ကျောင်းသားတစ်ယောက် စက်ရုပ်တင့်ကား တီထွင်

2023.03.14
ကျောင်းသားတစ်ယောက် စက်ရုပ်တင့်ကား တီထွင် ကင်းထောက်စက်ရုံတင့်ကား (Sentry Robot Tank) ဟု အမည်ပေးထားသော အဝေးထိန်းကိရိယာနှင့် မောင်းနှင်ရသည့် အသေးစား သေနတ်တင်တင့်ကား။
Citizen Journalist

ဒါကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်လို့ ဒေသခံတိုင်းရင်းသားတွေခေါ်ကြတဲ့ ကယားပြည်နယ်က လွိုင်ကော်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုအောင်ကျော်မြတ် တီထွင်လိုက်တဲ့ ကင်းထောက်စက်ရုပ်တင့်ကား (Sentry Robot Tank) လို့ အမည်ပေးထားတဲ့ အဝေးထိန်းကိရိယာနဲ့ မောင်းနှင်ရတဲ့ အသေးစား သေနတ်တင်တင့်ကား တစ်စီးဖြစ်ပါတယ်။

"ကျွန်တော်တို့က တော်တော်များများက တိုက်ပွဲ (Battle) ဆိုင်ရတာ များတယ်။ တိုက်ပွဲ (battle) ဆိုင်တော့ ထိခိုက်ကျဆုံးမှုက ရှိတယ်ပေါ့ တစ်ချို့နေရာတွေမှာ ဝင်လို့ မရတဲ့ဟာတွေ ရှိတယ် tank တွေပေါ့။ ရှိလာခဲ့ရင် ဆုံးရှုံးနစ်နာမှုတွေ လျော့နည်းသွားမယ်လို့ မြင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီကောင်လေး လုပ်ရင်ကောင်းမယ် ဆိုပြီးတော့ စဉ်းစားပြီးတော့မှ လုပ်ဖြစ်သွားတာပေါ့"

ကိုအောင်ကျော်မြတ်ဟာ လက်ရှိအချိန်မှာ ကယား ကရင်နီပြည်နယ်က စစ်ကောင်စီကို တော်လှန်နေတဲ့ တပ်ဖွဲ့တွေကို နည်းပညာနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးနေသူဖြစ်ပါတယ်။

"ဒီဘက်မှာလည်း အားနည်းချက်တွေ ရှိတော့လေ နည်းပညာပိုင်းက သိပ်ကျွမ်းကျွမ်းကျင်ကျင် ရှိတဲ့သူမရှိဘူးလေ။ကယားမှာ အဲဒီအခါကျတော့ ဒီဘက် နယ်ပယ် (field)ကို ပြန်ကူးလိုက်တာပေါ့။ ကိုယ့်ရဲ့နယ်ပယ် (field) လည်း ဖြစ်တယ်ဆိုတော့"

တစ်စီးကို ကုန်ကျစရိတ် မြန်မာကျပ်ငွေ ၃၅ သိန်းရှိပြီး လက်နက်ငယ်တစ်လက် တင်ဆောင်မယ် ဆိုရင်တော့ သိန်း ၁၀၀ ကျော်လောက် ကျသွားနိုင်တယ်လို့ ပြောပါတယ်။

"၃၅ လောက်ကုန်သွားတယ် ခင်ဗျ။ ဆုံးရှုံးမှုလည်း များတယ်။ ဆုံးရှုံးမှုများတယ်ဆိုတာ ကိုယ်တွေကလည်း ပထမဆုံး first time ဆိုတော့ နည်းပညာပိုင်းကျတော့ ဒီလိုမျိုးအတွေ့အကြုံကလည်း နည်းတော့ သေနတ်ကတော့ ၁ဝဝကျော်လောက် ပေးရတယ် သေနတ်မပါဘူး"

လက်ရှိအချိန်မှာတော့ စစ်မြေပြင်မှာ မသုံးနိုင်သေးဘဲ စမ်းသပ်နေတဲ့ အချိန်ဖြစ်ပြီး ပစ်မှတ်ကို ၈၀ ရာခိုင်နှုန်းလောက် အထိ အဝေးထိန်းစနစ်နဲ့ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအပိုင်းကို စမ်းသပ်ပြီးပေမယ့် ကြံ့ခိုင်မှုအပိုင်းကို စမ်းသပ်ဖို့ ကျန်နေသေးတယ်လို့ သူကပြောပါတယ်။

"ကျွန်တော်တို့က အခုမှ စမ်းသပ်နေတုန်ပဲ ရှိသေးတယ်။ တိကျမှုကတော့ အားရတယ်။ စပစ်တည်းကနေပြီးတော့ ပစ်မှတ်နဲ့သိပ်မဝေးဘူး သိပ်မကွာဘူး။ တစ်တောင် နှစ်တောင်ပဲ ဒါစပစ်တဲ့အချိန်ပေါ့နော်။ ကြံ့ခိုင်မှုအပိုင်းကတော့ ကျွန်တော်တို့ မစမ်းရသေးဘူး။ အခုမှ စမ်းခါစလေးပဲ ရှိသေးတာပေါ့ မြေပြင်စသုံးမယ့်အချိန်အထိ ရောက်အောင်တော့ စမ်းရဦးမယ်။ မစမ်းသပ်ဘဲနဲ့ သွားသုံးလိုက်ရင် တိုက်ပွဲအခြေအနေအတွင်းမှာဆို ဆုံးရှုံးမှုများမယ်"

နယ်မြေတည်ငြိမ်မှုမရှိတာ၊ ငွေကြေးလိုအပ်ချက်တွေနဲ့ လိုအပ်တဲ့ ပစ္စည်းမှာယူရတာတွေ ခက်ခဲတာကြောင့် အချိန် ခြောက်လကြာမြင့်ပေမယ့် ငွေကြေးနဲ့ လိုအပ်ချက်ပစ္စည်းတွေ မြန်မြန်မှာယူနိုင်မယ်ဆိုရင်တော့ တစ်လကို တစ်စီးလောက် ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ကိုအောင်ကျော်မြတ်က ပြောပါတယ်။

"စလုပ်တာကနေဆို ခြောက်လ အဲ့ဒီမှာက အခက်အခဲတွေ ရှိတယ် အခက်အခဲတွေက ပစ္စည်းကြန့်ကြာတဲ့ အခက်အခဲတွေ တစ်ချို့ဟာတွေကမှာလို့ မရဘူး ပစ္စည်းတွေဘာတွေ ရှိရင်တော့ တစ်လလောက်နဲ့လည်း ပြီးသွားပေါ့"

ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေကို လေ့လာနေပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို ကူညီနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ငွေကြေးထောက်ပံ့မှုနဲ့ နည်းပညာတတ်ကျွမ်းသူတွေ စုပေါင်းလုပ်ဆောင်မယ်ဆိုရင် ဒုံးတင်ဆောင်ပြီး ပစ်ခတ်လို့ရတဲ့ အဝေးထိန်းတင့်ကားအသေးစားတွေ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။