန်း အခြေချထားတာကြောင့် နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေက ပိုပြီး စိုးရိမ်ကြောက်လန့်နေကြတာဖြစ်ပါတယ်။
ပြည်တွင်းစစ်ဒဏ်ကို အလူးအလိမ့်ခံခဲ့ရတဲ့ ဦးဂမ်ဆိုင်းကတော့ တိုက်ပွဲတွေ၊ သေနတ်သံတွေကို အမြန်ဆုံး ငြိမ်းချမ်းစေချင်နေပါပြီ။
“တိုက်မှရမယ်ဆိုလည်း မြန်မြန်တိုက်၊ ငြိမ်ရင်လည်း မြန်မြန် ငြိမ်စေချင်တယ်။ တကယ် လို့ တိုက်လို့ အဆင်မပြေဘူးဆိုလည်း သေချာဆွေးနွေးပြီး သေနတ်သံတွေ နားလိုက်ပြီး ညှိနှိုင်းဆွေးနွေးတာနဲ့ နည်းလမ်းရှာ ငြိမ်းချမ်းဖို့ လုပ်ဖို့ကို ပိုပြီး လုပ်သင့်နေပြီလို့ ကျွန်တော်ကတော့ အဲလိုပဲ မြင်တယ်”