ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အမှတ် (၂) တံတားအနီးက ဒေသခံတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေချိန် သောင်ရင်းမြစ်ကမ်းဘေးမှာ တိမ်းရှောင်နေခဲ့ပေမဲ့ စစ်ကောင်စီကလေကြောင်းနဲ့ ဗုံးကြဲနေတာကြောင့် ထွက်ပြေးလာခဲ့ရတယ်လို့ မြ၀တီမြို့ အမှတ် (၅) ရပ်ကွက်မှာနေထိုင်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“တစ်နေကုန်ပဲ ညကတည်းက တစ်လုံးပြီးတစ်လုံး ပစ်တယ်။ မိုးလင်း လေးနာရီကနေစတာ အခုထက်ထိပဲ။ လေယာဉ်ကတော့ ကိုးနာရီလောက်မှ လာပြီး အခုအချိန်ထိပဲ လာကြဲတာ။ထိတဲ့သူတွေကတော့ ဟိုဘက်ခြမ်းကို သယ်သွားတယ်လို့ပြောတယ်။ ပထမတော့ ကျည်တွေက ကမ်းနားမရောက်ဘူး။ ကမ်းနားမှာ နေလို့ရတယ်။ အခုနားက ခေါင်းရင်းတည့်တည့်မှာ လာကျတော့ မီးတွေထလောင်ပြီး နေလို့မရတော့ဘူး။ အဲဒါကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကူးလာတာ။ ထိုင်းစစ်တပ်က ဒီဘက်ခြမ်းကို ဝင်လာခဲ့။ ဒီဘက်ခြမ်းမှာ ထိုင်းစစ်သားတွေ ကူညီတဲ့နေရာရှိတယ်လို့ပြောတယ်။“
အမှတ် (၂) တံတားအနီးက စိုက်ပျိုးရေးဇုန်ရပ်ကွက် ရေပူကျေးရွာက ဒေသခံနှစ်ရာကျော်ဟာ ဧပြီ ၂ဝ ရက် ညနေလေးနာရီခန့်မှာ မြ၀တီဘက်အခြမ်းကနေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာခဲ့ကြတာပါ။
စစ်ကောင်စီက ဧပြီ ၂ဝ ရက် မနက်ကတည်းက လေယာဉ်တွေနဲ့ တောက်လျှောက်ပစ်ခတ်နေတယ်လို့ အမှတ် (၂) တံတားအနီးမှာ နေထိုင်တဲ့ ဒေသခံက RFA ကိုပြောပါတယ်။
“အခြေအနေကတော့ မနက်မိုးလင်းကတည်းက ထုတာ တစ်နေကုန်ပဲ။ ကြားနေရတဲ့ အသံကတော့လေယာဉ်ကတော့ တောက်လျှောက်ပဲ။ ကျန်တာကတော့ အတွဲလိုက်ရော၊ တစ်ချက်ချင်းရောပဲ။ ဒရုန်းနဲ့ဗုံးချတဲ့အသံတွေ။ ကျွန်တော်က ချောင်းထဲရောက်နေတော့ တက်ကြည့်လို့မရဘူး။ အစတွေကချောင်းထဲထိ စင်တယ်။ အပေါ်ပြန်တက်ကြည့်လို့မရဘူး။ အိမ်က တံတားဘေးတင်ပဲ။ အခုကရှောင်နေတဲ့ တံတားအောက်နားကို ကပ်ကျတာဆိုတော့ ဘယ်လိုမှ နေလို့မရလို့ ကူးလာလိုက်တာ။“
ခလရ (၂၇၅) တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅၀ နီးပါးခိုလှုံနေတဲ့ အမှတ် (၂) တံတားအနီးကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ဧပြီလ ၁၉ ရက် ညပိုင်းက ဒရုန်းဗုံးတွေနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ဧပြီလ ၂၀ ရက် မနက်ပိုင်းကတည်းက လေယာဉ်နဲ့ လှည့်လည်ပစ်ခတ်နေလို့ ထောင်နဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေဟာ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံဖို့ စောင့်ဆိုင်းနေရတာတွေလည်း ရှိနေပါတယ်။ မြ၀တီ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံကတော့ စစ်ကာင်စီက လေယာဉ်နဲ့ တောက်လျှောက်ပစ်ခတ်နေပြီး အခြေအနေတွေဆိုးလာတာကြောင့် ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။
“မနက်ကတည်းကပစ်နေတာ အလုံးကြီးတွေနဲ့ ။ ကမ်းနားဘက်ကို ကျလို့ အခုကူးလာတာ။ မိသားစုတွေအကုန်ပါတယ်။ အဲဒီမှာ နေခဲ့တုန်းက ကမ်း နဘေးမှာ ကပ်နေရတယ်။ တာလဘတ်တွေနဲ့ ထိုးပြီး ။ကပ်နေရင်းနဲ့ အခြေအနေဆိုးလာလို့ ဒီဘက်ကမ်းကူးလာတာ။“
ဒီလို ထိုင်းဘက်ခြမ်းကို ကူးလာတဲ့သူတွေကိုတော့ ထိုင်းစစ်သားတွေက ကူညီဆောင်ရွက်ပေးနေပြီး မြန်မာပြည်သူအချို့ကလည်း လာရောက်ကူညီပေးနေပါတယ်။
ထိုင်းမြန်မာ နယ်စပ်အနီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထိုင်းဘက်ခြမ်း နယ်စပ်တစ်လျှောက်မှာလည်း လုံခြုံရေးအင်အား တိုးချထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mr. Nikorndej Balankura ကတော့ ထိုင်းအစိုးရအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာချိုးဖောက်မှုမှန်သမျှကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဒေသတွင်းပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့အတွက် ထိုင်းလုံခြုံရေးအဖွဲ့အစည်းတွေနဲ့အတူ နယ်စပ်တလျှောက်က အခြေအနေတွေကို အလေးထားစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးကူညီနေပြီး လိုအပ်လာရင် အကူအညီတွေ ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်းနဲ့ ထိုင်း-မြန်မာနယ်စပ်အခြေအနေ ပုံမှန်ပြန်ဖြစ်လာဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။