စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး စစ်ရေးနည်းလမ်းတစ်ခုပဲရှိတော့ကြောင်း KNU ဥက္ကဋ္ဌ ပြော
2024.01.11
စစ်အာဏာရှင် ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ရေးနည်းလမ်းတစ်ခုတည်းသာ ကျန်တော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။
KNU အနေနဲ့ စစ်အာဏာရှင်ကျဆုံးရေးတင်မကဘဲ အာဏာရှင်စနစ်အားလုံးနဲ့ လူမျိုးကြီးဝါဒအားလုံး အမြစ်ပြတ်ကျဆုံးရေး ဦးတည်ရည်ရွယ်ထားတာကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လည်း အခြားလမ်းစဉ်ကို ရွေးချယ်ထားတာ မရှိဘူးလို့ KNU ဗဟိုကထုတ်ပြန်တဲ့ ကရင်နှစ်သစ်ကူးနေ့ နှုတ်ဆက်စကားမှာ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ကရင်တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံရေးအယူအဆ တူတဲ့သူရော မတူတဲ့သူတွေအားလုံးဟာ စည်းလုံးညီညွတ်မှု ရှိနေဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
"ကရင်တိုင်းရင်းသားတွေမှာ ပင်မမျိုးနွယ် လေးမျိုးကိုပဲ အသိအမှတ်ပြုကြရင် ကျွန်တော်တို့တွေ ပိုပြီး စည်းလုံးညီညွတ်ကြမှာဖြစ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအယူအဆ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်တော်တို့ ကရင်အမျိုးသားတွေ အားလုံးဟာ ဒီကနေ့ စည်းလုံးညီညွတ်ကြဖို့လိုတယ်။ မျိုးနွယ်တွေ ကွဲနေပါစေ။ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတွေ ကွဲနေပါစေ၊ နေရာဒေသ နေထိုင်မှုဒေသအရ ကွဲနေပါစေ၊ အားလုံးဟာ ကရင်ဆိုတဲ့ အမည်နာမအောက်မှာ ကျွန်တော်တို့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေထိုင်သွားကြဖို့က အရေးကြီးပါတယ်၊"
ကရင်လူမျိုးတွေဟာ ကိုးကွယ်ရာ ဘာသာ၊ စာပေ၊ စကားနဲ့ လူမျိုးစုတွေ မတူညီကြပေမဲ့ ကရင်နှစ်သစ်ကူးချိန်မှာတော့ အားလုံးစုစည်း လုပ်ဆောင်ကြတဲ့ ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာဟာ ဂုဏ်ယူစရာဖြစ်တယ်လို့လည်း အမှာစကားပြောရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒါ့အပြင် ကရင်လူငယ်တွေအနေနဲ့ ကရင်လူမျိုးသမိုင်းကို လေ့လာကြဖို့နဲ့ မိဘတွေအနေနဲ့ ကရင်ရိုးရာယဉ်ကျေးမှုတွေကို သွန်သင်ပြောပြကြဖို့ကိုလည်း ဖဒိုစောသမိန်ထွန်းက ပြောပါတယ်။
"ခေတ်စနစ်ဆိုးအောက်မှာ တော်တော်လေးကို နှစ်ပေါင်းများစွာနေရတော့ ကျွန်တော်တို့မှာ နှောင့်ယှက်ခြင်းတွေများတယ်၊ ဟိုလူကတစ်မျိုးပြောလိုက်၊ ဒီလူကတစ်မျိုးပြောလိုက်နဲ့ သွေးကွဲမှုတွေ တော်တော်ဖြစ်စေတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကရင်အမျိုးသားတွေဟာ ကိုယ့်ရဲ့သမိုင်းကို ကိုယ်ကောင်းကောင်းနားလည်အောင် လေ့လာကြပါ၊ ယုံစားကြပါ၊ ကိုယ့်ရဲ့မိဘတွေကလဲ သားသမီးတွေကို ပြန်လည်ပြီးတော့ ကရင်နွယ်တွေရဲ့ ဆင်းသက်ပုံ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ပြန်လည်သွန်သင်ကြပါ၊ မျက်မှောက်မှာ ကျွန်တော်တို့ကြားရတာ အမျိုးမျိုးတွေ ဖြစ်ပြီးမှ သွေးကွဲမှုတွေဖြစ်တယ်"
ကွယ်ကဘောင် ကရင်နှစ်သစ်ကူး အခမ်းအနားကိုတော့ မဲဆောက်ဒေသအတွင်း နေထိုင်ကြတဲ့ ကရင်လူမျိုးတွေ စုပေါင်း အလှူငွေထည့်ဝင်ကြပြီး ကွယ်ကဘောင် ကရင်အမျိုးသားကျောင်းရဲ့ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီက ဦးဆောင်စုစည်းကျင်းပတာလို့ သိရပါတယ်။
လက်ရှိ မြန်မာပြည်တွင်းမှာ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံဘက် စစ်ရှောင်လာကြသူတွေနဲ့ အရင်ကတည်းက နေရပ်ရင်း မပြန်နိုင်ကြသေးတဲ့ ကရင်တိုင်းရင်းသားတွေ စုစည်းပြီးတော့ ရိုးရာဓလေ့အရ အကျဉ်းချုံးပြီးတော့ပဲဖြစ်ဖြစ် နေရာစုံမှာ ဖော်ထုတ်ကျင်းပကြရမှာ ဖြစ်တယ်လို့ နှစ်သစ်ကူးကျင်းပရေး ကော်မတီ နာယက မန်းရွှေနှင်းက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ ဒီမဲဆောက်ဒေသမှာ ကျွန်တော်တို့နှစ်သစ်ကူးနဲ့ ပတ်သက်ပြီးတော့ပြုလုပ်လာကြတာ အနှစ်နှစ်အလလရှိပါတယ်။ ဒီတစ်ကြိမ်လဲပဲ ကျွန်တော်တို့ ကွယ်ကဘောင် ကရင်အမျိုးသားကျောင်းရဲ့ အမျိုးသား အင်္ဂါရပ်လည်းဖြစ် တစ်ဖက်ကလဲပဲ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ပြည်ပမှာရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ တိုင်းရင်းသားတွေအားလုံးလဲ စုရောက်နေတဲ့အချိန် ပြီးတော့ကျွန်တော်တို့ ဒီကရင်တစ်မျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်၊ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီနေ့ကိုပေါ့နော် ကျွန်တော်တို့ ရောက်ရာဒေသမှာ ကိုယ့်ရဲ့အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်တဲ့အလျှောက်ပေါ့နော် ကျွန်တော်တို့ ဂုဏ်ပြုကျင်းပကြတာဖြစ်ပါတယ်၊"
ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ကရင်နှစ်သစ်ကူးပွဲတွေ လုပ်ခွင့်မရတဲ့ အချိန်မှာ မဲဆောက်လာနေရင်း ကရင်နှစ်သစ်ကူးပွဲတက်ရောက်လာတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"နှစ်သစ်ကူးပျော်တာပေါ့၊ နှစ်သစ်ကူးတစ်နှစ်မှ တစ်ခါပဲဟာ၊ ဒီ မယ်ပမှာပေါ့၊ ဗမာပြည်မှာလဲလေ အဆင်မပြေလို့ပေါ့၊ နေလဲ အဆင်မပြေ၊ ဒီမှာ ပျော်တာပေါ့၊ ဒီဗမာပြည်မှာ နေလို့ သိပ်မဆင်မပြေတော့ဘူးပေါ့။"
ဒီနှစ်ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ကို လာရောက်ဆင်နွှဲကြတဲ့ ကရင်လူငယ်တွေအနေနဲ့ ကိုယ့်တိုင်းပြည်ပြန်ပြီး ငြိမ်းချမ်းဖို့နဲ့ စစ်အာဏာရှင် ဖြုတ်ချနိုင်ဖို့ ဝိုင်းဝန်းကူညီပါဝင်ကြဖို့ ကွယ်ကဘောင်ကျောင်းရဲ့ ကျောင်းဆရာ မန်းကျော်ခလိမ်းဆူး က ပြောပါတယ်။
"ဒီအာဏာရှင်စနစ်ကို ဆက်ကျင့်သုံးရမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တိုင်းပြည်အတွက်က ဘယ်လိုမှ အောင်မြင်လာမှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ဒီရဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချမှပဲ ဒီလွတ်လပ်မှုတွေကို ပြန်လည်ပြီးတော့ အောင်မြင်တဲ့လူမျိုး ပြန်ဖြစ်မယ်။ ကရင်နှစ်သစ်ကူးနေ့မှာ လာရောက်ပူးပေါင်းပေးတဲ့ မျိုးဆက်သစ်လူငယ်တွေ တိုင်းရင်းသားပြည်သူအပေါင်းတို့ကို ကျေးဇူးတင်တယ်၊ နောက်ပြီးတော့ ကျွန်တော်တို့အတွက်ပေါ့၊ အနာဂတ် မြန်မာပြည်ငြိမ်းချမ်းရေးအတွက်လည်း တိုင်းတစ်ပါးရောက်လာတဲ့ ညီအကို မောင်နှမတွေအားလုံး ဝိုင်းပြီးတော့ ပံ့ပိုးပေးကြပါ၊ ဆုတောင်းပေးကြပါလို့ ပြောချင်ပါတယ်။"
ကွယ်ကဘောင် နှစ်သစ်ကူးကို သက်ကြီး ဒုံးအကအဖွဲ့နဲ့ နှစ်တိုင်းလာရောက် ဖျော်ဖြေတဲ့ အဖီးပမူး ကလည်း အခုလို ပြောပါတယ်။
"နှစ်တိုင်းလာတယ်။ နှစ် သုံးဆယ်၊ လေးဆယ်လောက်ရှိပြီ၊ ဝမ်းသာတယ်၊ တစ်နှစ်တစ်ခါ၊ တစ်နှစ်တစ်ခါလာလို့ဆိုရင် ဝမ်းသာတယ်၊ ဗမာပြည်မှာ ရှုပ်သေးတယ်လေ၊ အခုက ဒီမှာနေလို့ဆိုရင် ဝမ်းသာတာပေါ့။"
ဒီနှစ် ကျင်းပတဲ့ ကရင်နှစ်သစ်ကူး အခမ်းအနားတွေကို မဲဆောက်ဒေသအတွင်းက ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ မယ်ပ၊ မယ်သောင်၊ မယ်ကု ကျေးနယ် ရပ်ကွက်တွေက ရွှေ့ပြောင်းမြန်မာစာသင်းကျောင်းတွေနဲ့ ကရင်ဘုန်းတော်ကြီးကျောင်းတွေမှာ ဒုံးအကပြိုင်ပွဲ၊ အားကစားပွဲ၊ ရိုးရာ လက်ဝှေ့ပွဲတွေ ကျင်းပနေကြောင်း သိရပါတယ်။