ရန်ကုန်မှာ ကျင်းပတဲ့ ကရင်ရိုးရာ လက်ချည်ပွဲ

ကရင်လူမျိုးတွေဟာ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်တဲ့ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)ကို ဝါခေါင်လမှာ ကျင်းပလေ့ရှိပါတယ်။ ဒီကနေ့ ဝါခေါင်လပြည့်နေ့မှာလည်း ရန်ကုန်မှာရှိတဲ့ ကရင်လူမျိုးတွေစုပေါင်းပြီး လက်ချည်ပွဲကျင်းပခဲ့ပါတယ်။

အရင်နှစ်တွေက ဒီပွဲကို စည်စည်ကားကား ကျင်းပခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့်ရယ်၊ စစ်အာဏာသိမ်းထားတာကြောင့် ပြီးခဲ့တဲ့ ၂ နှစ်က မကျင်းပနိုင်ခဲ့ဘဲ ဒီနှစ်မှာတော့ အကျဉ်းချုံးကျင်းပတာပါ။

ကရင်လူမျိုးတွေဟာ ရှေးအချိန်ကတည်းက ရေကြည်ရာ မြက်နုရာရှာဖွေရင်း တစ်ယောက်နဲ့ တစ်ယောက်မှတ်မိနေအောင်၊ လူစုကွဲမသွားအောင် လက်ကောက်ဝတ်မှာ ချည်ဖြူတွေချည်ပြီး အမှတ်အသားထားခဲ့ကြတာလို့ ကရင်သုတေသီတွေက ဆိုပါတယ်။

ဒါ့အပြင် အခုလိုရေကြီး၊ ရေလျှံတဲ့ ဝါခေါင်လမှာလည်း ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို မခံရအောင်နဲ့ အတိုက်အခိုက်ကင်းအောင် လက်ချည်ဖြူဖွဲ့လေ့ရှိပါတယ်။

ရှေးထုံးတမ်းစဉ်လာအရ အသက်အရွယ်ကြီးပိုင်းတွေကနေ လူငယ်၊ ကလေးတွေကို ချည်ဖွဲ့ပေးရတာလည်းဖြစ်ပါတယ်။

ယုံကြည်မှုနဲ့ ကျင်းပလာတဲ့ လက်ချည်ပွဲတွေကို အခုနောက်ပိုင်းမှာလည်း လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းလာခဲ့တာပါ။

ပြည်တွင်းမှာတင်မက ပြည်ပရောက် ကရင်လူမျိုးတွေလည်း လက်ချည်ပွဲကျင်းပလေ့ရှိသလို၊ ကရင်တွေသာမက တခြား တိုင်းရင်းသားတွေလည်း ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။