အော်ရာလီ (သို့) လေကြောင်းတိုက်ခိုက်မှုကြောင့် ကြွေလွင့်ခဲ့တဲ့ ကြယ်တစ်ပွင့်
ဆုံဆည်းခွင့်မရတဲ့ ချစ်သူနှစ်ဦးအကြောင်း သီကျူးဖွဲ့ဆိုတားတဲ့ ၂၀၀၄ ခုနှစ်က အော်ရာလီရဲ့ ဒီသီချင်းဟာ အခု အနှစ် ၂၀ နီးပါးကြာတဲ့အထိ ကချင်လူထုကြား ရေပန်းစားနေဆဲပါပဲ။
“မင်္ဂလာလက်ဖွဲ့” လို့ အမည်ပေးထားတဲ့ ဒီသီချင်းနဲ့အတူ တက်သစ်စအဆိုတော် အော်ရာလီရဲ့ အမည်ဟာ ကချင်ပြည်နယ် တစ်ခုလုံးသာမက အမေရိကနဲ့ ဥရောပအပါအဝင် နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားတွေရဲ့ အသည်းနှလုံးကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။
ဒီသီချင်းဟာ အဲဒီအချိန်က အသက် ၂၇ နှစ်အရွယ် အော်ရာလီရဲ့ ပထမဆုံး သီချင်းခွေထဲက အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
"သူ့သီချင်းအဟောင်းတွေ ပြန်ကြားရင်လည်း သူမရှိတော့ဘူးဆိုတဲ့ အသိစိတ်နဲ့ အရမ်းကြေကွဲတယ်“
သူဟာ ကချင်လူထုနဲ့ ကချင်ဂီတလောကမှာ Rock တေးဂီတအမျိုးစားနဲ့ ပထမဆုံး ထိုးဖောက်အောင်မြင်ခဲ့သူပါ။ ထူးခြားပြောင်မြောက်တဲ့ အသံပိုင်ရှင်၊ အဆိုပညာ ကျွမ်းကျင်လွန်းသူအဖြစ် ကချင်လူထုက နှစ်ပေါင်းများစွာ သူ့ကို ချစ်မြတ်နိုး တန်ဖိုးထားခဲ့ကြပါတယ်။
ဒီလိုတန်ဖိုးထားခံရတဲ့ ကချင်အနုပညာရှင် အော်ရာလီဟာ အောက်တိုဘာ ၂၃ ရက် ညမှာတော့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ကြမ္မာဆိုးနဲ့ ရုတ်တရက် ကြုံခဲ့ရပါတယ်။
အောက်တိုဘာ ၂၃ ရက်ညက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာမှာ ပြုလုပ်နေတဲ့ KIO တည်ထောင်ခြင်း (၆၂) နှစ်ပြည့် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်တဲ့အခါ ပြင်းထန်တဲ့ ဗုံးတစ်လုံးဟာ အော်ရာလီဖျော်ဖြေနေတဲ့ တေးဂီတစင်မြင့်ပေါ် တည့်တည့်ကျပြီး ပြည်သူချစ်တဲ့ အနုပညာရှင် အော်ရာလီလည်း နေရာမှာတင် အသက်ဆုံးခဲ့ပါတယ်။
ကချင်အနုပညာရှင်တချို့ အပါအဝင် လူ ၆၀ ကျော် သေဆုံးခဲ့ပါတယ်။ နောက်ထပ် အများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။
အော်ရာလီ သေဆုံးမှုဟာ မိသားစုအတွက်သာမက ကချင်လူထုနဲ့ ကချင်အနုပညာ လောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ဇနီးဖြစ်သူ မပန်ဆန်အောင်က ဝမ်းနည်းစကားဆိုပါတယ်။
“အဆိုတော် အော်ရာလီ ဒီလိုမျိုး ဖြစ်ရခြင်းအပေါ်မှာ အဆိုတော် အော်ရာလီဆိုတာ အခု ကျမအဓိက ပြောချင်တာက သာမန် ပြည်သူတစ်ယောက်ပါပဲ။ သူက အနုပညာရှင် တစ်ယောက် ဟုတ်တယ် သာမန်ပြည်သူတစ်ယောက် ဒါပေမဲ့ သူဒီလို ဆုံးရှုံးမှုအပေါ်မှာ အစားထိုးလို့ မရဘူး သူ့နေရာမှာပေါ့။ ကျမတို့ အိမ်ထောင်မှာပဲဖြစ်ဖြစ် အစားထိုးလို့ မရသလို အနုပညာလောကမှာလည်း အော်ရာလီဆိုပြီး ပြန်ပြီးတော့ ပြုစုပျိုးထောင် ရမယ်ဆိုရင် အဆင်မပြေဘူးပေါ့။ မရဘူးလို့ ကျမမြင်ပါတယ်။ အရမ်းဆုံးရှုံးမှု ဖြစ်ပါတယ်“
ခင်ပွန်းဖြစ်သူ အော်ရာလီနဲ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းအထိ အဆက်သွယ်ရှိခဲ့ပြီး၊ ညပိုင်းကျမှ အခုလို အဖြစ်ဆိုးမျိုးနဲ့ ရုတ်တရက် ကြုံရလိမ့်မယ်လို့ ဘယ်လိုမှ မျှော်လင့်မထားဘူးလို့ မပန်ဆန်အောင်က ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားတဲ့ အော်ရာလီဟာ မိသားစုအတွက် လိုလေသေးမရှိအောင် ကြိုးစားပေးခဲ့တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လို့ စိတ်ထိခိုက် ကြေကွဲရတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည်းတဲ့အနေနဲ့ သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် ဆက်လက်ပြုစုပျိုးထောင်သွားမယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ အော်ရာလီ ရုတ်တရက် ကွယ်လွန်ချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေး လေးဦး ကျန်ရစ်ပါတယ်။
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နောင်းစစ်ကျေးရွာမှာ မွေးဖွားကြီးပြင်းလာတဲ့ အော်ရာလီ ဟာ မွေးချင်း သုံးဦးအနက် အကြီးဆုံးသားဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်မှာ ကချင်အဆိုတော်တစ်ဦးအဖြစ် လူသိများထင်ရှားလာပြီး အချစ်သီချင်း၊ ကချင်ပြည်နယ်ရဲ့ ထူးခြားတဲ့ သဘာဝအလှ၊ ကချင်လူမျိုးတွေရဲ့ ရိုးရာဓလေ့၊ ယုံကြည်ရာ ဘာသာတရား စတဲ့ အကြောင်းအရာမျိုးစုံ ပါဝင်တဲ့ တေးသီချင်း အယ်လ်ဘမ် (Album) ၄ ခုကို ကချင်ဘာသာနဲ့ သီဆိုထုတ်လွှင့်ခဲ့ပါတယ်။
အော်ရာလီဟာ Rock ဂီတကို ကချင်လူထုနဲ့ ပထမဆုံး စတင်မိတ်ဆက်ပေးခဲ့တဲ့ လမ်းပြကြယ်ဖြစ်တယ်လို့ ကချင်အဆိုတော် အဘားဒီးက ပြောပါတယ်။
“သူ့ ကချင်ဂီတလောကထဲ မရောက်ခင် အရှေ့မှာ Rock ဂီတက မရှိတာမဟုတ်ဘူး ရှိတယ်၊ ဒါပေမဲ့ အရမ်းကြီး Rock ဂီတ ဘယ်လိုပြောမလဲ ဒါက Rock ဂီတဖြစ်တယ်ဆိုပြီး ပြရလောက်အောင် အဲလောက်ထိ မထွန်းကားခဲ့ဘူး။ ဒါပေမဲ့ သူ ဂီတလောကထဲကို ရောက်လာတဲ့အချိန်မှာ တကယ့် ရော့ခ်ကာတစ်ယောက်အနေနဲ့ Rock ဂီတဆိုတာ ဒါမျိုးပဲဆိုတဲ့ အသိက ကျနော်တို့ ကချင်ပရိတ်သတ်တွေမှာရော၊ လက်တွေ့လုပ်နေတဲ့ ဂီတသမားတွေမှာရော အဲဒီရလဒ်တစ်ခု သူပြပေးခဲ့တယ်“
သူဟာ ကချင်အနုပညာရှင်တွေ သူတို့တတ်ကျွမ်းတဲ့ အနုပညာနဲ့ အသက်မွေးရပ်တည်လို့ရအောင် ကူညီလမ်းပြပေးခဲ့သလို၊ ကာလကြာရှည် ပြည်တွင်းစစ်ရဲ့ ဓားစာခံဖြစ်နေတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေနဲ့ အခြားနေ့တစ်ဓူဝ လူမှုရေးလုပ်ငန်းတွေမှာ တတ်နိုင်သမျှ ကူညီအားဖြည့်ခဲ့သူလည်း ဖြစ်ပါတယ်။
နှစ်ရှည်လများ အားပေးလာတဲ့ အဆိုတော် အော်ရာလီ ရုတ်တရက် ကွယ်လွန်သွားတဲ့ အပေါ် နှမြောတသ စိတ်ထိခိုက်ရတယ်လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မဂျာမိုင်လု က ပြောပါတယ်။
“သတင်းကြားကြားခြင်း စိတ်ထဲမကောင်းဘူး။ ဘာလို့ အရပ်သားတွေရှိတဲ့နေရာမှာ အခုလို လာလုပ်တာလဲ ဆိုတာလည်း နားမလည်းဘူး။ ဒီလို အဆိုတော်ကောင်း တစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အခု သူ့ရဲ့ သီချင်းအသစ်တွေကို နားထောင်လို့မရတော့ဘူး အရမ်းနှမြောမိတယ်။ သူ့သီချင်းအဟောင်းတွေ ပြန်ကြားရင်လည်း သူမရှိတော့ဘူးဆိုတဲ့ အသိစိတ်နဲ့ အရမ်းကြေကွဲတယ်“
အော်ရာလီဟာ နာမည်ရော ဂီတမှာပါ တမူထူးခြားသူဖြစ်သလို အမူအကျင့်ပိုင်းမှာလည်း အတုယူစရာကောင်းတဲ့ ထူးခြားသူဖြစ်တယ်လို့ နိုင်ငံကျော်အဆိုတော် မရန်ဆိုင်းနော် က ပြောပါတယ်။
“အော်ရာလီဆိုတာ နာမည်ထူးခြားသလို အနုပညာကလည်း ထူးခြားပြောင်မြောက် တယ်။ ကျနော်တို့ ကချင်အနုပညာ တေးသံရှင်တွေထဲမှာ အင်မတန်မှ ရှားပါးတဲ့ unique ဖြစ်တဲ့ အသံပိုင်ရှင်ဖြစ်တယ်။ အဲမှာမှ ထူးခြားစွာ ကချင်တေးသံရှင်တိုင်း ရွေးချယ်မှု ရှားပါးတဲ့ ရော့ခ်ကာတစ်ယောက်အနေနဲ့ ထွန်းတောက်ခဲ့တဲ့ ကြယ်တစ်ပွင့် ဖြစ်တယ်။ အော်ရာလီလောက် အောင်မြင်ခဲ့တဲ့ ရော့ခ်ကာက ရှားပါတယ်။ ကြည့်လိုက် လို့ရတဲ့ သူ့ရဲ့ ရှိုးပွဲတိုင်းမှာ လက်မှတ်တွေအကုန် sold out ဖြစ်သွားတယ်။ အော်ရာလီ လာမယ်ဆိုရင် ရုံပြည့်ရုံလျှံ အားပေးတယ်။ အဲသူ (အယ်လ်ဘမ်) ထွက်ခဲ့တဲ့အချိန်က မသိတဲ့သူ မရှိသလောက်ပေါ့နော်“
အော်ရာလီဟာ ပေါင်းသင်းဆက်ဆံရေးမှာ အလွန် နူးညံ့သိမ်မွေ့သူဖြစ်တယ်လို့ မရန်ဆိုင်းနော် က ပြောပါတယ်။ ရှားပါးပြီး အဖိုးတန်တဲ့ အော်ရာလီလို အဆိုတော်မျိုး ကချင်လူထုအတွက် နောက်တစ်ယောက် ပြန်မရနိုင်တော့ဘူးလို့ သူက ဆိုပါတယ်။
KIA က ပြုစုထားတဲ့ စာရင်းတွေအရ အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူ ၆၃ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးတဲ့သူတွေထဲမှာ KIA တပ်မဟာ (၉) တပ်မဟာမှူးတစ်ဦးနဲ့ အမှုထမ်း ၄၆ ဦး ပါဝင်ပါတယ်။ ကျန် ၁၇ ဦးက အော်ရာလီတို့လို အနုပညာရှင်တွေနဲ့ သာမန်အရပ်သားတွေ ဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို အောက်တိုဘာ (၂၆) ရက်နေ့က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ KIAနဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် တန်ပြန်လုပ်ဆောင်တာဖြစ်ပြီး၊ သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘဲ KIA နဲ့ PDF တွေသာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ပါတယ်။
စစ်ကောင်စီတာဝန်ရှိသူတွေရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် အော်ရာလီ အပါဝင် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူ အရပ်သားအားလုံး ခရစ်ယာန် ထုံးတမ်းအစဉ်အလာနဲ့အညီ မြေမြှုပ်သင်္ဂြိုဟ်ခွင့် မရခဲ့ပါဘူး။ အော်ရာလီအတွက် သတိရလွမ်းဆွတ်ခြင်း အထိမ်းအမှတ် ဆုတောင်းပွဲကို နိုဝင်ဘာ (၁) ရက်နေ့က သေဆုံးသူရဲ့ ရုပ်အလောင်းမပါဘဲ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ပြလုပ်ခဲ့ပါတယ်။
သူ သီဆိုခဲ့တဲ့ “ခွဲခွာရတော့မယ်” ဆိုတဲ့ သီချင်းထဲကအတိုင်း အော်ရာလီ ဟာ မိသားစုနဲ့ ကချင်လူထုကို နှုတ်ဆက်ခွဲခွာသွားပေမယ့် သူသီဆိုခဲ့တဲ့ တေးသီချင်းတွေကတော့ ကချင်လူထုရဲ့ရင်ထဲ နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်ရှင်သန်နေဦးမှာပါ။