ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေရှားပါးမှု စတင်ကြုံတွေ့

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2025.03.10
ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေရှားပါးမှု စတင်ကြုံတွေ့ ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတစ်နေရာအား ၂ဝ၂၅ ခုနှစ် အစောပိုင်းက တွေ့ရစဉ်။
Photo: RFA

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းအများစုမှာ ရေရှားပါးနေပြီး သောက်သုံးရေ ခက်ခဲနေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သောက်သုံးရေကန်တွေမှာ ရေခန်းခြောက်လာပြီး ရေခက်ခဲလာတာကြောင့် လူမှုကူညီရေးအဖွဲ့တွေက ကူညီပေးနေရတယ်လို့ ဒုက္ခသည်အရေးကူညီပေးနေတဲ့ ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုခူးရယ်က ပြောပါတယ်။

“ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ရေရှားပါးတဲ့ပြသနာနဲ့ကြုံနေရတယ်။ ရှောင်တဲ့နေရာခပ်များများကလည်း ရေအရင်းအမြစ်မရှိတဲ့နေရာတွေဖြစ်တယ်။ ရေသွားခပ်ဖို့ဆိုရင် ကားတွေ ထော်လာဂျီတွေနဲ့သယ်ရတယ်။ ရှိတဲ့ရေအရင်းအမြစ်တအားနည်းတော့ မလုံမလောက်ဖြစ်တယ်။ အလှည့်ကျနဲ့ ရေခပ်တဲ့အပိုင်းလည်းရှိတယ်။ အခက်အခဲကတော့ တော်တော်ကြုံတယ်”

စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီရာမှာလည်း လမ်းခရီးလုံခြုံစိတ်မချရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မိုးရာသီက သိုလှောင်ထားခဲ့တဲ့ သောက်သုံးရေတွေနည်းပါးလာပြီး တချို့စခန်းတွေမှာ သောက်သုံးရေပြတ်တောက်တဲ့အထိ ဖြစ်နေတာပါ။

စစ်ဘေးဒုက္ခသည်အများစုရှိရာ နေရာတွေမှာ ရေအရင်းအမြစ်ရှားပါးပြီး သောက်သုံးရေခက်ခဲနေတာကြောင့် ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အကန့်အသတ်နဲ့သာ ရေကို ခပ်ယူသုံးစွဲနေရတယ်လို့ ဖရူဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ရေနည်းနည်းရှိသေးတယ်၊ ဒီလပိုင်းဆိုရင် အကုန်ခန်းသွားမှာ။ အဲဒီအချိန်ကျရင် ခွက်လေးနဲ့ပဲ ခပ်ရတော့မှာ ညအချိန်လည်း သွားခပ်ရမယ်၊ မနက်သွားခပ်ရင် သူများကိုလည်း မမှီတော့ဘူးပေါ့”

နွေရာသီအချိန်မှာ ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေကျဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စခန်းအများစု ရွှေ့ပြောင်းနေထိုင်ရာအများစုမှာ သောက်သုံးရေကန်တူးဖော်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ဘေးဒုက္ခသည်စခန်းတွေကို မကြာခဏပြောင်းရွှေ့နေထိုင်ရတာကြောင့် ခက်ခဲနေကြတာပါ။

လူမှုကူညီရေးအဖွဲ့တွေက ရေသယ်ယူရေးကူညီပေးနေသလို စစ်ဘေးဒုက္ခသည်တွေကလည်း ရေရှိရာနေရာတွေမှာ ဆိုင်ကယ်၊ ထော်လာဂျီတွေနဲ့ တစ်ပိုင်တစ်နိုင် သွားရောက်သယ်ယူပြီး အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေသိုလှောင်ကန်တွေဆောက်ဖို့ ကူညီပေးတာတွေရှိပေမဲ့ အခက်အခဲတွေ ရှိနေဆဲလို့ ဆိုပါတယ်။

ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာကလ ထုတ်ပြန်ထားတဲ့စာရင်းအရ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည်စခန်း ၂၁ ခုရှိပြီး အဲဒီမှာခိုလှုံနေတဲ့ အိမ်ထောင်စု ၁၅၀၀ ကျော်က လူဦးရေစုစုပေါင်း ၅၃၀၀ ကျော်ရှိပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၄၂ ခုရှိပြီး အိမ်ထောင်စု ခုနစ်ထောင်ကျော် (၇၁၂၂ အိမ်ထောင်စု)က လူဦးရေ သုံးသောင်းကျော် (၃၀၀၈၄ ဦး) ရှိပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၅၉ ခုနဲ့ အိမ်ထောင်စု လေးထောင်နီးပါး (၃၈၇၁ စု) ရှိပြီး စစ်ဘေးဒုက္ခသည် တစ်သောင်းခုနစ်ထောင်ကျော်ရှိကြောင်း KHAI က ၂၀၂၄ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းအများစုမှာ ရေရှားပါးမှုပြဿနာနောက်ဆက်တွဲကြောင့် အိမ်မွေးတိရစ္ဆာန်သေဆုံးမှုလည်း များလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ပြည်နယ်ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ကရင်နီတော်လှန်ရေးအင်အားစုများ

ကရင်နီဒုက္ခသည်စခန်းတွေမှာ လူ ၂၅၀ ခန့် ဝမ်းရောဂါဖြစ်နေ

စစ်ဘေးဒုက္ခသည် ကိုးသိန်းနီးပါး စားဝတ်နေရေး ခက်ခဲနေ


ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း တိရစ္ဆာန်သေဆုံးမှု ဆယ်ဂဏန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရေရှားပါးမှုကြောင့် တိရစ္ဆာန်သေဆုံးမှု နှစ်စဉ်ကြုံတွေ့နေရတဲ့အခြေအနေက တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာတယ်လို့ ဖရူဆိုမြို့ ဒေသခံတွေက ပြောပါတယ်။

“ရေကြောင့်မို့ ကျွဲ၊ နွားတွေ တစ်နှစ်ထက်တစ်နှစ် ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့ရပြီးတော့ ၄၀ ရာခိုင်နှုန်းလောက်က နင်းမိုင်းတွေ၊ အိမ်သာတွင်းထဲကျတာ၊ လှောင်ကန်ထဲ ကျတာတွေ၊ တချို့ကတော့ စစ်ရှောင်ရလို့ မကျောင်းနိုင်တော့ဘဲ ပျောက်ရှတာတွေ ရှိတယ်”

အခုနွေရာသီအတွင်း သောက်သုံးရေအတွက် သိုလှောင်ထားတဲ့ ရေကန်တွေမှာလည်း ရေခန်းနေပြီဖြစ်သလို ရေအရင်းအမြစ်ရှားပါးတာအပြင် ရေသယ်ယူရာမှာလည်း လမ်းခရီးခက်ခဲမှုနဲ့အတူ ကုန်ကျစရိတ်ကြီးမြင့်တာတွေကြောင့် ပိုမိုခက်ခဲတဲ့စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက သုံးသပ်ကြပါတယ်။

ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်စခန်း ၃၂၈ ရှိပြီး စစ်ဘေးဒုက္ခသည် ကိုးသောင်းခွဲနီးပါး (၉၄၃၉၆ ဦး) ရှိတယ်လို့ KHAI ရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။