တစ်ကျော့ပြန်စစ်ပွဲ ၁၂ နှစ်ပြည့်ပေမယ့် ကချင်ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး

လိုင်ဇာမြို့နယ်အနီးရှိ  ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မေလက တွေ့ရစဉ်။
လိုင်ဇာမြို့နယ်အနီးရှိ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မေလက တွေ့ရစဉ်။ (RFA)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဘွမ်ဆဲန်တောင်က စတင်လိုက်တဲ့ ကချင်စစ်ပွဲဟာ ဇွန်လ ၉ ရက် ဒီကနေ့မှာ ၁၂ နှစ်ပြည့်ပါပြီ။

၁၉၈၈ မှာ အာဏာသိမ်းခဲ့တဲ့စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ၁၇ နှစ် ကြာပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ KIA ကို နယ်ခြားစောင့်တပ်အဖြစ်နဲ့ အသွင်ပြောင်း ဖွဲ့စည်းဖို့ စစ်တပ်က ဖိအားပေးတာကို ငြင်းလိုက်တဲ့အတွက် KIA အမှတ် ၁၅ တပ်ရင်းနယ်မြေဖြစ်တဲ့ ဘွမ်ဆဲန်တောင်ကို စစ်တပ်က ထိုးစစ်ဆင်လိုက်ပါတယ်။ အဲဒီအချိန်ကစလို့ အပစ်အခတ်ရပ်စဲရေး ကျိုးပျက်ခဲ့တာပါ။

အဲဒီကစလိုက်တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်က ရွာ ၄၀၀ ကျော်မှာ နေထိုင်တဲ့သူတစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ သူတို့ဟာ အခုအချိန်အထိ နေရပ်မပြန်နိုင်တော့ဘဲ ဒုက္ခသည်စခန်းတွေမှာပဲ ခိုလှုံနေကြရပါတယ်။

ဝိုင်းမော်မြို့နယ် ဂျာပူရွာက ဒေါ်မာခါးဟာ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ဝေကျိုင် ဒုက္ခသည်စခန်းမှာ အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ပြောပါတယ်။

“ဒီ ၁၂ နှစ်အတွင်း တော်တော်တော့ ခက်ခက်ခဲခဲနဲ့ဖြတ်သန်းခဲ့ရတယ်။ အရင်ကတော့ တရုတ် ငှက်ပျောခြံတွေမှာ နေ့စားအလုပ်သွားလုပ်တယ်။ အခုက တရုတ်တွေ ခြံတွေပြန်သိမ်းတော့ ရှာဖွေ စားသောက်ရတာပိုပြီးခက်ခဲလာတယ်။ အရင်ကတော့ နည်းနည်းပါးပါးတော့ သွားလာပြီးရှာဖွေ စားသောက်လို့ရတယ်။ အခုက အိမ်မှာလည်း ဘာမှ မရှိတော့ဘူးဆိုတော့ အိမ်ကယူစားဖို့လည်းခက်၊ သွားလုပ်ကိုင် စားသောက်ဖို့လည်းခက်။ ဒီမှာ ထောက်ပံ့ပေးတာကလည်း လျှော့လာတော့ နေတာ ကြာလာလေ ပိုပြီးခက်ခဲလာသလို ခံစားရတယ်”

၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း အကူအညီအထောက်ပံ့တွေ လျော့နည်းလာတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေရဲ့ ရှင်သန်ရပ်တည်ရေးဟာ ပိုပြီးခက်ခဲလာတယ်လို့ ဝေကျိုင် စစ်ဘေးဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးဆင်ယောင်က ပြောပါတယ်။

“ဒီအစားအသောက်တွေ ကူညီနေတဲ့အဖွဲ့တွေက အခု ၂၀၂၃ ဧပြီလကစပြီးတော့ ဆန်နဲ့ ဆီ၊ ဆားအတွက် အခုကူညီနေတာကနေ ၃၀ ရာခိုင်နှုန်းလျော့သွားတယ်။ အခုက ခက်ခဲတော့ ကျောင်းသားရှိတဲ့မိဘတွေကလည်း ကျောင်းပညာရေးပိုင်းကို သိပ်အားမစိုက်နိုင်တော့ဘူး။ အများပိုင်းက နေရပ်ဒေသပြန်ဖို့လည်း အခုဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် ခဏတဖြုတ် သွားရောက်တာကလွဲလို့ အေးအေးချမ်းချမ်းနဲ့ သွားနေလို့ရတဲ့နေရာက အရမ်းရှားနေသေးတယ် ”

အရင်က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေဆီကနေ ဒုက္ခသည်တစ်ဦးကို သုံးလအတွက် ငွေကျပ် ငါးသောင်းရခဲ့ပေမယ့် ခုတော့ကျပ် ၃၅၀၀၀ ကျပ်ပဲ ရတော့တယ်လို့ သူကပြောပါတယ်။ ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့လည်း လုံခြုံမှုမရှိတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာပဲ ခက်ခက်ခဲခဲ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

တချို့ကတော့ စစ်ဘေးဒုက္ခသည်စခန်းမှာ ဆက်မနေနိုင်တော့လို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ကြတာလည်း ရှိပါတယ်။ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်က ဂါးရာယန်၊ ဒဘတ်၊ ကဇူး၊ နမ်ဆန်ယန် စတဲ့ရွာကဒေသခံတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်ခဲ့ပါတယ်။

လိုင်ဇာမြို့နားက ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းက ဦးဂမ်ဒေးကလည်း ဒုက္ခသည်စခန်းမှာ ဆက်နေရင် ငတ်ပြီးသေသွားနိုင်တဲ့အတွက် သူ့ဇာတိဝိုင်းမော်မြို့နယ် ခါလားရွာကိုပြန်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“အေးချမ်းမှုလည်း လွယ်လွယ်နဲ့ရမယ်လို့ မထင်ဘူး။ တိုင်းပြည်အတွက်လည်းဘာမှ မစိတ်ကူးတော့ဘူး။ ဘယ်လိုဖြစ်ချင်ဖြစ်ချင် ကိုယ်စားဖို့သောက်ဖို့ပဲ လောလောဆယ် စဉ်းစားနေတယ်။ အခုဒီမှာနေရင်တော့ သေဖို့ပဲရှိတော့တယ်။ ဘာမှ ဆန်လည်းမပေး၊ ဆီလည်းမပေးဆိုတော့ ငတ်သေမှာပဲ။ ဒါကြောင့် စားဖို့သောက်ဖို့နည်းနည်း အားလူး တို့ပြောင်းတို့ ရရင်လည်းရပေါ့လေ။ အဲလို သွားလုပ်မယ်။”

ဒုက္ခသည်တွေအားလုံး၂၀၂၃ ခုနှစ်မှာ နေရပ်ပြန်ဖို့ ၂၀၂ဝ ခုနှစ်က NLD အစိုးရ၊ KIA နဲ့ ကချင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့(KHCC) တို့သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အဲဒီအစီအစဉ်ပျက်သွားခဲ့တာပါ။

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကြိုးစားခဲ့တဲ့ KHCC ပူးတွဲဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုလည်း စစ်ကောင်စီကဖမ်းလိုက်ပြီး မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ - ၁၇ (၁) ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅ဝ၅ (က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒ ပုဒ်မ - ၅၂ (က) တို့နဲ့ ထောင်ဒဏ် ခြောက်နှစ်ချထားလိုက်ပါတယ်။

လိုင်ဇာမြို့နယ် ဝေကျိုင်ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။ (Photo: RFA)
လိုင်ဇာမြို့နယ် ဝေကျိုင်ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။ (Photo: RFA)

လက်ရှိမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စစ်ရေး အခြေအနေ ရှုပ်ထွေးနေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ KIA အနေနဲ့ရော ကိုယ်ရဲ့ပြည်သူတွေကိုလည်း ကိုယ့်ရဲ့ရပ်ရွာတွေကို အဆင်ပြေတဲ့နည်းနဲ့ ပြန်ပြီးမှကျွန်တော်တို့ ခြံတွေလယ်တွေ စားသောက် ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ အဓိကလုပ်ဆောင်ဖို့ကျွန်တော်တို့ ညွှန်ကြားထားတာတော့ ရှိပါတယ်။ ဒါကတစ်ချက်ပေါ့။ ဒါပေမဲ့ တိုက်ပွဲကတော့ ပြန်ဖြစ်မလား မဖြစ်ဘူးလားဆိုတာတော့ တိကျ ဘယ်သူမှ အတည်ပြုလို့တော့ မရဘူး။ ပြောရမယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးက ရှုပ်ထွေးနေတုန်း ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီကိစ္စကြောင့် ပြည်သူလူထုတွေနဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အမြဲတမ်းသတိပေးနေတဲ့ အချိန်ကာလပဲဖြစ်ပါတယ်”

၁၂ နှစ်ကြာတဲ့အထိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် နေရပ်ပြန်ရေးမျှော်လင့်ချက်က ပိုပြီးအလှမ်းဝေးသွားပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

"အခုဒီမှာနေရင်တော့ သေဖို့ပဲရှိတော့တယ်။ ဘာမှ ဆန်လည်းမပေး၊ ဆီလည်းမပေးဆိုတော့ ငတ်သေမှာပဲ။"

ဒါပေမယ့် စစ်ကောင် စီပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၆ ရက်ကြေညာချက်မှာတော့ ကချင်စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာတွေလုပ်နေပြီး ဒီနှစ်အတွင်း IDP စခန်းလေးခုက ဒုက္ခသည် ၄၀၀၀ နီးပါးကို ပြန်လည် နေရာချထားပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) ရဲ့ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၁၆၀ ကျော်ရှိပြီး လူတစ်သိန်းခွဲ နီးပါး ခိုလှုံနေကြပါတယ်။ အခုလို ပြည်တွင်းစစ်ပိုကြီး လာနေတဲ့ချိန်မှာ စစ်ကောင်စီဟာ ဒုက္ခသည် နေရပ်ပြန်ရေး လုပ်ဆောင်နိုင်တာ မရှိပါဘူး။

ဝေကျိုင်ဒုက္ခသည်စခန်းက ဦးတူးဂျာကတော့ သူ့ရဲ့ဇာတိဖြစ်တဲ့ မိုးမောက်မြို့နယ် ခါယာရွာကို ဘယ်တော့မှပြန်ရမလဲဆိုတာ မသိတော့ဘူးလို့ ပြောပါတယ်။

“အိမ်ပြန်ချင်တဲ့စိတ်က အချိန်ပြည့်ပဲ။ ဒါပေမဲ့ ရွာမှာက စစ်တပ်ထိုင်နေတယ် တောင်ပေါ်မှာလည်း စစ်တပ်ရှိတယ်ဆိုတော့ ဘယ်လိုမှ ပြန်လို့မရဘူး။အဲဒါကြောင့် ကျွန်တော်တို့က ပြန်လို့လည်းမရဘူး။ ခြံသွားလုပ်စားဖို့တောင် မဖြစ်နိုင်ဘူး။ ဘယ်ချိန်မှ ပြန်ရမလဲမသိတော့ဘူး။”

အသက်ကြီးတဲ့သူအများစုကတော့ နေရပ်မပြန်နိုင်တော့ဘဲ စစ်ဘေးဒုက္ခသည် စခန်းတွေမှာပဲ ဆုံးပါးသွားကြတယ်လို့ ဦးတူးဂျာက ပြောပါတယ်။