ရန်ကုန်မြို့က ပိုင်ရှင်မဲ့ခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်သူ

RFA Burmese
2024.11.15
ရန်ကုန်မြို့က ပိုင်ရှင်မဲ့ခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်သူ ရန်ကုန်မြို့တွင် ပိုင်ရှင်မဲ့ ခွေးလေးများကို ကျွေးမွေးစောင့်ရှောက်နေသည့် မဆုမွန်မေကြည်ဝင်းအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရန်ကုန်တိုင်း ၁၂ မြို့နယ်က ပိုင်ရှင်မဲ့ခွေးတွေကို တိရစ္ဆာန်ချစ်သူတွေရဲ့ အကူအညီနဲ့ တစ်ရက်မပျက် ကိုယ်ပိုင်ကားနဲ့ အစာလိုက်ကျွေးနေပြီး ရောဂါရှိတဲ့ ခွေးတွေကိုလည်း ဆေးကုပေးနေတဲ့ အမျိုးသမီး တစ်ဦး ရှိနေပါတယ်။

“နေ့စဥ်နဲ့အမျှ ကျွေးပါတယ်။ တစ်ရက်မှမနားဘဲ တစ်နေ့ကို နေ့တစ်ခါ ညတစ်ခါ တစ်နေ့ နှစ်ကြိမ် ကျွေးခဲ့တာပါ။ ၁၅ ပြည်၊ ၁၆ ပြည် အဲဒီလောက်အထိ ကျွေးပေးပါတယ်။ မအားတဲ့နေ့ဆို ရှစ်ပြည် ကိုးပြည်အထိ ကျွေးပေးပါတယ်။ အခုလိုမျိုး တစ်ရက်မပျက် ကျွေးလာတာ နှစ်နှစ်တိတိ ရှိသွားပါပြီရှင်”

ရန်ကုန်မြို့က ပိုင်ရှင်မဲ့ ခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်နေတဲ့ အသက် ၄၀ အရွယ် မဆုမွန်မေကြည်ဝင်း ပြောပြနေတာပါ။ သူက ၂၀၂၂ ခုနှစ် အောက်တိုဘာလောက်ကစပြီး အခုအချိန်အထိ တစ်ရက်မှမပျက်ဘဲ လုပ်နေတာပါ။

“တချို့ရပ်ကွက်တွေက ဒီလိုကျွေးတာ လက်မခံတဲ့အတွက် ညသန်းခေါင်ကျော်တွေမှာသွားပြီး ကျွေးဖြစ်ပါတယ်”

စမ်းချောင်းမြို့နယ်၊ ဂန္ဓမာလမ်းမှာနေတဲ့ မဆုမွန်မေကြည်ဝင်းဟာ ပထမ စလုပ်တဲ့နှစ်မှာ သူ့ရဲ့ ကားဝန်ဆောင်မှုလုပ်ငန်းက ဝင်ငွေနဲ့ ကျွေးမွေးခဲ့ပါတယ်။ ဒုတိယနှစ်မှာတော့ သူ့လို တိရစ္ဆာန်ချစ်သူတွေရဲ့ အားပေးကူညီတဲ့အလှူငွေပါ ရလာပါတယ်။

ခွေးလေးတွေ စားဖို့ ဧည့်မထဆန်၊ မနောသုခဆန်ကို ချက်ပါတယ်။ ပြီးတော့ ကြက်ခေါင်းတွေနဲ့ ကြက်ရိုးတွေ ပြုတ်ထားတဲ့ဟင်းနဲ့ နယ်ဖတ်ကျွေးတာပါ။

“အင်ဂျင်စက်သံကို သူတို့ ဦးနှောက်ထဲမှာ မှတ်ထားတယ် ထင်တယ်ပေါ့နော်။ အကုန်လုံးပြေးပြီး ဝိုင်းလာကြတာပေါ့။ ကားရှေ့မှာ ပတ်ပတ်လည်ဝိုင်းပြီး ပြေးနေကြတာ ခွေးလေးတွေက။ ကျွန်မက ဒီလိုမျိုး ပင်ပန်းခံပြီး မကျွေးလို့ရှိရင် ခွေးလေးတွေက ဆာလောင်ပြီးတော့ ကျွန်မကို မျှော်နေကြတာပေါ့နော်။ အဲဒါကိုတွေးပြီး တစ်နေ့ မကျွေးရရင် မနေနိုင်ဖြစ်နေတာ”

ရန်ကုန်မြို့တွင် ပိုင်ရှင်မဲ့ ခွေးလေးများကို ကျွေးမွေးစောင့်ရှောက်နေသည့် မဆုမွန်မေကြည်ဝင်းအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဥ်။
ရန်ကုန်မြို့တွင် ပိုင်ရှင်မဲ့ ခွေးလေးများကို ကျွေးမွေးစောင့်ရှောက်နေသည့် မဆုမွန်မေကြည်ဝင်းအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဥ်။

သူ လိုက်ကျွေးနေတာ ရန်ကုန်တိုင်းမှာ ၁၂ မြို့နယ် ရှိပါတယ်။ တချို့ရပ်ကွက်တွေက ဒီလိုကျွေးတာ လက်မခံတဲ့အတွက် ညသန်းခေါင်ကျော်တွေမှာသွားပြီး ကျွေးဖြစ်တယ်လို့ မဆုမွန်မေကြည်ဝင်းက ပြောပါတယ်။

“နေ့လယ်ဘက်ဆိုရင် လူတွေက ဒီနား လာမကျွေးနဲ့ သွားသွား၊ အဲဒီလိုမျိုး မောင်းထုတ်တဲ့သူတွေရှိတာပေါ့နော်။ ခွေးကိုကျွေးတာ မကြိုက်တဲ့သူကတော့ အနည်းနဲ့အများ ရှိပါတယ်။ ရှိတဲ့အခါကျတော့ လူတွေအိပ်ချိန် ည သုံးနာရီ၊ လေးနာရီအထိ ကျွေးပေးပါတယ်”

မြို့ထဲက ခွေးလေးတွေရဲ့ဘဝနဲ့ မြို့ပြင်ဆင်ခြေဖုံးက ခွေးလေးတွေရဲ့ဘဝတောင် မတူဘူးလို့ ပြောပြပါတယ်။ အခုနှစ်နှစ်အတွင်းမှာ ဆရာဝန်ပြပြီး ခွေးမလေးတွေကို သားအိမ် ထုတ်ပေးတာ၊ အထီးတွေကို သင်းကွပ်ပေးတာ၊ ရောဂါအနာ ရှိတဲ့ခွေးတွေကို ကုပေးတာ စုစုပေါင်း အကောင်တစ်ရာကျော် ရှိနေပါပြီ။


ဆက်နွှယ်သောသတင်းများ

လေလွင့်ခွေးတွေကို မသတ်ဖို့ ဆန္ဒပြ

မော်လမြိုင်မြို့က ခွေးစောင့်ရှောက်ရေးဂေဟာ

ပဲခူးမှာ လူလေးဆယ်ကျော် ခွေးရူးအကိုက်ခံရ


သူ့လို လုပ်နိုင်တဲ့သူ ရှားတယ်လို့ လှိုင်မြို့နယ်က မဝေဝေထွန်းက ပြောပါတယ်။

“သူ့ရဲ့ တိရစ္ဆာန်လေးတွေအပေါ် ထားတဲ့စိတ်ရယ်၊ လုပ်နိုင်စွမ်းရယ်ပေါ့နော်။ တော်ရုံတန်ရုံလူ လိုက်မလုပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မက စပြီးကျွေးကတည်းက သူ့ရဲ့ငွေအင်အားတွေ အချိန်တွေ စိုက်ပြီး ကျွေးခဲ့တယ်။ အခု အလှူရှင်တွေရပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးကျွေးပေးတယ်။ အချိန်တွေပေးတယ်။ တစ်နေ့တစ်နေ့ သူ့ရဲ့ကျွေးနိုင်တဲ့အားကိုလည်း တော်ရုံလူ မလိုက်နိုင်ဘူး။ ဆေးတွေလည်း ကုပေးတယ်”

ဆန်တစ်ပြည်ကို ကြက်ခေါင်း တစ်ပိဿာနှုန်းနဲ့ ဆန် ၁၅ ပြည်ဆို ကြက်ခေါင်း ၁၅ ပိဿာနှုန်းနဲ့ ကျွေးနေပြီး ကျန်းမာနေသမျှ လုပ်နေမယ်လို့လည်း သူက သန္နိဋ္ဌာန်ချထားပါတယ်ရှင်။

“ကျန်းမာသန်စွမ်းသရွေ့ ကျွန်မကို တိချစ်သူလေးတွေက ယုံကြည်ပြီးတော့ ဝိုင်းလှူပေးနေသ၍ ကျွေးပေးသွားမှာပါရှင့်”

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
တရုတ်မယားအဖြစ် ရောင်းစားခံရသူတစ်ယောက်အကြောင်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။