စစ်အတွင်းသေဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင်လူငယ်များ
2024.11.04
အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ် (ကယားပြည်နယ်)ထဲ စစ်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် မိသားစုဝင်တော်တော်များများ တစ်ယောက်မဟုတ် တစ်ယောက် ဆုံးရှုံးကြရပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့တစ်နေရာက ဒီလျှို့ဝှက်သချိုင်းမှာတော့ အုတ်ဂူပေါင်း ၂ဝဝ လောက်ရှိနေပါပြီ။ ကွယ်လွန်သွားတဲ့သူတွေအတွက် ကျန်ရစ်တဲ့ မိသားစုတွေ မိတ်ဆွေ သူငယ်ချင်းတွေက ဆုတောင်းမေတ္တာပို့ကြခဲ့ကြပါတယ်။
သေဆုံးသွားသူ အများစုဟာ လူငယ်လူရွယ်တွေ၊ စစ်ကောင်စီကို လက်နက်ကိုင်ပြန်လည်ခုခံရင်း သေဆုံးသွားတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ကတရီးနား တစ်ယောက်လည်း သူ့ရဲ့သေဆုံးသွားတဲ့ သားငယ် သောမတ်အတွက် ငိုကြွေးပူဆွေးနေပါတယ်။
သောမတ်ဟာ မိသားစုကို လုပ်ကျွေးနေသူဖြစ်ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ KNDF ထဲဝင်ပြီး လက်နက်ကိုင်ခဲ့သူပါ။ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် သောမတ်သေဆုံးသွားတာဖြစ်ပြီး၊ ကတရီးနားတို့မိသားစုအတွက်တော့ လုပ်ကိုင်ကျွေးမွေးမဲ့ သားတစ်ယောက်ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။
ကတရီးနားလိုပဲ နောက်ထပ်ငိုကြွေးနေသူတစ်ယောက်ကတော့ အသက် ၂၉ နှစ်အရွယ် ဂျိုးဇက်ဖင်းပါ။ သူ့ရဲ့ ယောကျာ်းကတော့ KNDF တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်ရင်း တိုက်ပွဲမှာ သေဆုံးသွားတာပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်သွားတဲ့ ဂျိုးဇက်ဖင်းမှာ အသက် ငါးနှစ်ပြည့်တော့မဲ့ သားလေးတစ်ယောက်ကျန်ပါတယ်။ ယောကျာ်းမရှိတော့တဲ့ မိန်းမတစ်ယောက်အတွက် ရုန်းကန်လှုပ်ရှားရတာ မလွယ်ဘူးဆိုပေမဲ့ ယောကျာ်းဖြစ်သူဟာ စစ်အာဏာရှင်ကို တိုက်ခိုက်ရင်း အသက်ပေးသွားတဲ့အပေါ် ဂုဏ်ယူနေတယ်လို့ သူက RFA ကို ပြောပါတယ်။
ကျန်ရစ်သူ မိသားစုတွေကို စိတ်သက်သာရာရစေဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သီချင်းတွေဆိုပြီး ဝိုင်းဆုတောင်းပေးကြပါတယ်။
ကယားပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ KNDF တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် သုံးနှစ်ကျော်ပါပြီ။ ဒီကာလအတွင်း စစ်တပ်ဘက်ကရော KNDF ဘက်ကပါ အကျအဆုံးကြီးပါတယ်။
ဆက်နွှယ်သောသတင်းများ
ရေဘေးသင့် ကရင်နီဒေသခံ သုံးသောင်းနီးပါး အကူအညီလိုနေကြောင်း IEC ထုတ်ပြန်
စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တောင်းဆို
အာဏာသိမ်းကာလအတွင်း ကရင်နီဒေသမှာ အရပ်သား ၆၇၀ နီးပါးသေဆုံး
စစ်တပ်ဘက်က ဘယ်လောက်သေဆုံးတယ်ဆိုတာထုတ်မပြောပေမဲ့ KNDF ကတော့ တိုက်ပွဲတစ်လျှောက်လုံးမှာ KNDF တပ်ဖွဲ့ဝင် ၄ဝဝ လောက် သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ နောက်ထပ်လေကြောင်းသုံးတိုက်ခိုက်ခံရလို့ သေဆုံးရတဲ့အရပ်သားတွေလည်း ရှိပါသေးတယ်။
ဒီလျှို့ဝှက်သင်္ချိုင်းမှာတော့ အုတ်ဂူတွေက တစ်ခုနဲ့တစ်ခု အတော်လေးနီးနီးကပ်ကပ်ရှိနေပြီး ရာသီဥတုဒဏ် ခံနိုင်အောင်လည်း လုပ်ထားပါတယ်။
ဂူတွေပေါ်မှာတော့ စစ်ယူနီဖောင်းဝတ်ပြီး ရိုက်ကူးထားတဲ့ ကွယ်လွန်သူရဲ့ ရုပ်ပုံနဲ့ သေဆုံးနေ့စွဲတွေ မှတ်တမ်းတင်ကျန်ရစ်ပါတယ်။
(RFA အင်္ဂလိပ်ဌာန၏ သတင်းဆောင်းပါးအား စောဖိုးခွား ဘာသာပြန်တင်ဆက်သည်။)