ပြေးစရာမြေမရှိတော့တဲ့ ကရင်နီစစ်ဘေးဒုက္ခသည်များ

တင်အောင်ခိုင်
2023.06.01
ပြေးစရာမြေမရှိတော့တဲ့ ကရင်နီစစ်ဘေးဒုက္ခသည်များ ဒေါ်နိုးကူးဒုက္ခသည်စခန်းတွင် နေထိုင်သည့် ကရင်နီစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
RFA

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ကျော်နေထိုင်တဲ့ ဒေါ်နိုးကူးဒုက္ခသည်စခန်းအတွက် ရိက္ခာသယ်တဲ့လမ်းဟာ ထိုင်းနိုင်ငံဘက်ကနေ၀င်တဲ့ တစ်လမ်းပဲရှိပါတယ်။ ဒီလမ်းကို ထိုင်းအာဏာပိုင်တွေက နယ်စပ်စစ်ရေးတင်းမာမှုကို အကြောင်းပြပြီး ပိတ်လိုက်တာကြောင့် ဒုက္ခသည်တွေ ရိက္ခာအခက်အခဲကြုံတွေလာဖို့ ရှိသလို စစ်ကောင်စီရဲ့လေယာဥ်သံတွေလည်း ခပ်စိတ်စိတ်ကြားလာရလို့ အိမ်တိုင်းကို ဗုံးခိုကျင်းတွေ တူးနေရပါတယ်။

ဒေါ်နိုးကူးဒုက္ခသည်စခန်းကို ရောက်ဖို့ ထိုင်းနိုင်ငံကနေ ကားတစ်တန် ကားလမ်းမပေါက်တဲ့ တောလမ်းကို ဆိုင်ကယ်နဲ့တစ်မျိုး၊ တောင်ကြောနဲ့ လျှိုမြောင်တွေဖြတ်ပြီး သွားခဲ့ရပါတယ်။ အဲ့ဒီမှာနေထိုင်သူတွေ ပြောပြတာက....

"အိုးပစ်အိမ်ပစ်နဲ့ ထွက်ပြေးနေရတာ အာဏာသိမ်းပြီးကတည်းကပါပဲ။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေလို့ လို့ဆိုပါတယ်။ သူတို့ တစ်နေရာကနေ ပြောင်းပြောင်းပြီး ပြေးနေကြတာ အခုဆို မြန်မာနယ်မြေဆုံးလို့ ထိုင်းနိုင်ငံနယ်မြေကို ရောက်တော့မှာမို့ ပြေးစရာမြေမရှိတော့ပါဘူး"

ဒါဆိုဘာဆက်လုပ်ကြမှာလဲ...။ ဒီးမော့ဆိုနယ်ကနေ မိသားစုခြောက်ဦးနဲ့ ပြေးလာရသူ စစ်ပြေးဒုက္ခသည် ဒေါ်မိမိခိုင် (အမည်လွှဲ)ပြောတာက ...

“ပထမဆုံး အာဏာသိမ်းပြီးပြီးချင်း စပစ်တော့ အနောက်ပဒေါင်ရွာကို ပြေးတယ်။ အဲ့ဒီမှာ လက်နက်ကြီးလည်း ခဏခဏကျတယ်။ လုံခြုံမှုလည်းမရှိတော့ ဒီဘက်ကို ပြန်ပြေးလာတယ်။ ဒီဘက်မှာလည်း ကြည့်ရတာ လုံခြုံမှုတော့မရှိဘူးပေါ့"

"ဒီဘက်ကျတော့ အရှေ့ဘက်မှာ ထိုင်းနိုင်ငံပဲရှိတော့တယ်"

“ဟုတ်တယ်”

ဘာအစီအစဥ်များ ရှိကြသလဲ။ ။

“ဘယ်လိုပြောရမလဲဆိုရင် .... ဥပမာ သူများနိုင်ငံက ခေါ်ရင်သွားချင်လည်း သွားရမှာပေါ့။ ပညာရေးအရဖြစ်ဖြစ် ကျန်းမာရေးအရဖြစ်ဖြစ် ကျွန်မတို့က ဒုက္ခလည်းအမျိုးမျိုးရောက် အခက်အခဲတွေ အများကြီးရှိပါတယ်”

karenni1.jpg
စစ်ဘေးဒုက္ခသည် လေးထောင်ကျော်နေထိုင်သည့် ဒေါ်နိုးကူးဒုက္ခသည်စခန်းအဝင်။ (Photo: RFA)

ဒီစခန်းကို KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တာ၀န်ယူစောင့်ရှောက်ထားပါတယ်။ ဒီစခန်းအတွင်း လူဦးရေ လေးထောင်ကျော် အိမ်ခြေ ၈ဝဝ ခန့်ရှိတယ်လို့ စခန်းအုပ်ချုပ်ရေးမှူး စောခါးထယ်မြက ပြောပြပါတယ်။

“လူဦးရေကတော့ ၄၈၉၅ အိမ်ခြေက ၈၀၀ကျော်ပေါ့။ ဘာကြောင့် တိတိကျကျ မပြောနိုင်တာလည်းဆိုတော့ မနေ့တစ်နေ့ကမှ ရောက်လာတဲ့သူတွေက အိမ်တွေဆောက်လို့ မပြီးသေးလို့ပါ”

ဒေါ်နိုးကူးရွာမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးလာသူတွေ ရောက်လာခဲ့ကြတာပါ။ အဲ့ဒီနောက်ပိုင်း မတ်လကုန်ပိုင်းကစပြီး လူသစ်တွေ ဆက်တိုက်၀င်လာမစဲဖြစ်တယ်လို့လည်း အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဒေါ်နိုးကူးစခန်းလေးဟာ နှစ်မိုင်ပတ်လည်လောက် ရှိတဲ့ တောင်ကုန်းနဲ့ လျှိုမြောင်တွေကြားမှာ အိမ်လေးတွေ ဆောက်လုပ်နေထိုင်ကြတာ ဖြစ်ပါတယ်။

စခန်းမှာ ရပ်ကွက်ခြောက်ခုရှိပြီး ရပ်ကွက်၁ဟာ ပထမဆုံးစတင်ဆောက်လုပ်ခဲ့တဲ့ ရပ်ကွက်ဖြစ်ပြီး အခုနောက်ဆုံး ရပ်ကွက် ၆ ကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

karenni3.jpg
NGO အဖွဲ့တစ်ခုက ကျွေးမွေးသည့် ဆန်ပြုတ်စားနေကြသော စခန်းအမှတ် ၅ မှ ကလေးငယ်တချို့။ (Photo: RFA)

စခန်းတွင်းက စခန်းအမှတ် ၅ မှာတော့ လူတွေ စုဝေးပြီး ချက်ပြုတ်နေတာ တွေ့ရပါတယ်။ NGO အဖွဲ့တစ်ခုက လာရောက်ကျွေးမွေးနေတာပါ။

“ ၁၅ နှစ်အောက် ကလေးတွေအတွက် ဆန်ပြုတ်ကျွေးဖို့ချက်နေတာပါ”

“၁၅ နှစ်အောက်က ဘယ်နှစ်ယောက်လောက် ရှိပါသလဲ”

“၄ဝဝ နည်းနည်းကျော်ပါတယ်ရှင့်”

တစ်ဆက်တည်း ကပ်လျှက်ရှိတဲ့ ရပ်ကွက်မှာတော့ ကလေးတွေ ဆန်ပြုတ်စားနေကြပါပြီ။ အဲ့ဒီကနေ တံတားလေးတစ်ခုကို ကျော်တော့ ကျောင်းသားတစ်ထောင်လောက် တက်နေတဲ့ အထက်တန်းကျောင်းကို ရောက်ရှိပါတယ်။ အခုချိန်ဟာ ကျောင်းပိတ်ချိန်မို့ ကျောင်းသားတွေတော့ မမြင်တွေ့ရပါဘူး။

ကျောင်းကိုသွားတဲ့ လမ်းကနေဆက်သွားတော့ ရွှေ့ပြောင်းဆေးခန်း (Mobile Clinic) ကို ရောက်ပါတယ်။ ဆေးခန်းတာ၀န်ခံ ဆရာမဒေါ်သိုးမိုးနဲ့ စကားပြောခွင့်ရပါတယ်။

“ဆေးခန်းဖွင့်တဲ့ တနင်္လာကနေ သောကြာအထိ တစ်ရက်ကို ပြင်ပလူနာ ၅၀ကျော်နဲ့ အတွင်းလူနာ တစ်ပတ်ကို ငါးယောက်လောက် ရှိပါတယ်”

ဆေးခန်းမှာ ကုလို့မနိုင်ရင်တော့ ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်မြို့က ဆေးရုံကို ပို့ရတဲ့အကြောင်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

အခက်အခဲဆိုတာကတော့ လူသူမနီးတဲ့ တောကြီးခေါင်ခေါင်မှာနေရတော့ အမျိုးပေါင်းကို စုံလို့ပါ။ ဒီအခက်အခဲတွေထဲမှာ စိုးတရွံ့ရွှံ့နဲ့ ကျီးကန်းတောင်းမှောက် ဖြစ်နေရတာကတော့ စစ်ကောင်စီရဲ့လေယာဉ်ပျံလာမှာကို ကြောက်နေရတာလို့ ဆိုပါတယ်။

karenni2.jpg
ဒေါ်နိုးကူးဒုက္ခသည်စခန်းမှ ဗုံးခိုကျင်းတစ်ခုအား ၂ဝ၂၃ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။ (Photo: RFA)

ဒီအခြေအနေကို ရပ်ကွက် ၆ ကိုရောက်တော့ ထင်ထင်ရှားရှားမြင်ရပါတော့တယ်။ ရပ်ကွက် ၆ ဟာ စခန်းကို နောက်ဆုံးမှ ရောက်လာသူတွေကို နေရာချထားတာပါ။ သူတို့ နေဖို့အိမ်ကို ဆောက်နေရသလို ဗုံးခိုကျင်းတူးနေရတာတွေ့ရပါတယ်။

ယောကျ်ားသားတွေက အိမ်ဆောက်နေစဥ် မိန်းမက ဗုံးခိုကျင်းတူးနေတာပါ။ ဒေါ်နိုးကူးစခန်းကို ရောက်တာ တစ်လလောက်သာ ရှိသေးသူ အမည်မဖော်လိုသူ အမျိုးသမီးငယ်လေး ပြောပြကတော့ ဗုံးခိုကျင်းတွေ တူးထားပေမဲ့ လုံခြုံမှုရှိတယ်လို မထင်မိလို့ဆိုပါတယ်။

“လေယာဉ်ပျံသံကြားလို့ ဗုံးခိုကျင်းထဲ တစ်ခါ နှစ်ခါတော့ ဆင်းနေဖူးပါတယ်။ တအားကြောက်တတ်သူတွေအတွက်ကတော့ လုံခြုံမှု ရှိတယ်လို့ မမြင်မိပါဘူး”

ပြီးခဲ့တဲ့ မေလ ၂၂ရက်နေ့ကပဲ ဒုက္ခသည်စခန်းအနီးကို လေယာဉ်တွေ လာဝဲခဲ့ပြီး စခန်းအနီးကို ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ စခန်းကို ထိခိုက်မှုမရှိခဲ့ပေမဲ့ လာပြီးခြိမ်းခြောက်နေတဲ့ပုံ ပေါ်နေတယ်လို့ KNPP အရာရှိတွေက ပြောပါတယ်။

လက်ရှိမှာဒုက္ခသည်စခန်းအတွက် ရိက္ခာသယ်တဲ့လမ်းဟာ ထိုင်းနိုင်ငံဘက်က ဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက နယ်စပ်မှာစစ်ရေးတင်းမာမှုရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိက္ခာသယ်ယူခွင့်ကို ယာယီပိတ်ထားပါတယ်။

ဒုက္ခသည်တွေအနေနဲ့ကတော့ ပြေးစရာလည်းမြေမရှိ ဖြစ်နေရသလို အခုစားစရာ ရိက္ခာအဖြတ်ခံရတဲ့ အခြေအနေကို ရောက်ရတော့မှာလားကို တွေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။