ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားများ
2025.01.06

မြန်မာပြည်ဖွား တိုင်းရင်းသားတွေဖြစ်တဲ့ ကယားပြည်နယ် (ကရင်နီ) က ကယန်းလူမျိုးတွေဟာ အိမ်နီးချင်း၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလည်း အများအပြား ရှိနေပါတယ်။
အဲဒီနေရာကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့နဲ့ တစ်နာရီခရီးသာ ဝေးတဲ့ မဲ့သိန်ရွာထဲက မြန်မာပြည်ဖွား တိုင်းရင်းတွေ စုပေါင်းနေထိုင်ကြတဲ့ ရွာလေးပါ။
ဒီရွာလေးမှာ အိမ်ထောင်စု ၂၄ စုရှိပြီးတော့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေဖြစ်တဲ့ ကယန်းလူမျိုး အိမ်ထောင်စု ၁၄ စု၊ ကယောလူမျိုး ငါးအိမ်ထောင်စု၊ ပလောင်လူမျိုး တစ်အိမ်ထောင်စု၊ လီဆူလူမျိုး အိမ်ထောင်စု နှစ်စုနဲ့ အခါလူမျိုး အိမ်ထောင်စု နှစ်စုတို့ စုပေါင်းနေကြတာပါ။
တစ်အိမ်ထောင်မှာ လူဦးရေ ငါးဦး အနည်းဆုံး နေထိုင်ကြတယ်လို့ ဆိုပါတယ်။
“ထိုင်းနိုင်ငံမှာနေပေမဲ့ ရိုးရာယဥ်ကျေးမှုအတိုင်း ပြုမှုနေထိုင်ပြီးတော့ တစ်ခါတစ်ရံ မြန်မာပြည်ကို လွမ်းပါတယ်”
အသက် ၄၈ နှစ်အရွယ် ဒေါ်မူလိကတော့ မြန်မာပြည်မှာနေရတာ ဆင်းရဲကျပ်တည်းတဲ့အတွက် လွန်ခဲ့တဲ့ ၂၈ နှစ်ထဲက ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်တဲ့ ကယန်းလူမျိုး ဖြစ်ပါတယ်။
“ဘာလဲ ဗမာပြည်မှာနေတုန်းကဆို လယ်လည်း မရှိ၊ တောင်ယာလည်း မရှိ၊ အိမ်ထောင်ခွဲတယ်ဆို တအားဒုက္ခရောက်တယ်။ ထိုင်းနိုင်ငံမှာပဲ လာနေတာ။ ထိုင်းနိုင်ငံမှာ လာနေတော့ ပိုက်ဆံက ဈေးနည်းနည်း ရောင်းရတယ်။ ပိုက်ဆံစု အိမ်ကွက် ပြန်ဝယ်၊ လယ်ပြန်ဝယ် ဗမာပြည်မှာ၊ အခုလို စုလို့မရဘူး”
သူတို့ အိမ်ထောင်စု ၂၄ စု အတွက် ထိုင်းသူဌေးတစ်ဦးက သူ့မြေပေါ်မှာ အိမ်တွေဆောက်ပြီး အခမဲ့ နေထိုင်ခွင့် ပေးထားတဲ့အပြင် အိမ်ထောင်စုတစ်စုကို လစဥ် ထိုင်းဘတ်ငွေ ၁၅၀၀ ထောက်ပံ့တယ်လို့ ပြောပါတယ်။ ဒီတိုင်းရင်းသားတွေကိုကြည့်ဖို့ ရွာကို လာလည်တဲ့သူတွေကိုတော့ ထိုင်းသူဌေးက တစ်ဦးကို ဝင်ကြေး ဘတ်သုံးရာ ကောက်ခံပါတယ်။
အဲဒီရွာလေးရဲ့ အနီးပတ်ဝန်းကျင်မှာ မဲ့သိန်ဆင်စခန်းတွေလည်း ရှိတဲ့အတွက် အဲဒီကိုလာတဲ့ ဧည့်သည်တွေအပေါ် မှီခိုပြီး ရွာထဲမှာနေထိုင်တဲ့ တိုင်းရင်းသားတွေက ရိုးရာလက်ယက်ကန်းထည်တွေ၊ လက်မှုပစ္စည်းတွေနဲ့ အမှတ်တရ လက်ဆောင်တွေ ရောင်းချကြပါတယ်။ အဲဒီက ရတဲ့ငွေကတော့ သူတို့အတွက် ကိုယ်ပိုင်ဝင်ငွေ ဖြစ်တယ်လို့ ဒေါ်မူလိက ပြောပါတယ်။
ဒေါ်မူလိဟာ မြန်မာပြည်မှာရှိစဥ်က အတန်းပညာ မသင်ခဲ့ရပေမဲ့ ခုတော့ ဘာသာစကားငါးမျိုး ပြောတတ်တယ်လို့ ဆိုပါတယ်။
“အင်္ဂလိပ်၊ တရုတ်၊ ဗမာ၊ ထိုင်းနဲ့ ကယန်းစကားပေါ့။ ငါးမျိုးပေါ့။ ရေးမတတ်၊ ဖတ်မတတ်ဘူး။ စာလည်း မသိဘူး။ စကားပဲ နည်းနည်း တတ်တယ်”
ဒေါ်မူလိဟာ ခင်ပွန်းဖြစ်သူ၊ သားသုံးဦးတို့နဲ့အတူ နေထိုင်ပါတယ်။ သမီးကတော့ ဘန်ကောက်မြို့မှာ ကျောင်းတက်နေတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာနေပေမဲ့ ရိုးရာယဥ်ကျေးမှုအတိုင်း ပြုမှုနေထိုင်ပြီးတော့ တစ်ခါတစ်ရံ မြန်မာပြည်ကို လွမ်းတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေး အခြေအနေကောင်းစဥ်က ပြန်လည်ပတ်ဖြစ်ပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ ဆိုးဝါးနေတာကြောင့် မပြန်ရဲတာ ငါးနှစ်ကျော်ရှိပြီလို့ ပြောပါတယ်။
“ဟေ့ ဘာလဲ ဒီနားမှာ ဗုံးမှန်တယ်။ ပြုတ်ကျတယ်။ တအား ကြောက်တယ်။ အဲဒီလိုမျိုး ပြောတယ်။ စိတ်လည်း ပူတယ်။ အခြေအနေကောင်းလားဆို သူပြောဆို ဝမ်းသာပါတယ်။ အခြေအနေ မကောင်းဘူးဆို သတိရတယ်”
ဆက်နွှယ်သောသတင်းများ
ထိုင်းနိုင်ငံရောက် ကယောလူမျိုး ဆင်ထိန်း
မြန်မာနဲ့ ထိုင်းတို့ရဲ့ကထိန်ပွဲ မဲဆောက်မြို့မှာကျင်းပ
ချင်းမိုင်က ရေဘေးသင့်သူတွေကို ကူညီနေတဲ့ မြန်မာ ပရဟိတအဖွဲ့
ဒေါ်မူလိ လိုပဲ ကယန်းတိုင်းရင်းသူ တစ်ဦးဖြစ်တဲ့ မမူပလိကတော့ အသက် ၁၅ နှစ်အရွယ်ကတည်းက ထိုင်းနိုင်ငံကိုရောက်တာ အခုဆိုရင် အသက် ၃၀ ရှိနေပါပြီ။
သူဟာ မဲသိန်ရွာလေးထဲမှာပဲ ခင်ပွန်း၊ သမီးတစ်ယောက်နဲ့ သားနှစ်ယောက်နဲ့ အတူနေထိုင်ပါတယ်။ သူရဲ့ သားသမီးတွေက ကျောင်းတက်နိုင်ပေမဲ့ သူရဲ့မွေးရပ်မြေက ဆွေမျိုးသားချင်းတွေရဲ့ သားသမီးတွေ ကျောင်းလည်း မတက်နိုင်သလို တက်စရာကျောင်း မရှိတဲ့အတွက် မိဘချင်း ကိုယ်ချင်းစာမိတယ်လို့ ပြောပါတယ်။
ကယားပြည်နယ်က ဆွေမျိုးတွေနဲ့ အဆက်အသွယ်ရတိုင်း သူပြန်ကြားရတာတွေကလည်း သူ့ကို စိတ်ပူစေတယ်လို့ ဆိုပါတယ်။
“သူတို့ပြောဆိုရင် ဗုံးလည်း ကျတယ်။ သေနတ်သံလည်း ကြားတယ်။ နေလို့မပျော်ဘူး အဲဒီလိုပြောတယ်။ အစားအသောက်လည်း အဆင်မပြေဘူး။ ဈေးလည်း တက်လာတယ်။ ဆီနဲ့ဆန်ဝယ်ဆို ဈေးအကုန်လုံး တက်လာတယ်။ သူတို့ အဲဒီလိုပြောတယ်”
မြန်မာပြည် ငြိမ်းချမ်းဖို့ အမြဲဆုတောင်းနေကြသလို အခွင့်အခါ သင့်တဲ့အခါ မြန်မာပြည်ကို ပြန်ချင်ကြတယ်လို့ ဒေါ်မူလိနဲ့ မမူပလိတို့နှစ်ယောက်လုံးက ပြောပါတယ်။
တိုင်းတစ်ပါးမှာ နေထိုင်ရပေမဲ့ ကိုယ့်ရိုးရာအတိုင်း နေထိုင်ကြတဲ့ သူတို့ရဲ့ရွာလေးကိုလည်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ကြပါတယ်ရှင်။